မြန်မာ့ရာဇဝင်

ကွန်မင့်တခုရတယ်။ ဒီနေရာမှာ ကျနော်စဉ်းစားမိတာတခုရှိပါတယ်ဆရာ။ (ဂျူးလိယက်ဆီဇာနဲ့တော့ တိုက်ရိုက်မဆိုင်ပါ) ဥရောပမှာ၊ အီဂျစ်မှာ၊ တရုတ်နိင်ငံမှာ အိန္ဒိယမှာ သူတို့ရဲ့သမိုင်းကို BC 1000-2000 ကျော်ကစပြီး မှတ်တမ်းရှိကြတယ်။ BC 4000က အီဂျစ်မှာ ဘယ်ဘုရင် BC ၁၀၀၀ က တရုတ်က ဘယ်မင်းဆက်ဆိုပြီးတော့ အထောက်အထားတွေ ရှိကြတာ တွေ့ရပါတယ်ဆရာ၊ စာတွေမှာလဲဖတ်ရပါတယ်။
ကျနော်တို့ မြန်မာပြည်ကျတော့ ဘယ်လိုကြောင့် AD 1044 အနော်ရထာ ခေတ်ကျမှပဲ စပြီး သမိုင်းရယ်လို့ သတ်မှတ်နိင်တယ်လို့ ဆိုတာဟာ ဘာကြောင့်များလဲခင်မျာ့။ သူတို့ဆီမှာ BC 2000-1500 လောက်က ဘုရင်တွေ အုပ်ချုပ်နေတဲ့ခေတ်မှာ ကျနော်တို့လက်ရှိမြန်မာနိင်ငံဖြစ်လာမယ့်ဒေသမှာ ဘယ်လိုလူတွေ နေခဲ့တယ်ဆိုတာ ဘာကြောင့်မဖေါ်ထုတ်နိင်သလဲ ဒီက လူတွေသမိုင်းလေ့လာမှုအားနဲလို့လားခင်မျာ့။

မြန်မာ့ရာဇဝင်သမိုင်းတွေကိုလည်း ဟိုရှေးခေတ်ကစပြီး ရေးတာတွေ ရှိပါတယ်။ မြန်မာအစ ဘယ်ကဆိုတာတော့ ငြင်းနေကြဆဲ။ ခိုင်ခိုင်မာမာငြင်းတာ ကောင်းတယ်။

မြန်မာလို အစောဆုံးရေးသားတဲ့ ရာဇဝင်ကျမ်းတွေထဲက ထင်ရှားတဲ့ ဦးကုလား မဟာရာဇဝင်ကြီးမှာ ပဏာမ ပုဗ္ဗကဂန္ထာရမ္ဘကနေ စတင်တယ်။ ဘာသာရေးစာပေ အကိုးအကားတွေ ပါတယ်။ သရေခေတ္တရာခေတ်က တတိယတွဲမှာ ပါတယ်။ အနော်ရထာက စတုတ္ထတွဲ။ အင်းဝမင်းခေါင်က အဋ္ဌမတွဲ။ ဆင်ဖြူရှင်က စုဒ္ဒသမတွဲ။

ဒေါက်တာသန်းထွန်းရေးတဲ့ အသစ်မြင်ဗမာသမိုင်း (၁၉၇၅) ထဲမှာ ဗမာအကြိုသမိုင်းနဲ့စတယ်။ ဗမာအကြိုသမိုင်းကို ပြောယင် ဗမာနိုင်ငံရဲ့ဘူမိဗေဒအခြေခံကစပြီး ပြောရပါလိမ့်မယ်။ ကမ်ဗြီယံယုဂ် (Cambrian Period) အတွင်းမှာ ဒီဗမာနိုင်ငံလို့ ခေါ်တဲ့နေရာဟာ ပင်လယ်အတိပါဘဲ လို့ ရေးတယ်။

ဦးဖေမောင်တင် ၁၈-၃-၁၉၇၃ နေ့ နေ့စွဲနဲ့လက်ရေးစာမှာ ပုဂံရာဇဝင်အကြောင်းပြောလျှင် တုတ်ထမ်းပြီးပြောရမည်ဟု ဆိုကြ၏။ အငြင်းအခုံဖြစ်ပြီး တယောက်နှင့် တယောက် ရိုက်ကြပုတ်ကြတတ်သည်ကို ဆိုလိုသည်။

ပုဂံပြည်ထက် နှစ်ပေါင်းများစွာစောသော သရေခေတ္တရာ ရာဇဝင်အကြောင်းပြောလျှင် ဘာထမ်းပြီး ပြောကြမည်နည်း။ တုတ် မထမ်းပါနှင့် တူရွင်းထမ်းကြပါဟု ပြောချင်ပါသည်။ ရာဇဝင်သမိုင်းဆိုင်ရာ ရှေးဟောင်းပစ္စည်းများကို တူးဖေါ်ကြပါဟု ပြောလိုပါသည်ခင်ဗျား။

ကျွန်တော်တို့ဆီမှာ တူရွင်းထမ်းချင်သူ ရှားပြီ။ ပေါက်ပြားနဲ့တူးပြီးလေ့လာထားခဲ့တာတွေကို ဟိုပြင်ဒီပြင် လုပ်သူတွေ ရှိလာတယ်။ ရှေးကသာ အထုံအမွှမ်းတွေများခဲ့တာ မဟုတ်။ နောက်ဆရာတွေကလည်း ကိုယ့်ဘုရင်တွေရဲ့ မယ်တော်တွေကို တန်ခိုးရှင်တွေနဲ့ ပေးစားကြတယ်။ အခုထိ။

ဦးဖေမောင်တင်ရေးတဲ့ သတ်ပုံတွေကိုပါ လေ့လာစေချင်ပါတယ်။ တယောက်နှင့် တယောက်လို့ ရေးတယ်။ ဖေါ်လို့ ရေးတယ်။ အဲလိုရေးတာ မှားတယ်လို့ ၁၉၈၀ ကျော်မှာ တက်လာတဲ့မြန်မာစာပါမောက္ခတွေက ပြောကြတယ်။ ၁၉၇၃ ဆိုတာ ရှေးမကျသေးပါ။ တိုင်းပြည်သမိုင်းနဲ့ မြန်မာစာသမိုင်းကို ပြင်ချင်တဲ့ အကျင့်ဆိုးရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး