Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂)

၁။ ဆရာမင်္ဂလာပါ။ ကျွန်မအသက် ၃၆ပါ။ ကလေးမွေးထားတာ ၅ရက်ပဲရှိပါသေးတယ်။ အစားအစာ အစုံစားလို့ရပါသလား။ ယောက္ခမက ငါးကြော်နဲ့ ဟင်းခါး ၂မျိုး ပဲ တည့်တယ်လို့ပြောပါတယ်။ အဲ့ဒါစားတာ သွေးတိုးနေလို့ တခြားဟာပြောင်း စားမယ်ဆိုတာ မတည့်လို့မစားခိုင်းဘူး။ ကလေးနို့လည်းတိုက်ပါတယ်။

ယောက္ခမနဲ့ ရန်တိုက်ပေးရတာ မကြာခဏ။ ဆောရီး။ ရန်တော့ မဖြစ်ကြနဲ့။ ကျွန်တော်ကတော့ အဆိပ်နဲ့ အရက်ကလွဲရင် စားတာစားပါလို့ ပြောချင်တယ်။

၂။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မအသက် ၂၆နှစ်ပါ။ မုံရွာကပါရှင့်။ သက်ဦးကလေးမွေးထားတာ၂လ ၇ ရက် ရှိပါပြီရှင်။
မွေးတုန်းက ၇ ပေါင် ၄ အောင်စရှိပါတယ်ရှင့်။ အခု ကလေးက ၈ပေါင် ၈အောင်စပဲရှိသေးတယ်။ ဝိတ်သိပ်မတက်တာ စိုးရိမ်ရလားရှင့်။ မိခင်နို့ကလည်းအထွက်နည်းပါတယ်ရှင်။့ အစားအသောက်လည်း မရှောင်ပါဘူးရှင်။ မိခင်နို့ရည် ပေါများအောင် ဆေးသောက်ရလားရှင့်။ မိခင်နို့ရည်ကျဲတာက မကောင်းဘူးဆိုတာဟုတ်လားရှင့်။ မိခင်နို့ရည်ကျဲလို့ ကလေးအထွားနှေးတာ အဝနည်းတာလို့ ပြောနေကြလို့ပါရှင်။

1. မျှတလုံလောက်အောင်စားသောက်ပါ
မိခင်နို့ဆိုတာအင်မတန် အံ့သြလောက်အောင် ကောင်းမွန်တယ်။ နို့တိုက်မိခင်ကအစားအစာမစားတတ်၊ မစားနိုင်တာတောင်မှ မိခင်နို့ဟာကလေးအတွက်ဆိုရင် လိုတာအကုန်ရအာဟာရဓါတ် ပြည့်စုံနေတယ်။ ဒါပေမဲ့ ကလေးအမေဟာ အစားအစာကိုကျန်းမာရေးနဲ့ ညီညွတ်အောင်မစားရင် နို့ရဲ့ အရည်အသွေးကျဆင်းနေလိမ့်မယ်။ မအေနို့ကြောင့် ကလေးကို ဘာမှမဖြစ်စေဘို့ များပေမဲ့ အဲလိုအာဟာရမပြည့်ဝရင် မအေကိုထိခိုက်စေမယ်။ တနေ့တာလိုအပ်ချက် ပြည်မီအောင်မစားရင် သိုလှောင်ထားတာတွေကိုထုတ်သုံးမယ်။ ဒါတွေပါ ကုန်သွားရင် မိခင်ကျန်းမာရေးချို့ယွင်းလာတော့မယ်။ အင်အားနည်းမယ်။ ကလေးကို နို့တိုက်နေရချိန်ကာလမိခင်တွေမှာခါတိုင်းထက် ဆာနေမယ်။ ခဏခဏစားချင်နေမယ်။ ဒါကကောင်းတဲ့ အချက်ဖြစ်တယ်။ စားပေးရမယ်။

2. ကယ်လိုရီတွေ တွက်မနေပါနဲ့
ကလေးနို့တိုက်နေချိန်န်မှာအရင်ကထက် ကယ်လိုရီ ၂ဝဝ ကနေ ၅ဝဝ ပိုလိုမယ်။ ပေါင်းလိုက်ရင် တနေ့မှာ ၂ဝဝဝ ကနေ ၂၇ဝဝ အထိလိုမယ်။ တွက်ချက်မနေဘဲဆာရင်စားလိုက်ပါဆိုတဲ့ ဥပဒေသကိုလိုက်နာသင့်တယ်။

3. ကိုယ်အလေးချိန်ကိုတဖြေးဖြေးချင်းနည်းနည်းချင်းလျှောချရေးဦးတည်ပါ
တချို့မိခင်တွေ ကလေးနို့တိုက်နေချိန် ပိန်လာတယ်။ တချို့က တယောက်မွေးတိုင်းတခါ ဝလာတယ်။ တယောက်နဲ့ တယောက်မတူကြပါ။ ပိုမဝချင်တာအတွက် အနည်းဆုံးကလေး ၂ လရတဲ့အထိကိုယ်အလေးချိန် ချဘို့ မစဉ်းစားပါနဲ့အုံး။ (ကယ်လိုရီ) လျော့ရင် ကိုယ့်အတွက်ရောကလေးအတွက်ပါ မကောင်းဘူး။

4. ကိုယ့်ကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ညီတဲ့ အစားအစာမျိုးစုံပါစေ
အစားဆိုတာအမျိုးစုံရမယ်၊ မျှတမှုရှိရမယ်။ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေ ပါနေရမယ်။ ဖြူဖွေးသွားအောင် ချွတ်မထားတဲ့ အစေ့အဆံတွေ၊ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေ ပါနေရမယ်။ နေ့တိုင်း ဒါမျိုးချည်း စားနေရတာမဟုတ်ဘဲ ဒီအစားအစာအုပ်စုတွေထဲကပါတာတွေ စုံအောင် ပြောင်းပြီးစားရမယ်။

5. ဆီ-အဆီကိုကောင်းတဲ့ အမျိုးအစားရွေးစားပါ
ပန်းနှမ်းဆီ၊ သံလွင်ဆီ၊ ဆော်လမွန်ငါး၊ ထောပတ်သီး၊ အစေ့အဆံတွေ ကောင်းတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေလို့ သတ်မှတ်တယ်။ Saturated fats အဆီအမျိုးအစားနဲ့ Trans fats တွေကိုတတ်နိုင်သလောက် ရှောင်ရမယ်။ အဆီများတဲ့ အသားတွေ၊ အဆီထုတ်မထားတဲ့ နွားနို့၊ စားအုံးဆီ၊ ထောပတ်တွေထဲမှာပါတယ်။ ခေတ်ပေါ် ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ အစားအစာဥပမာ (ဘာဂါ)၊ အာလူးချောင်းကျော်၊ ကြက်ကျော်၊ (ပီဇာ) တွေ မသင့်ပါ။ အဆီပါ စားစရာတွေတိုင်းကို အာဟာရကိန်းဂဏန်းဘယ်လောက် ပါတယ်ဆိုတာဖေါ်ပြရမယ်လို့ သတ်မှတ်ထားလို့ ဖတ်ကြည့်နိုင်ပါတယ်။ အဆီအမျိုးအစားကြောင့် မိခင်ရောသူ့နို့ကိုပါ သက်ရောက်စေတယ်။ အဆီမကောင်းတာမျိုးက အိုမီဂါ-သရီးတွေ ထုတ်လုပ်မှာကိုတားဆီးစေလို့ ကလေးဖွံ့ထွားမှုအတွက် လိုအပ်တာကိုနည်းစေတယ်။ LDL အမျိုးအစားကိုမကောင်းတဲ့ကိုလက်စထောခေါ်ပြီး HDL ကိုကောင်းတဲ့ ကိုလက်စထောခေါ်တယ်။

6. ကူးစက်ပိုးတွေ ပါမနေအောင် အထူးဂရုစိုက်ပေးပါ
ပိုးသတ်ဆေးတွေအပြင် ဓါတုဆေးတွေ မပါတာကောင်းတယ်။ အစားကိုအမျိုးစုံအောင် စားရမယ်ဆိုတာအာဟာရ ပြည့်ဝစေဘို့သာမကာဘူး၊ တမျိုး နှစ်မျိုးထဲစားလို့ အဲဒါထဲမှာမသင့်တာတွေပါနေရင် အရေအတွက်များပြီးအဆိပ်သင့်တာ ဖြစ်လာနိုင်တယ်။ ရာသီအလိုက် ထွက်တာတွေ စားသုံးပါ။ ကိုယ့်အနီးအနားဒေသကထွက်တာတွေ ဝယ်ပါ။ အဝေးကနေလာတာမျိုးကထုပ်ပိုး၊ သယ်ပို့၊ သိုလှောင်တာမှာတခုခုမှားနိုင်တယ်။

7. အဆီနည်းအသားဝယ်ပါ။ မချက်ခင် အရေခွံနဲ့ အဆီထုတ်ပြစ်ပါ
ငါးစားပါ။ ပရိုတင်းဓါတ်ကိုအသားနဲ့ ငါးတွေကနေရတာများတယ်။ ဒါပေမဲ့ ရွေးစားသင့်တယ်။ ငါးကိုစားသုံးတာ နှလုံးအတွက်ကောင်းတယ်။

8. ရေ-အရည် များများသောက်ပါ
ကေဖင်းလျှော့သောက်ပါ။ အရက် မသင့်ပါ။ အရက်သောက်မိခင်ရဲ့နို့ထဲမှာအရက်လဲပါနေမယ်။ အရက်သောက်လိုက်ရင် ကိုယ်ထဲမှာ ၂-၃-၄ နာရီအထိရှိနေမယ်။ လူတယောက် တနေ့ ရေ ဂ ခွက်လိုပေမဲ့ နို့တိုက်မိခင်က ၁၆ ခွက်လောက် လိုအပ်တယ်။ စားတာတွေထဲကနေရတာကိုလဲထည့်တွက်ရမယ်။

9. ကိုယ်ကြိုက်တတ်တဲ့ အမွှေး-အနံ့ ရွေးနိုင်ပါတယ်
မအေကဘာတွေစားနေနေအစပ်စားလဲကလေးကမမှုပါ။ အမျိုးစုံ၊ အနံ့စုံကိုလဲကလေးကလက်ခံနိုင်တယ်။ လူရဲ့ သဘောကအမယ်စုံတာကြိုက်တယ်။ တမျိုးတည်းတသမတ်တည်းကို ငြီးငွေ့တယ်။ ကလေးလဲအဲလိုပါဘဲ။

10. ဗီတာမင်သောက်ဆေး သောက်ပါ။
Prenatal vitamin ကိုယ်ဝန်ဆောင်တုံးကသောက်ခဲ့တာကိုအနည်းဆုံးကလေးတလရှိတဲ့အထိဆက်သောက်ပါ။ ဒိနောက်မှာပြောင်းနိုင်တယ်။ Calcium (ကယ်လ်စီယမ်)၊ Vitamin D (ဗီတာမင် ဒီ) နဲ့ Omega-3 fatty (အိုမီဂါ-သရီး) တွေ ပါစေရမယ်။

Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး