What Books to read ဘာစာဖတ်မလဲ

၁။ ပုံမှန်အသက်အရွယ် မရွေးအလုပ်အကိုင်မရွေး ဖတ်သင့်တဲ့စာအုပ်မျိုးလေးလမ်းညွှန်ပေးပါလားဆရာရှင့်

၂။ ဟုတ်ကဲ့ပါဆရာ ဖတ်ခဲ့ရပါတယ် မြန်မာစာကိုချစ်တတ်တဲ့ ကျွန်တော်တို့လိုလူတွေအတွက် ဖတ်သင့်တဲ့စာအုပ်တွေကိုလည်း ညွှန်းပေးပါဆရာ ကျေးဇူးပါဗျာ။ မူရင်းစာရေးသူတွေရဲ့ မူရင်းသတ်ပုံကို ပြင်လိုက်ကြတာ အင်မတန်စိတ်ပျက်စရာကောင်းပါတယ်။

၃။ ဆရာ တခုလောက် လမ်းညွှန်ပေးပါလား။ ဘဝသင်ခန်းစာရမယ့်စာအုပ်တွေ ဖတ်ချင်လို့ပါ။ ဘယ်လိုစာအုပ်မျိုး ရွေးဖတ်သင့်ပါသလဲ။ ကျွန်တော်တို့က အတွေ့အကြုံရှိတဲ့လူတွေမို့ပါ။ ကျေးဇူးတင်ပါသည်။

ကျွန်တော်ငယ်စဉ်ကတော့ စုံအောင်ဖတ်ခဲ့တယ်။ အထင်ကရ စာရေးဆရာတွေ၊ ခေါင်းဆောင်တွေရေးတာနဲ့ သူတို့အကြောင်း စာအုပ်တွေ ကောင်းတယ်။ ပေါ်ပြူလာစာအုပ်တိုင်းကတော့ အကျိုးမပြုပါ။ သည်းခြေကြိုက်စာအုပ်မျိုးကို ဖတ်ဖူးအောင်ထက် မပိုသင့်ပါ။ သမိုင်းစာအုပ်တွေ ဖတ်သင့်တယ်။ ကိုယ့်နိုင်ငံ သမိုင်းသာမက ကမ္ဘာ့သမိုင်း၊ တခြားတိုင်းပြည်သမိုင်းတွေလည်း စိတ်ဝင်စားတာဖတ်ပါ။ မြန်မာစာပေသမိုင်းလည်းဖတ်ပါ။

ရသစာအုပ်တွေ ကောင်းတယ်။ စာရေးဆရာတွေကနေ အလွန်ကောင်းတဲ့စာတွေ ရေးထားရစ်ခဲ့ကြတယ်။ ဦးနု၊ သိန်းဖေမြင့်၊ သိပ္ပံမောင်ဝ၊ ရွှေဥဒေါင်း၊ ဒဂုံရွှေမျှား၊ မောင်ထင်၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ ဦးဖိုးကျား၊ သခင်ဘသောင်း၊ ဦးဖေမောင်တင်၊ သော်တာဆွေ၊ ဒဂုံတာရာ၊ မြသန်းတင့်၊ ခင်မျိုးချစ်၊ ဦးလှ၊ ဒေါ်အမာ၊ ပါရဂူ၊ ရန်ကုန်ဘဆွေ၊ ဝင်းဦး၊ ဂျာနယ်ကျော်မမလေး၊ သုခ၊ ဇဝန၊ ဒဂုန်ခင်ခင်လေး၊ မဟာဆွေ၊ ဒဂုန်နတ်ရှင်၊ တက်တိုး၊ ထင်ကြီး၊ အောင်သင်း၊ ဒေါက်တာသန်းထွန်း စသူတွေ။ ကဗျာထဲမှာ ရှင်မဟာရဌသာရ၊ နဝဒေး၊ ဦးပုည၊ ဦးကြင်ဥ၊ နဝဒေး၊ တဂိုး၊ တင်မိုး။

ဘာသာရေးလည်းဖတ်ရတယ်။ မင်းဘူးဦးသြဘာသ ဇာတ်တော်တွေ၊ ကျီးသဲလေးထပ်ဆရာတော်ရေးတဲ့ ဇိနတ္ထပကာသနီ။ ငါးရာ့ငါးဆယ်ဇာတ်တော်တွေနဲ့ မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန် အမေးအဖြေကိုတော့ ဆဋ္ဌသံဂါယနာတင်မူအတိုင်း သတ်ပုံပြင်မထုတ်တဲ့စာအုပ်သာ ဖတ်စေချင်တယ်။

ပေါ့ပါ့ပါးပါးနဲ့ ရယ်စရာတွေလည်း လက်မလွှတ်သင့်ပါ။ ဘာသာပြန်စာအုပ်တွေ ရွေးဖတ်သင့်တယ်။ ဖတ်နိုင်ရင် အင်္ဂလိပ်လိုပါဖတ်ပါ။ ဂန္တဝင်စာပေထဲက ဘာသာပြန်တွေဖတ်ပါ။ ရှိတ်စပီးယား၊ တော်လ်စထွိုင်း၊ ချားလ်စ်ဒစ်ကင်း၊ အားနက်စ်ဟယ်မင်ဝေး၊ မတ်ခ်တွန်း၊ ဂျော့ခ်ျအိုဝဲလ်၊ ဗစ်တာဟူးဂိုး၊ စသူတွေ။ သောမတ်စ် ဖရီမင်း စာအုပ်တွေ၊ ဖရန်စစ် ဖူကူယားမားနဲ့ ဆယ်မြူရယ် ဟန်တင်တွန်တို့စာအုပ်တွေလည်း ချန်မထားသင့်ပါ။

နိုင်ငံရေးမှာတော့ ရွေးပါ။ ကျွန်တော်တို့ငယ်စဉ်ကတော့ လက်ဝဲခေါ် ကွန်မြူနစ်စာတွေသာကြီးစိုးထားခဲ့တယ်။ စစ်အေးခေတ်မှာ ဘက်နှစ်ခုလုံးက ဝါဒဖြန့်စာတွေ အလကားဝေလို့ အကုန်ဖတ်ခဲ့ပါတယ်။ တဖက်သက်ဆန်တာက မသင့်ဘူးထင်တယ်။ ရင့်သန်လာမှသာ ကိုယ်ပိုင်ကြိုက်တာယူရင် အမှားနည်းစေတယ်။

တက်ကျမ်းတွေကိုတော့ သတိထားဖတ်သင့်ပါတယ်။ ကျွန်တော်တို့ငယ်ငယ် ပီမိုးနင်း စာအုပ်တွေ ခေတ်စားတယ်။ ဦးနုဘာသာပြန်တဲ့ မိတ္တဗလဋီကာပြဋ္ဌာန်းစာအုပ်ရှိတယ်။ အတ္ထုပ္ပတ္တိစာအုပ်တွေ ကောင်းပါတယ်။ လေးစား ကြည်ညို အားကျသူတွေအကြောင်းကိုတော့ ရွေးဖတ်သင့်ပါတယ်။ ကိုယ့်လူမျိုးထဲကသာမက တခြားလူမျိုးတွေလည်း ဖတ်သင့်တယ်။ကျွန်တော်က မြန်မာပြည်ကအာဇာနည်တွေအကြောင်းတွေသာမက လင်ကွန်း၊ ကနေဒီ၊ ဂန္ဒီ၊ ချာချီ၊ ဟစ်တလာလည်း ဖတ်တယ်။ နောက်တော့ ခေတ်ပြိုင် ခေါင်းဆောင်တွေကိုလည်း ဖတ်ပါတယ်။ ကလင်တန်၊ နယ်လ်ဆင်မန်ဒဲလား၊ တိုနီဘလဲယား၊ ကိုလင်ပါဝဲလ်။

တချို့က သူများဆီကအာဇာနည်ကိုမှ သူရဲကောင်းထင်ကြတာတွေ့ရတယ်။ စိတ်မကောင်းပါ။

စာတမျိုးတည်း ဆက်တိုက်ဖတ်တာထက် အပြောင်းအလဲလုပ်ဖတ်တာ ပိုသင့်တယ်လို့ထင်ပါတယ်။ စာတပုဒ်၊ စာတအုပ် ဖတ်ပြီးတိုင်း တခုခုရလာမယ်။ ပြည့်စုံလာတယ်လို့ ထင်မထားပါနဲ့။ အလျဉ်းသင့်ရင် ဖတ်ပြီးသား ထပ်ဖတ်ပါ။ ပိုရလာမယ်။ ဆရာက စာပေမှာ ဆရာလုပ်နိုင်သူ မဟုတ်တာလည်း သိထားပါ။ မနေ့ကပဲ ပို့စ်လေးတခုမှာ ရေးလိုက်သလို ဖတ်လို့ သိတာနဲ့ လိုက်လုပ်တာ မတူတာကိုလည်း သတိချပ်ပါလေ။

ကနေ့ကာလမှာ ထုတ်သမျှစာအုပ် ၉ဝ% လောက်ဟာ ပေါ်လစီသတ်ပုံတွေနဲ့သာ ရေးသားထုတ်ဝေကြတယ်။ ကျွန်တော်ကတော့ ခြစားပိုးဟပ်ကိုက်စာအုပ်တွေလောက် တန်ဖိုးမထားနိုင်ပါ။ ဆောရီး။ ကန်တော့။

1. Books and libraries စာနဲ့ကာကွယ်ပါ https://doctortintswe.blogspot.com/2014/10/books-and-libraries.html
2. Books dictate ငယ်တုံးကဖတ်တဲ့စာ https://doctortintswe.blogspot.com/2015/03/books-dictate.html
3. Good Books စာကောင်းဟူသည် ကြွေစက္ကူနဲ့ https://doctortintswe.blogspot.com/2016/08/good-books.html
4. My bookshelf စာအုပ်စင် https://doctortintswe.blogspot.com/2014/11/my-bookshelf.html
5. My bookshelves ပျောက်ဆုံးသွားတဲ့ စာအုပ်စင်များ https://doctortintswe.blogspot.com/2015/03/my-bookshelf.html
6. New books ဘုတ်အုပ်သစ်များ https://doctortintswe.blogspot.com/2017/08/new-books.html
7. News and Books သတင်းများနဲ့ စာအုပ်များ https://doctortintswe.blogspot.com/2016/02/news-and-books.html
8. Ocean of books ကံကောင်းကြသူများ https://doctortintswe.blogspot.com/2015/05/ocean-of-books.html
9. Old Books မျိုးဆက်ဂုဏ် https://doctortintswe.blogspot.com/2017/12/old-books.html
10. Old Books ခြစားနေတဲ့စာအုပ်များ https://doctortintswe.blogspot.com/2016/06/old-books.html
11. Reference Books တပန်းရှုံးတယ် https://doctortintswe.blogspot.com/2018/02/reference-books.html
12. Stone Books ကျောက်စာ https://doctortintswe.blogspot.com/2017/08/stone-books.html
13. The Bestseller Books အဖတ်များခဲ့တဲ့ ဘာသာပြန်စာအုပ်တချို့ https://doctortintswe.blogspot.com/2015/12/the-bestseller-books.html
14. Value of books စာအုပ်တန်ဖိုး https://doctortintswe.blogspot.com/2017/06/value-of-books.html
15. Volunteering အခမဲ့စာအုပ် ကူလီထမ်းခြင်း https://doctortintswe.blogspot.com/2015/05/volunteering.html
16. What Books to read ဘာစာဖတ်မလဲ https://doctortintswe.blogspot.com/2017/04/what-books-to-read.html

ဓါတ်ပုံ = ဒေလီမှာနေခဲ့ရစဉ် အိမ်ကစာအုပ်စင်

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး