Vomiting in children ကလေးများအန်ခြင်း

(ကန်တော့)

မေးခွန်းတွေကို ကျော်ဖတ်နိုင်ပါတယ်။

၁။ ကျမသမီးလေးကအသက် ၈နှစ်ပါ ညဘက်ဆိုလည်ချောင်းထဲမှာတစ်စို့စို့ကြီးဖြစ်ပြီးအန်ပါတယ်ရှင့် အနီရင့်ရင့် ဝမ်းလည်း အရမ်းချုပ်ပါတယ် ဆေးခန်းပြတော့လည်း စိုးရိမ်စရာမလိုဘူးလို့ပြောပါတယ် ဒါပေမဲ့ ကျမသမီးလေးက ညတိုင်း အန်နေတယ်ဆရာ ဆရာဆီကအကူအညီတောင်းတာပါ

၂။ ကျွန်မရဲ့တူလေးက အသက် ၃နှစ်နဲ့ ၃လကျော်ရှိပါပြီရှင့် လွန်ခဲ့တဲ့ ၂၆ရက်နေ့ မနက်ကတည်းကနေ ၂၈ရက်ညအထိ  ဝမ်းလုံးဝမသွားပဲနဲ့ ဗိုက်ထဲကတင်းတင်းနေတယ်ပြောပြီး အန်ပါတယ် ၂၆ရက်နေ့ ပထမနေ့ စဖြစ်ဖြစ်ခြင်းနေ့က အိပ်ယာ ထထခြင်းအန်တာဆိုတော့ အရည်ချည်းပဲအန်ပါတယ် ခဏနေ Power Plus တံဆိပ်ငှက်သိုက်တိုက်တော့ ထပ်အန်ပါတယ်ရှင့် အယင်ကလည်းအဲဒီလိုဖြစ်တတ်လို့ ဆေးခန်းမသွားပဲပြနေကျအထွေထွေကုဆရာဝန်ပေးထားတဲ့ အအန်ပျောက်ဆေးတိုက်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းဘာမှမကျွေးပါဘူး ၁နာရီခွဲလောက်ကြာမှ Cow Head နို့အေးသောက်ပြီး နေ့လယ်တရေးအိပ်ပါတယ် အိပ်ယာထတော့ ဗိုက်တင်းတယ်ပြောပြီး သောက်ထားတဲ့နို့တွေ ပြန်အန်ပါတယ်ဝမ်းမသွားပါဘူးရှင့် ညဘက်နီးစပ်ရာဆေးခန်းသွားပါတယ် ပြနေကျဆရာဝန် မဆေးခန်းမဖွင့်သေး၍ ရာသီအကူး အပြောင်းကြောင့် အအေးပတ်ပြီး ဗိုင်းရပ်စ်ဝင်တာလို့ပြောပါတယ် ပေးတဲ့ဆေး ၁ရက်စာသောက်ပြီးနောက်ရက် ဒုတိယနေ့ သက်သာပါတယ် ဆရာဝန်ညွှန်ကြားချက်အတိုင်း မည်သည့်အစာမှမကျွေးပဲ ကြက်စွပ်ပြုတ်ပဲတိုက်ပါတယ် ဝမ်း ကတော့ မသွားပါဘူး တတိယနေ့ ၂၈ရက်နေ့ မနက်ပိုင်းသက်သာပါတယ် ကြက်စွပ်ပြုတ်ပဲတိုက်ပါတယ် ညနေ၄နာရီလောက်မှာ ကြက်စွပ်ပြုတ်နဲ့ပေါင်မုန့်အဖြူ ဘေးသားမပါတာ ၂ချပ်ကိုစိမ်ကျွေးပါတယ် ၁နာရီလောက်နေတော့ ဗိုက်တင်းတယ်ပြောပြီးအန်ပါတယ် ပန်းရောင်ဖျော့ဖျော့ အရည်ပျစ်ပါတယ် သူ့အမေ မနက်က Appetonပန်းရောင်ဆေး ၁ လုံး တိုက်ထားတယ်လို့ပြောပါတယ်ရှင့် ပြနေကျဆေးခန်းပြန်ပြပါတယ် ဆရာဝန်ကတော့ စိုးရိမ်စရာမရှိပါဘူး ဗိုက်မကောင်းလို့ ဖြစ်တာလို့ ပြောပါတယ် ၃ရက်လုံး ဝမ်းလုံးဝမသွားတဲ့အတွက် ဒီညအတွက်ဝမ်းပျော့ဆေး MOM ၂လုံးနဲ့အခြားဆေးတချို့ပေးပါတယ် မနက်ဖြန်ညတိုက်ဖို့် သန်ချဆေးပေးပါတယ် MOM က၂ရက်စာပါရှင့် အိမ်ရောက်တော့ ဆန်းကစ်သီး အနည်းငယ်စားပါတယ် နာရီဝက်ကျော်အကြာမှာဆေးတိုက်ပါတယ် ခဏနေဗိုက်တင်းတယ်ပြောပြီးပြန်အန်ပါတယ်ဆရာ ၃ ရက်လုံးလုံး ဝမ်းမသွားပဲ ဗိုက်တင်းတယ်ပြောပြီး အစာအိမ်နားကိုထောက်ပြလိုက် ချက်အထက်နားထောက်ပြလိုက် အန်တာဘာကြောင့်များဖြစ်နိုင်တာပါလဲဆရာ သန်ထိုးတာရောဖြစ်နိုင်ပါလားရှင့် သားသားကလန်းလန်းဆန်းဆန်းနဲ့ဆော့နေပေမယ့်လည်း ဗိုက်တင်းတယ်ပြောပြောပြီးဝမ်းမသွားပဲအန်ပဲအန်ပြီး ဆေးတွေပဲဆက်တိုက်သောက်နေရသလိုဖြစ်နေတော့ အရမ်းစိတ်ပူလို့်ပါရှင့် ကျေးဇူးပြုပြီး ဆရာဆီက သားသားမှာဖြစ်နေတဲ့ဝေဒနာအတွက် အကြံပြုချက်လေးတောင်းခံချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ဆရာကြီးရှင့်

၃။ ကျမသမီးလေးအတွက် မေးချင်လို့ပါရှင် သမီးလေး ၇နှစ်ပါ။ 23/12/2017 နေ့လည်စာစားပြီး ညနေ ၅ နာရီလောက်မှာ စားပြီးသမျှ အကုန်ပြန်အန်ပါတယ်။ ည၇နာရီလောက် နွားနို့အနည်းငယ်နှင့် corn flake အနည်းငယ် စားပါတယ်။ နှစ်နာရီလောက်အကြာ အကုန်ပြန်အန်ပါတယ်။ နောက်နေ့မနက် ဘာမှမကျွေးပဲ ဆေးခန်းသွားပါတယ်။ Bludrox-P နဲ့ ပါရာစီတမောနဲ့ အအန်ပျောက်ဆေးဆိုပြီး ပေးလိုက်ပါတယ်။ ကျမတို့က နယ်မှာနေပါတယ်။ သူငယ်ချင်းဆရာဝန်ကို ဖုန်းနဲ့လှမ်းရှင်းပြတော့ Kremils ပန်းရောင်ဆေးနှင့် Esomeprazole တိုက်ခိုင်းပါတယ်ရှင်။ Bludrox က ပိုးသတ်ဆေးမို့ မတိုက်သေးဖို့ အကြံပေးပါတယ်။ အဖျားက ၉၉ ပဲရှိပါတယ်။ ပါရာတိုက်ပါတယ်။ ၂၄ ရက်နေ့မနက် ၉နာရီခန့် Kremil တဝက်နဲ့ Eso သုံးပုံတပုံ တိုက်ပြီး အိုဗာတင်းအနည်းငယ်၊ ၁၅မိနစ်ခန့်အကြာ ဆန်ပြုတ် ၅ ဇွန်းသောက်ပါတယ်။ ခဏနေ အိပ်ပါတယ်။ မအန်ပါဘူး။ နေ့လည် ၃နာရီခန့် ပျားလိမ်မော် ၂လုံးကို အရည်ပဲ သောက်ပြီး အဖတ်ပြန်ထွေးခိုင်းပါတယ်။ မအန်ပါဘူး။ ညနေ ဆန်ပြုတ် အကြမ်းပန်းကန် ၂ လုံးစာ သောက်ပါတယ်။ ည ၇နာရီခန့် မနက်ကအတိုင်း ဆေးတိုက်ပါတယ်။ ဆေးသောက်ပြီး သိပ်မကြာခင် ဆန်ပြုတ်တွေ အကုန်ပြန်အန်ပါတယ်။ ည တနာရီခန့် ဗိုက်ဆာလို့ဆိုပြီး အိုဗာတင်းအနည်းငယ်နှင့် ပေါင်မုန့် နဲနဲလေး ကျွေးပါတယ်။ စားပြီးပြီးချင်းအိပ်ကာ ၁၅မိနစ်ခန့်အကြာ အကုန်နီးပါး ပြန်အန်ပါတယ်။ ကျမ စိတ်အရမ်းပူလာလို့ ဆရာ့ကို လှမ်းမေးရခြင်းဖြစ်ပါတယ်။ စာအရမ်းရှည်ရင် ခွင့်လွှတ်ပါရှင်။ ဘာဆက်လုပ်ရမလဲ အကြံပေးပါအုံးဆရာရယ်။့ သူ့စာကို ဒီမှာတင်ဖြတ်ပါမယ်။ ဆောရီး။

၎။ ဆရာ ကျတော့်သားကို ပုံတွင်ပါသော tianshi zinc capsule 0.2 g (၂)လုံးကို နံနက် (၉)နာရီ အချိန်တိုက်လိုက်ပြီး ကျောင်းသွားတာ နံနက် ၁၂ နာရီခန့်တွင် အန်နေသည်မှာ အခု  ညနေ ၆ နာရီထိ ဘာအစာမှ မစားဘဲ အန်နေပါသည်။ ရာသီဥတုမှာ မိုးရွာလေတိုက်ပါသည်။ ဘာဆေးတိုက်ရမလဲဆရာ။

၅။ ဆရာရှင့် သမီးသားလေးက ၁ နှစ်သားပါ။ မနက် ၃ နာရီခွဲလောက်က စအန်တာ ၁ဝ နာရီလောက်ထိဘဲ။ စားသမျှ အန်တယ်၊ နို့လဲအန်တယ်။ လူကတော့ မနုံးပါဘူး။ အဲဒါဘာဆေးတိုက်လို့ရလဲရှင့်။ အစာမကြေဖြစ်တာလား သိချင်လို့ပါ။

၆။ ကျွန်မရဲ့သမီးလေးက အခု ၄၅ရက်ရှိပါပြီ။ ခွဲမွေးခဲ့တာပါ။ ကလေးက နို့အန်တာ ပိုဆိုးလာလို့ပါ။ နို့တိုက်ပြီးတာနဲ့ လေထုတ်ပေးပါတယ်။ လေလည်းတက်ပါတယ်။ ဒါပေမယ့် နို့တွေအန်ထွက်တာ တနေ့ကိုအနည်းဆုံး ၃ ကြိမ်လောက် ရှိတယ်။ တခါအန်ရင် ဗိုက်ထဲရှိသမျှ အကုန်လောက်ကိုပြန်အန်ပါတယ်။ နှာခေါင်းထဲတွေကပါထွက်တာပါ။ ရေပိုက်ခေါင်း ဖွင့်လိုက်သလို ပန်းထွက်လာတာပါဆရာ။ မွေးတုန်းက ကြည့်ပေးခဲ့တဲ့ ကလေးဆရာဝမ်က air-x ဆိုတဲ့ လေဆေးကို 0.3 ml တနေ့ကို ၂ ကြိမ်တိုက်ခိုင်းပါတယ်။ ဆေးတိုက်ပြီး ၅မိနစ်မကြာဘူး။ နို့အန်တော့တာပဲ။ ကလေးကို ထောင်ထောင်လေးထားပြီး ဆေးတိုက်ကြည့်လည်း ပြန်အန်တာပါပဲ။ အခုရက်ပိုင်း အန်တာ ပိုဆိုးလာလို့ပါ။

ကလေးတွေမှာအန်တာ ရောဂါမဟုတ်တာက အများဆုံးပါ။ နို့-အစာ အောက်မဆင်းတာ၊ အဆင်းနှေးတာကြောင့်ဆိုရင် စိုးရိမ်စရာမရှိပါ။ အန်လဲအန်မယ်၊ ဗိုက်လဲတင်းဖေါင်းမယ်၊ ဝမ်းလဲချုပ်လာမယ်ဆိုရင် အစာလမ်းမှာ ဆို့တာ၊ ပိတ်တကို စစ်ဆေးရပါတယ်။ အဲလိုက အတော်ကြီးအဖြစ်နည်းပါတယ်။ နို့တိုက်တာမှာ အချိန်ခြား တိုက်နိုင်တယ်။ တခါတိုက်ရင် မများစေပါနဲ့။ အန်တာများရင် ရေနဲ့ဓါတ်ဆားနည်းမယ်။ ORS ဓါတ်ဆားရည် တိုက်ရမယ်။ လိုရင် နှာခေါင်းကနေ ပိုက်နဲ့ တိုက်ရမယ်။ လိုရင် သွေးပြေန်ကြောထဲကနေသွင်းပေးရမယ်။

အစာမတည့် ဆေးမတည့်လို့လည်း အန်တတ်တယ်။ ဆေးတွေရဲ့ ဘေးထွက်သက်ရောက်မှုကြောင့်လည်း အန်တတ်တယ်။ အန်စေတဲ့အကြောင်းတွေထဲမှာ အစာလမ်းရောင်တာဖြစ်တယ်။ အစာအိမ်တုပ်ကွေးလို့လည်း ခေါ်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ ဝမ်းပါပျက်မယ်။ ရက်မကြာပါ။ အန်လို့ ကုန်ခမ်းတဲ့ ရေနဲ့ ဓါတ်ဆားဖြည်ပေးဘို့သာ အရေးကြီးတယ်။ ဓါတ်ဆားထုပ်ဖြစ်တယ်။ ပါးစပ်ကမသောက်နိုင်ရင်တော့ သွေးကြောထဲသွင်းပေးရမယ်။ တနှစ်အထိအကလေးကို ရေသန့်သန့်ကို ကလေးဆရာဝန်မခိုင်းပဲ မတိုက်သင့်ပါ။ ကြီးတဲ့ကလေးကို ရေနည်းနည်းချင်း ခဏခဏပေးနိုင်တယ်။ ရေခဲငုံခိုင်းနိုင်တယ်။ အသီးရည်တိုက်နိုင်တယ်။ အစာလမ်းရောင်တာက တခြားလူတွေကိုပါ ကူးစက်နိုင်တယ်။

အန်ပြီး ကလေးက အတင်းငိုရင် ဆရာဝန်ပြပါ။ ငယ်ထိပ်ခွက်နေရင်၊ အာခြောက်ရင်၊ အရေပြားခြောက်ရင်၊ မလှုပ်နိုင်ဖြစ်ရင်၊ အရေပြားကိုဆွဲမလို့ တော်တော်နဲ့ ပြန်မကျရင်၊ မျက်တွင်းချိုင့်နေရင်၊ အိပ်တာများရင်၊ အသက်ရှူ မမှန်ရင်၊ အဖျား ၁ဝဝ့၎ ကျော်ရင်၊ ဆရာဝန်ပြပါ။ အန်တာက ခေါင်းထိခိုက်မိပြီးမှဖြစ်တာဆိုရင်လည်း ဆရာဝန်ပြပါ။ အန်တာက အစိမ်းရောင်၊ အညိုရောင်၊ ကော်ဖီရောင်ဆိုင်ရင်လည်း ဆရာဝန်ပြပါ။

ကလေးငယ်လေးတွေ အန်ရင်တော့ လူကြီးတွေနဲ့ မတူတာတွေကြောင့် ဖြစ်နိုင်တယ်။ မွေးစကလေး အန်တာ အများဆုံးက နို့စို့ရင်း လေကိုပါမျိုချတာမို့ သူ့အစာအိမ်ထဲ လေအပိုတွေများလို့ အန်တယ်။ ကလေးငယ်တော့ သူ့ အစာလမ်းအထိန်းစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဖြစ်တယ်။ ဒါမျိုးဖြစ်ရင် ကလေးကို နို့တိုက်ပြီးတိုင်း ခေါင်းထောင်ပြီး ကျောလေးသပ်ပေး လေထုတ်ရမယ်။ လေကပေါ့လို့ လေထွက်မယ့် ပါးစပ်က ကလေးအစာအိမ်နေရာ (ရင်ခေါင်း) ရဲ့အထက်မှာထားရမယ်။

နို့တိုက်တာမှာ အချိန်ခြာတိုက်နိုင်တယ်။ တခါတိုက်ရင် မများစေပါနဲ့။ Gripe water/Gripe mixture လို လေဆေးကို အားမကိုးပါနဲ့။ အဲလိုဆေးက လေဗူဖေါင်း သေးသေးလေးတွေကို ပေါင်းစပ်စေပြီးကြီးအောင်လုပ်ပေးတယ်။ လေထွက်ရ လွယ်စေဘို့ဖြစ်ပါတယ်။ ခဏခဏမတိုက်သင့်ပါ။

ဝမ်းလျှောတာနဲ့ အန်တာ ရောနေတယ်ဆိုရင် ဗိုင်းရပ်စ်ဝင်တာဖြစ်မယ်။ ဝမ်းပိတ်ဆေးမလိုအပ်ပါ။ ရှားပါးတာတွေလည်း ရှိတယ်။ အန်တာများရင် အသက်ငယ်လေ ရေနဲ့ ဓါတ်ဆားနည်းတာ ဖြစ်နိုင်လေဖြစ်တယ်။ မျက်တွင်း ချိုင့်နေမယ်၊ မပိတ်သေးရင် ငယ်ထိပ် ခွက်နေမယ်။ ခြေ-လက် အေးစက်လာမယ်၊ အရေပြားကို အသာလေး မ-ကြည့်ရင် အောက်ပြန်ကျတာ အရင်ကလို အမြန်ပြန်မကျနိုင်ဘူး။ အားမရှိဘူး၊ ရေငတ်မယ်၊ ဆီးအရောင် ရင့်မယ်၊ ဆီးနဲမယ်၊ အာခေါင် ခြောက်မယ်၊ ကလေးက ငိုတာတောင်မှ မျက်ရည်ခမ်းနေမယ်၊ ဘယ်လိုချော့ချော့မရဘူး။

အဖတ်မပါတဲ့-နည်းတဲ့ ရေ-အရည်ကိုသာ သောက်ပါ-တိုက်ပါ။ မများစေနဲ့။ မနဲစေနဲ့။ ORS ဓါတ်ဆားရေ ပါးစပ်ကနေ တိုက်လို့ရရင်တိုက်၊ တချို့ ကလေးကို နှာခေါင်းပိုက်နဲ့တိုက်။ မရရင် ဝမ်းလျှောတဲ့သူတွေကို ကုသလို RL drip သွင်းရမယ်။ အန်တာသက်သာဆေးကို အန်လို့တိုက်မရရင် ထိုးပေးရတတ်တယ်။

တခြားဖြစ်နိုင်တဲ့အကြောင်းတွေလည်းရှိတယ်။ ဦးနှောက်အဖုံးလွှာရောင်တာ၊ အစာဆိပ်သင့်တာ၊ တခြားလမ်းမှာ ပိုးဝင်တာ၊ အူအတက်ရောင်တာ၊ အဆိပ်သင့်တာ၊ မွေးရာပါအစာလမ်းကျဉ်းတာ၊ Intussusception အူထဲအူတိုးဝင်တာတွေကို စစ်ဆေးကုသရပါမယ်။ ကလေး ၂-၃ လအရွယ်မှာ အစာစားကျွေးပြီး ထိုးအန်ရင် Pyloric stenosis ဆိုတဲ့ အစာအိမ်အထွက်နေရာ ကျဉ်းတဲ့ရောဂါ ဖြစ်နိုင်တယ်။ သေခြာစစ်ဆေးပြီး လိုအပ်ရင်ခွဲစိတ်ကုသရတယ်။ အန်လည်းအန်မယ်၊ ငိုလည်းငိုမယ်၊ ဝမ်းထဲမှာလည်း သွေးအနီရောင်ပါမယ်ဆိုရင် Intussusception ခေါ်တဲ့ အူထဲကို အူတိုးဝင်လို့ အူပိတ်ရောဂါ ဖြစ်နိုင်တယ်။ ခွဲစိတ်ရမယ်။ ကလေးတွေမှာ Cyclic vomiting syndrome ဆိုတဲ့ ရောဂါတမျိုးလား စစ်ရမယ်။ အချိန်မှန် အန်နေတာမျိုး။ ခွဲစိတ်ရမယ်။

Vomiting in children ကလေးများအန်ခြင်း https://doctortintswe.blogspot.com/2015/09/vomiting-in-children.html
Nausea and Vomiting ပျို့ချင်-အန်ချင် http://dts-medicaleducation.blogspot.com/2011/02/nausea-and-vomiting.html
Anti Emetics အအန်ပျောက်ဆေးများ https://doctortintswe.blogspot.com/2015/01/anti-emetics.html
Vomiting in babies ကလေးတွေအန်ရင် https://doctortintswe.blogspot.com/2016/02/vomiting-in-babies.html
Intestinal obstruction အူပိတ်ခြင်း https://doctortintswe.blogspot.com/2017/01/intestinal-obstruction.html
Intussusception အူထဲ အူဝင် http://doctortintswe.blogspot.com/2016/12/intussusception.html

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၅
၁၈-၉-၂ဝ၁၇
၂၄-၁၂-၂ဝ၁၇
၂၈-၁-၂ဝ၁၈
၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး