Chickenpox prevention ရေကျောက်ဘယ်လို ကာကွယ်မလဲ


၁။ မင်္ဂလာပါ ကျမက ၁၂လခွဲသမီးလေးရဲ့အမေပါရှင့် ပြီးခဲ့ ၄ ရက်နေ့ မတ်လ ၂၀၁၈ ညနေ ၆နာရီခွဲမှာ သမီးလေးကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကလေးဆရာဝန်နဲ့ ရေကျောက်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ် ထိုးပြီး၂ရက်အကြာမှာ မြန်မာပြည်ကို ပြန်လာလိုက်တယ် ဒီနေ့ ၁၁ရက်နေ့ဆိုရင် တပတ်ရှိပါပြီ ဒီနေ့ သမီးလေးရဲ့ကျောမှာရော ခြေထောက်မှာရော အနီဖု အရည်ကြည်လိုမျိုး ၆လုံး ၇လုံး ထွက်နေပါတယ် အဲဒါရေကျောက်လို့ပြောလို့ရပါသလား? မထိုးခင်မှာရော ထိုးပြီးတဲ့အချိန်မှာရော အနီးအနားမှာ ရေကျောက်ဖြစ်တဲ့သူလဲမရှိပါဘူးရှင့် ယောက္ခမတော့ အဲဒါရေကျောက်တဲ့။ ကျမသိချင်တာက ထိုးပြီးဘယ်နှစ်ရက်မှကာကွယ်တာလဲ ပြီးတော့ အခု ကျမပြောပုံအရဆိုရင်ဖြစ်နိုင်ပါသလားရှင့် သမီးလေးကိုစိတ်ပူလို့ပါရှင့် ဘာတွေလုပ်ဆောင်ပေးရမလဲဆိုတာလဲ သိချင်ပါတယ်ရှင့်။

၂။ မင်္ဂလာပါရှင် ကျွန်မသားလေးက အသက် ၁ နှစ်နှင့် ၂ လထဲရောက်ပါပြီရှင်။ ကာကွယ်ဆေးထိုးတာနှင့်ပတ်သက်ပြီး မေးချင်လို့ပါ။ နိုင်ငံခြားက မိတ်ဆွေတယောက်က မေးလို့ပါ တနှစ်ပြည့်ပြီဆိုတော့ Chicken Pox ထိုးပြီးပြီးလားတဲ့ မြန်မာလိုရှာကြည့်လိုက်တော့ ရေကျောက်ကာကွယ်ဆေးလို့သိရတော့ ကာကွယ်ဆေးထိုးတဲ့ စာရင်းထဲ မတွေ့ရပါဘူးရှင် ထိုးဖို့လိုအပ်ပါသလားသိချင်လို့ပါရှင် ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါဆရာရှင့်။

၃။ ဆရာရှင့် ကိုယ်ဝန်က ၂ လရှိပါပြီရှင့်။ ခု အိမ်မှာ အကိုက ဖျားနေတာတပတ်ရှိပါပြီ်ရှင့်။ ရေကျောက်ပေါက်ပြီး ဖျားတာပါပဲရှင့်။ ဆရာဝန်နဲ့လဲသေချာပြပြီးကုသမှုခံယူနေပါတယ်ရှင့်။ ကျွန်မသိချင်တာက မကူးနိုင်အောင် ဘယ်လို နေထိုင်ရမှာလဲဆိုတာပါရှင့်။ ဆရာတို့မိသားစုကျန်းမာချမ်းသာကြပါစေရှင့်။

၎။ ဆရာရှင့် သားလေးက အသက် ၁ နှစ်နဲ့ ၃ လကျော်ပါပြီ။ ပြီးခဲ့တဲ့ ၂ လက ရေကျောက်ကာကွယ်ဆေးထိုးထားပါတယ်။ အခု အိမ်မှာ အိမ်အကူကလေးမလေး ၂ ယောက်က ရေကျောက်တွေပေါက်နေလို့ပါ။ သားလေးကို ကူးမှာစိုးရိမ်လို့ပါရှင်။ ဘယ်လို ကာကွယ်ရမလဲ ပြောပြပေးပါရှင်။ ဆရာ့မိသားစု ကျန်းမာပျော်ရွှင်ပါစေရှင်။

၅။ ဆရာရှင့် သမီးဘယ်လိုမေးရမှန်းမသိလို့ မက်ဆေ့ကနေ ရိုသေစွာနဲ့ မေးပါရစေရှင်။ ဆရာရဲ့ပရိတ်သတ်ပါရှင်။ ရေကျောက်နဲ့ပက်သက်တာလေး တင်တာတွေ့လို့ပါဆရာ။ မြန်မာပြည်ကို ရေကျောက်ကာကွယ်ဆေး မသွင်းတော့ဘူးဆိုပြီး SSC ကော တခြားနေရာတွေပါ မထိုးပေးတော့ပါဘူးဆရာ။ သမီးလည်း ကလေးအတွက် စိတ်ပူနေရတာပါဆရာ။ ရေကျောက်အပေါက်ခံလိုက်ပါဆိုပြီးပဲ ပြောပါတယ်ဆရာ ဆရာဝန်က။ သမီးလည်း ဘာဆက်လုပ်ရမလည်းမသိလို့ ဆရာ့စာလေးတက်လာတုန်း ရိုသေစွာနဲ့မေးရတာပါဆရာ။

မြန်မာပြည်မှာ ရေကျောက်ကာကွယ်ဆေးဟာ မဖြစ်မနေထိုးရမယ့်ကာကွယ်ဆေးစာရင်းထဲမှာ ထည့်မထားပါ။

Chickenpox ရေကျောက်ကို Varicella လို့လည်းခေါ်တယ်။ ရေကျောက်ပိုးက လေထဲကနေကူးတယ်။ ချောင်းဆိုး၊ နှာချေရာကနေ နှာခေါင်းထဲဝင်လာနိုင်တယ်။ တံတွေး၊ အရည်တွေကနေ ကူးစေမယ်။ ကစားစရာနဲ့ အသုံးအဆောင်တွေကနေလည်း ကူးစက်တယ်။ လက်ကိုမကြာခဏဆေးပါ။ သန့်စင်ပေးပါ။ ဖွတ်လျှော်ပါ။ ကြမ်းပြင်၊ စားပွဲမျက်နှာပြင်တွေကလည်း ဆေးကြောပြီး ပိုးသတ်ပေးပါ။ ကျောက်အနာအရည်ကနေလည်း ကူးစက်တယ်။ Shingles ရှင်ဂဲလ်စ် ဖြစ်နေသူဆီကနေလည်း ရေကျောက်ကူးလာနိုင်တယ်။

ရေကျောက်ကူးစက်ခံထားရတဲ့ကလေး အနီအစက် အပျောက်တွေမထွက်ခင် ၁-၂ ရက်ကတည်းကနေ သူများကို ကူးတယ်။ အဖူးတွေပေါက်ပြီး ခြောက်သွားမှသာ မကူးစေတော့တယ်။ ကူးလို့ ပိုးဝင်လာပြီးနောက် ၁ဝ-၂ဝ ရက်နေမှ ခံစားရတာတွေ ဖြစ်တယ်။

ဖြစ်နေတဲ့ကလေး ကျောင်းမပို့ရပါ။ လူကြားသူကြား မသွားရပါ။ အဲတာကြောင့် မဖြစ်သေးတဲ့ကလေးတွေလည်း အဲဒီကာလတွေမှာ လူကြားသူကြား မသွားသင့်ပါ။ ကျောင်းနဲ့ ကလေးကစားကွင်းမှာ အဲလိုကလေးရှိနေ မနေသတိပြုပါ။ ဆေးရုံလိုနေရာကို ခေါ်မသွားပါနဲ့။ ကစားဖေါ်ကလေး နေမကောင်းသလားကြည့်ပါ။ ကလေးတွေ လက်ကိုမကြာမကြာ ဆေးတဲ့အကျင့် သင်ပေးထားပါ။ Hand sanitizer လက်သန့်ဆေးရည်သုံးပါ။

လူကီးမီးယား ခေါ် သွေးကင်ဆာရှိနေသူတွေလည်း ကူးစက်လာမှာကို ပိုသတိထားရမယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ HIV ပိုးရှိသူနေသူတွေကို ပိုပြီး ကူးစက်ခံရနိုင်တယ်။ ကိုယ်ဝန်ဆောင် အထူးသဖြင့် ပထပ ၂ဝ ပါတ်အတွင်း ကူးစက်ခံရရင် အထဲကကလေးမှာ မွေးရာပါချို့ယွင်းချက် ပါတတ်တယ်။ ကိုယ်ဝန်မဆောင်ခင်လေးမှာနဲ့ ကလေးမွေးပြီးကာစ ရေကျောက် ဖြစ်ရင်လည်း ကလေးကိုဖြစ်လာစေနိုင်တယ်။ တကယ်လို့ ကလေးမမွေးခင်မှာ မိခင်လောင်းက ရေကျောက် ပေါက်လိုက်ရင်တော့ မွေးလာမယ့်ကလေးမှာ ရောဂါခုခံမှုရလာမယ်။ မိခင်နို့ကနေရမယ်။ ကိုယ်ဝန်ဆောင်မှာ (ရှင်ဂဲလ်စ်) ကတော့ အဲလိုမဖြစ်စေပါ။ တခါဖြစ်ထားသူက နောက်မဖြစ်တော့ပါ။ ထပ်ဖြစ်သူ နည်းနည်းပါးပါးတော့ ရှိနိုင်တယ်။

ကာကွယ်ဆေး
ရေကျောက်ဟာ ရေကျောက် မပေါက်ဖူးတဲ့သူတွေ၊ ရေကျောက်ကာကွယ်ဆေးထိုးမထားသူတွေ၊ ကျောင်း-ဆေးရုံတွေမှာ အလုပ်လုပ်ရသူတွေ၊ ကလေးတွေနဲ့နေရသူတွေကို ကူးစက်လာနိုင်တယ်။ ရေကျောက် ကာကွယ်ဆေးကို VARIVAX ခေါ်တယ်။ ပိုးအရှင်နဲ့လုပ်ထားတယ်။ တခါထိုးရင် 0.5mL ထိုးရတယ်။ ကာကွယ်ဆေးကနေ ၉ဝ% ကာကွယ်ပါတယ်။ အသက် ၁၂ လကနေ ၁၅ လအထိ ပဌမအကြိမ်ထိုးမယ်။ အသက် ၄-၆ နှစ်မှာ ဒုတိယအကြိမ် ထိုးတယ်။ လိုအပ်ရင် ပဌမတကြိမ်ထိုးပေးပြီးနောက် ၃ လမှာ ထပ်ထိုးနိုင်တယ်။ အသက် ၁၃ နှစ် အထက်ကလေးတွေ ကာကွယ်ဆေး မထိုးခဲ့ရသေးရင် ကာကွယ်ဆေး ၂ လုံးကို တလ (၂၈ ရက်) ခြားပြီး ၂ လုံး ထိုးနိုင်တယ်။

မေးခွန်းနံပါတ် (၁)
Varicella vaccine ရေကျောက်ကာကွယ်ဆေးထိုးထားတဲ့ကလေး အရေပြားမှာ အနီရောင်လေးတွေထွက်တာ သာမန်အဆင့်သာဖြစ်တယ်။ အဲလိုကူးစက်မှုကို Wild-type varicella-zoster virus (VZV) လို့ခေါ်တယ်။ အဲလိုဖြစ်နေသူကနေ တခြားသူတွေကိုတော့ ကူးစက်နိုင်တယ်။

ရေကျောက်ကာကွယ်ဆေးထိုးထားရင် ဘယ်လောက်ကြာကာကွယ်မှုရနေမလဲ
တိတိကျကျတော့ သုတေသနမရှိသေးပါ။ အနည်းဆုံး ၁ဝ နှစ်ကနေ အနှစ် ၂ဝ ကြာရောဂါပြီးနေပါမယ်။

- Chickenpox ရေကျောက် http://doctortintswe.blogspot.com/2015/02/chickenpox.html
- Shingles (ရှင်းဂဲလ်) http://doctortintswe.blogspot.com/2014/11/shingles.html
- Chickenpox prevention ရေကျောက်ဘယ်လို ကာကွယ်မလဲ http://doctortintswe.blogspot.com/2015/05/chickenpox-prevention.html

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၇
၁၇-၈-၂ဝ၁၇
၅-၉-၂ဝ၁၇
၁၁-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး