သူလဲလေ လောကီသားပေမို့

ဒါ သင်ရိုးသစ် ဒုတိယတန်းဖတ်စာပါ။ စာပိုဒ်မှာ သားတို့လဲဆိုပြီး သုံးထားပါတယ်။ အောက်က အရေးကြီးသော အချက်များမှာ အပြောစကားနှင့် အရေးစကားမတူညီပုံကို သတိပြုစေပါမည်လို့ ပါပါတယ်ဆရာ။ လဲ ဆိုတာကို စကားပြောဟန်မှာ သုံးလို့ရပါသလား ဆရာ။

စံကိုက်သတ်ပုံမှာ လည်း နဲ့ လဲ မတူပါ။
လဲ = အမေးသဘောသက်ရောက်သော ဝါကျအဆုံးစကားလုံး။ တိမ်းစောင်းကျသည်။
လည်း = အတူတူဖြစ်ကြောင်း၊ ပါဝင်ကြောင်း။

ဒါပေမဲ့ စကား၊ စကားပြောသလိုစာရေးနည်း၊ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ အရင်ခေတ်ကတည်းက အဆင်သင့်သလို ရေးကြတယ်။ ကဗျာ ၂ ပုဒ်ကို တင်ပြပါမယ်။ လဲ သုံးထားတယ်။

သူလဲလေ လောကီသားပေမို့ (မင်းညိုဦး)

အပြင်ဘက်ဝယ်
မအက်မစွန်း ဘော်ဖြူဝန်းမူ
ရွှန်းရွှန်းတောက်ပ လှလျှက်လှသည်
ညသည် နုပျိုကြော့နေဆဲ။

မတောက်တတောက်
ကြယ်ပြောက်ပြောက်လည်း
တည်ဆောက်မရပ် မျက်တောင်ခပ်ပြီး
လူ့ရပ်ပြည်ရွာ ငုံ့ကြည်ရာတွင်
ပြုံးမှာလိုလို မဲ့သတည့်။

ထိုရောကာလ
အရိပ်ကျသည့် ပညောင်ပင်ထက်
အိုညငှက်တည့်
ချစ်ဘက်တုံ့လှယ် နော့ကျီစယ်ဆဲ
ငှက်မယ်တခု ဖြတ်သန်းပြုကို
ပျိုနုထွားထွား ငှက်ယောက်ျားက
စူးဝါးစိုက်စိုက် လိုက်၍ကြည့်လျှင်
သူ့ရင်ထဲမှ ငှက်မယ်လွလည်း
ဒေါပွခံခက် ရုတ်တရက်နှင့်
စိတ်စက်ကောက်မူ ဟင့် ဟင့် ကျူသော်
ချစ်သူမယ့်ကြိုက် အလိုလိုက်ပြီး
ပွေ့ပိုက်ချော့တော့ မယ်လည်းပျော့သည်
မော့ကာ မွှေးမွှေးကြူပြီတကား။

ပိတောက်ပန်း (ဇော်ဂျီ)

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေ အဖျူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွဲ့ချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

ပြန်ထုတ်တွေမှာ အတော်မှားကြတယ်။ ဝီကီပီးဒီယားမှာ သတ်ပုံမှန်တယ်။
မြန်မာစာသင်ကြားရာမှာ စာနဲ့ စကားခွဲခြားသင်ရမယ်။ ရေးတော့အမှန် ဖတ်တော့အသံကို ရှင်းပြရမယ်။ အဲတာမှာ ခုခေတ် မြန်မာစာသင်ကြားသူတွေ အတော်လွဲနေတယ်။ ပိတောက်လို့ရေးရတာကို ဗဒေါက်သံထွက်ခြင်းမျိုးကသာ ရေးတော့အမှန် ဖတ်တော့အသံထုံးနဲ့ ညီတယ်။ တခါတရံကို စသတ်တွေနဲ့ရေးခိုင်းပြီး တခါတရံသံထွက်ခိုင်းတာက မှားတယ်။

မြန်မာစာကိုတော့ လောကီသားဖြစ်လို့ အမှားကိုခွင့်လွှတ်ပါပြောလို့ မသင့်ပါ။ အမှန်ကိုသာ ပြင်ရေး သင်ပေးကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး