မြန်မာစာပေသမိုင်း
သမိုင်းကိုရေးမှာမဟုတ်ပါ။ အတိုချုပ်အထိလည်း မစုံပါ။ ခေတ်ကြီးတွေပြောင်းတာနဲ့အမျှ မြန်မာစာပေ တိုးတက် စည်ပင်လာခဲ့တာကို ပြောပါရစေ။ ခေတ်ကြီး (၈) ခေတ်။
၁။ ပုဂံခေတ်
မြစေတီကျောက်စာခေါ် ကူပြောက်ကြီးဘုရားကျောက်စာ။ ပုဂံမြို့ မင်္ဂလာစေတီတော်အနီးမှာရှိတဲ့ သျှင်ဒိသာပါမောက္ခကျောက်စာ။
သိုကလေ။ ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား စုံတောပြား၌၊ နံ့ရှားကြုင်လွင့် ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ပန်းစံကား။
အနန္တသူရိယ အမြက်ဖြေလင်္ကာ (ခေတ်ကာလကို အတည်ပြုရန်လိုသေး)
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည့်။
၂။ ပင်းယခေတ်
မြင်စိုင်းငါးစီးရှင် ကာချင်း
တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။ ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်း သည်ရင်း သည်ရင်း။
စတုရင်္ဂဇလအမတ်ကြီးရေးသားတဲ့ ရတု၊
ရွှေဘဝါးတော်အောက် ကျွန်ုပ်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊
၃။ အင်းဝခေတ်
ပျို့၊ လင်္ကာ၊ ရတု၊ ဧချင်း၊ မော်ကွန်း၊ မေတ္တာစာ၊ ဂါထာတွေသီကုံးဖွဲ့ဆိုခဲ့ကြတယ်။ တောင်တွင်းကြီးမြို့က ပေလေးပင် ရှင်လေးပါး၊ ရှင်ဥတ္တမကျော်၊ သျှင်မဟာသီလဝံသ၊ ရှင်အုန်းညို၊ ရှင်ခေမာ။
စက်ဆယ့်နှစ်လီ၊ ဒွဒသီတွင်၊ သုံးလီဥတု၊ လက်ဝဲလုသား၊ ရတုသာစွ၊ လမဏ္ဍလင်၊ သဘင်ဂိမှာန်၊ တာသင်္ကြန်ဟု၊ လေပြန်လွင့်ကူ၊ ဘုံသစ်ထူသော်၊ ပုဏ္ဏဂူနတ်၊ ဖလ်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာရှိန်က၊ ပြင်းရှိန်နန္တ၊ ဘုန်းစွမ်းပြက၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊ (ရှင်ဥတ္တမကျော်)
၎။ တောင်ငူခေတ် (ခရစ်နှစ် ၁၅၂၇ - ၁၅၉၆)
တောင်ငူခေတ်တွင် မြန်မာကဗျာသည် အတော်ပင် အခြေခိုင်ခံ့နေပေပြီ။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်တို့မှ လက်ဆင့်ကမ်း သယ်ဆောင်လာသော မြန်မာကဗျာအင်အားစုသည် အလွန်ကြီးမားသော အခြေအနေသို့ ရောက်ရှိနေသည်။
ပေါ်ထွန်းလာသော ကဗျာစာဆိုများမှာ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်၊ ပြည်န၀ဒေးကြီး၊ ရဝေရှင်ထွေး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ကြသည်။ ၎င်းတို့ဖွဲ့ဆိုရေးသားခဲ့ကြသော ကဗျာလင်္ကာစာပေများ မှာ လှော်ကားသုံးထောင်မှူး၏ မင်းတရားရွှေထီးဧချင်း၊ မင်းတရားရွှေထီးနားတော်သွင်း၊ ရှင်ထွေးနာသိန်၏ အင်းဝမြို့သို့ တမ်းတရတုပိုဒ်စုံ၊ ပြည်န၀ဒေးကြီး၏ မိုးဖွဲ့၊ တောဖွဲ့၊ ပန်းဖွဲ့၊ ပြည်ဖွဲ့၊ နန်းဖွဲ့၊ စစ်ချီမောင်ဖွဲ့၊ ဘုရားတိုင်မယ်ဖွဲ့၊ မောင်ဖွဲ့၊ အမေးအဖြေရတု၊ ကျေးစေရတု၊ သိကြားတိုင်ရတု၊ ဘုရင့်နှမတော်ဧချင်းခေါ် ယိုးဒယားမိဘုရားဧချင်း၊ မင်းတရားမယ်တော်ဧချင်း၊ ဆင်ဖြူရှင်မယ်ဧချင်း၊ မနော်ဟရီပျို့၊ ရှင်ဝေရှင်ထွေး၏ အဏ်ချင်း၊ နတ်သျှင်နောင်၏ ဘုရားတိုင်မယ်ဘွဲ့ရတု၊ ဘုရားတိုင် မောင်ဘွဲ့ရတု၊ ကျေးစေရတု၊ ရာဇဓါတုကလျာဘွဲ့ ရတု၊ သစ္စာတိုင်မယ်ဘွဲ့ ရတု၊ ဆောင်းရာသီ မယ်ဘွဲ့ရတု၊ မင်းဇေယျ ရန္တမိတ်၏ ဥတေနသာချင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇမာဏ၀ိကာသာချင်း၊ မင်းရဲနရာဧချင်း၊ ရှင်သံခို၏ မင်းရဲဒိဗ္ဗဧချင်း စသည့် မြန်မာ ဂန္တ၀င်ကဗျာများဖြစ်သည်။
အင်းဝခေတ်တွင် ရဟန်းစာဆိုပေါများ၍ တောင်ငူခေတ်တွင် လူပုဂ္ဂိုလ်စာဆိုများပြားသည်။ နဝဒေး၊ နတ်သျှင်နောင် ရတုများ၊ ရဝေရှင်ထွေး။ မင်းဇေယျနန္ဒမိတ်၊ ဗညားဒလ၊ မဟာပညာကျော် စသည်။
ပေါ်နွေလလျှင် တောင်ကချိမ့်မြူး မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ် ပျပ်လျက်ပြကာ၊ စိမ်းဝါ မိုးပန်း၊ ထွေထွေမွှန်းက၊ ရေသွန်းသာကြည် ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလောင်းဝှန် ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွ မတတ်သောဝ်။ (နတ်သျှင်နောင်)
၅။ ညောင်ရမ်းခေတ် (ခရစ်နှစ် ၁၅၉၇ - ၁၇၅၁)
ထင်ရှားသော စာဆိုတို့မှာ ရှင်ကရ၀ိက၊ ၀န်ကြီးပဒေသရာဇာ၊ ဦးအောင်ကြီး၊ ဟံသာဝတီရောက် မင်းတို့ဖြစ်သည်။ ရှင်ကရ၀ိက၏ မင်းလှယဉ်နုပျို့၊ မဏိကက်ပျို့၊ ကျေးဇူးတော်ပျို့၊ ကုမ္မာဘယပျို့၊ ဆန္ဒပျို့၊ နုမောလင်္ကာပျို့၊ ကြာနတ်ကေသာပျို့၊ မနော်ပျို့သစ်၊ သမုဒ္ဒဃောပျို့၊ ယိုးဒယားသံရောက်ပျို့၊ မနော်ပျို့၊ ထိပ်ဦးတင်ဧချင်း၊ ထိပ်ဦးနေဧချင်း၊ ထိပ်ပန်းဧချင်း၊ စကုမင်းဧချင်း၊ ထိပ်ဦးနေဧချင်း၊ ထိပ်ပန်းဧချင်း၊ စကုမင်းဧချင်း၊ စလင်းမင်းဧချင်း၊ စန္ဒာသီရိပျို့၊ နုအူပျို့၊ ကြာနတ်ကေသာပျို့၊ မဟာပတိပျို့၊ ၃၇မင်းဧချင်း၊ တျာဖွဲ့များ၊ ဘုန်းတော်ဘွဲ့သီချင်းခံ သီချင်းကြီးများ၊ ဇာတ်ချင်းများ၊ ဦးအောင်ကြီး၏ အင်းဝမြို့ဖွဲ့၊ ၁၂ ရာသီ လူတားကဗျာများ၊ ဟံသာဝတီရောက် မင်း၏ ပုဂ္ဂိုလ်ခြောက်မည်အစချီသုံးချက်ညီပိုဒ် စုံ၊ ကုဇ္ဇတိပလုဇ္ဇတီတိလောကော၊ သဘောနိယံ၊ လောကစံနှင့်အစချီ အင်းဝပျက်တမ်းချင်းတို့ကို ရေးသားဖွဲ့ဆိုခဲ့ကြသည်။
စကားပြေထွန်းကာလာ။ တောင်ဖီလာဆရာတော်အပါအဝင် ကျော်ကြီးလေးဆူ။ ဦးကုလား မဟာရာဇဝင်ကြီး၊ ဝန်ကြီးပဒေသရာဇာ ပျို့၊ တျာချင်း၊ ပြဇာတ်၊ သီချင်းကြီး၊ သီချင်းခံ၊ နတ်သံ။
တယောက်ချင်းသည် ထမင်းခူးသော် တဆုပ်ကယ်နေ့တိုင်း၊ လမိုင်းရှိပူဇော်၊ သွေးသောက်ကယ်ခေါ်၊ အဖော်ပေါင်းညှိ၊ ငုံ့ကာငုံ့ကာ၊ ဝပ်၍သာ၊ ဆုပ်ကာလွေးလိုက်ဖိသည်နှင့်လေး။ ။ စာမိစားရာ ဝမ်းမှာကျင့်တော့သည်၊ ပိန်းကောလှေသူကြီးမှာ ချမ်းသာမြင့်တော့သည် (ဝန်ကြီးပဒေသရာဇာ)
၆။ ကုန်းဘောင်ခေတ် (ခရစ် ၁၇၅၂ - ၁၈၈၅)
ကုန်းဘောင်ခေတ်တွင် စိန္တကျော်သူဦးသြ၊ လက်ဝဲသုန္ဒရ၊ ရွှေတော်နန္ဒသူ၊ ဦးဖျော်၊ မိဘုရားကြီး ရှင်မင်း၊ အတွင်းဝန် ဦးညို၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ၊ ဦးတိုး၊ ဦးယာ၊ မယ်ခွေ၊ ကြည့်ကန်ရှင်ကြီး၊ ၀က်မစွတ်န၀ဒေး၊ ဦးအောင်ဖြိုး၊ ဦးရောက်ကြီး၊ ဘိုးသူတော်ဦးမင်း၊ လူဦးမင်း၊ ဦးရွှန်း၊ ဦးကြင်ဥ၊ ဦးရွှေခြည်၊ လှိုင်ထိပ်ခေါင်တင်၊ စလေဦးပုည၊ ကင်းဝန်မင်းကြီး၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော် စသော စာဆိုကျော်များထွန်းကားပေါ်ပေါက်ခဲ့လေသည်။
အတုလဆရာတော်၊ ဧချင်းဆရာဦးဖျော်၊ စိန္တကျော်သူဦးသြ (ကဝိလက္ခဏသတ်ပုံ)၊ လက်ဝဲသုန္ဒရဦးမြစံ၊ ရွှေတောင်နန္ဒသူ၊ ရွှေတောင်နန္ဒမိတ်၊ ငစဥ့်ကူးမင်း၊ တွင်းသင်းတိုက်ဝန်မဟာစည်သူ စသည်။
တေးထပ်နဲ့ လေးဆစ် ပေါ်လာတယ်။ ဓမ္မသတ်ကျမ်းပေါ်လာတယ်။ ဝတ္ထု (ရတနာ့ကြေးမုံ) အရေးအသား ပေါ်လာတယ်။
ပြဇာတ်အရှည် အတိုတွေပေါ်လာတယ်။ ကုန်းဘောင်ခေတ်နောက်ပိုင်းမှာ နိုင်ငံခြားဆက်ဆံရေးတွေဖြစ်ထွန်းလာလို့ စာပေအရေးအသားမှာ ဝင်ရောက်လာတယ်။ မြဝတီဦးစက ယိုးဒယားသီချင်းတွေရေးတယ်။ ကင်းဝန်မင်းကြီး၊ စလေဦးပုည၊ ဦးကြင်ဥ၊ ဦးတိုး၊ ဝက်မစွပ်မြို့စား နဝဒေး၊ မင်းပူး၊ မောင်းထောင်၊ မုံရွေး၊ မန်လည်၊ ကျည်းကန်ရှင်ကြီး၊ လယ်တီဆရာတော်တွေပေါ်ထွန်းလာတယ်။ အနောက်နန်းမတော်မမြလေး၊ လှိုင်ထိပ်ခေါင်တင် စသည်။
လွမ်းမပြေ၊ မန်းမြေတမိတော့၊ ကမ်းခြေမှာ စမ်းရေကျတယ်နှင့် ဖျန်းလေက တသုန်သုန်။ (ဦးကြင်ဥ)
သည်ဆောင်းဟေမန် မြောက်ပြန်လေညှင်း ဆော်တယ်ကို၊ နတ်တော်ပြာသို ခွာညိုတည့် နှင်းဖုံဖုံ (မြဝတီဦးစ)
၇။ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရခါစခေတ်
သူရိယသတင်းစာထွက်လာတယ်။ ဇာတိမာန် ဇာတိသွေး အရေးအသားတွေထွန်းကားလာတယ်။ စာရိတ္တမြှင့်တင်ရေး အရေးအသားတွေရေးသားကြတယ်။
မြန်မာနိုင်ငံသုတေသနအသင်းကြီးဖြစ်လာတယ်။ မြန်မာနိုင်ငံ ပညာပြန့်ပွါးရေးအသင်းကြီးဖြစ်လာတယ်။ ဂန္ထလောက စာစောင် ထုတ်တယ်။ သိပ္ပံမောင်ဝ၊ ဦးအေးမောင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ။ တော်စိန်ခို၊ ဦးဖေမောင်တင်၊ စတဲ့ စာရေးဆရာ ကဗျာဆရာတွေ မြန်မာပညာရှင်တွေပေါ်ထွက်လာတယ်။
ချစ်စနိုးရယ်နဲ့၊ မြစ်ရိုးက အပြာခြယ်ကို ပျိုနှယ် လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့ ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။ (ဇော်ဂျီ)
နဝါးနီစာအုပ်အသင်းပေါ်ပေါက်လာတယ်။ ၁၃၀၆ နတ်တော်လဆန်း ၁ ရက်နေ့မှာ ပဌမဆုံး စာဆိုတော်နေ့ သတ်မှတ်တယ်။ ဘာသာပြန်စာအုပ်တွေစတင်ထုတ်ဝေတယ်။ ဂျိမ်းလှကျော်ရဲ့ မောင်ရင်မောင် မမယ်မဝတ္ထု၊ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထု၊ စပယ်ပင်ဝတ္ထု၊ လယ်တီပဏ္ဍိတဦးမောင်ကြီး ရာဇဝင်တော်ကြီး။ မဂ္ဂဇင်းတွေ ဂျာနယ်တွေ ထွက်တယ်။
နဂါးနီအသင်းကြီး ပျက်စီးတယ်။ ၁၉၄၇ မှာ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး (စာပေဗိမာန်) တည်ထောင်တယ်။
စာပေဗိမာန်ဆုချီးမြှင့်တယ်။ လူထုသိပ္ပံကျမ်းတွေနဲ့ မြန်မာ့စွယ်စုံကျမ်းတွေပြုစုထုတ်ဝေတယ်။
၁၉၅၆ ခုနှစ်မှာ ဆဋ္ဌသံဂါယနာ တင်တော်မူခဲ့ကြတယ်။ ပါဠိ-မြန်မာစာအုပ်တွေရိုက်နှိပ်ထုတ်ဝေခဲ့တာမှာ မြန်မာစာသတ်ပုံတွေကို အမှန်ဆုံးရေးသားခဲ့ပါတယ်။
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ အအေးတခု အနွေးတခုအားဖြင့် ရေအယဉ် နှစ်ခုတို့သည် ကောင်းကင်မှ ထင်ရှားဖြစ်ပေါ်လာကုန်၏။ (ဓမ္မစေတီတော်၊ သုတ်မဟာဝါပါဠိတော် မြန်မာပြန်)
၈။ စစ်အာဏာသိမ်းပြီးခေတ်
ပညာရေးကို အားမပေးတဲ့အပြင် ဖျက်ဆီးခဲ့တယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို အသစ်ထုတ်ပြီ။ တ ကို တစ် လုပ်စေတာအပါအဝင် သတ်ပုံတွေကို ဖေါ်မြူလာချရေးနည်းလုပ်လာတယ်။
နောက်ထပ်စစ်အာဏာသိမ်းတော့ အဲဒီအသစ်ဆိုတာကို ဥပဒေကဲ့သို့အာဏာတည်သောအမိန့်နဲ့ကျင့်သုံးလာတယ်။ အရင်ခေတ် ၇ ခေတ်က ရေးသားထားခဲ့တာတွေကို သတ်ပုံသစ်နေနဲ့ပြင်ပြီး ၁၉၈၇-၁၉၉၁ မှာ ထုတ်တယ်။
ဒီမိုကရေစီတပိုင်းအစိုးရ လက်ထက်ကစပြီး အွန်လိုင်းစာအုပ်တွေ ပေါ်လာတယ်။ သတ်ပုံမှန်တွေကို ပေါ်လစီအရ ချထားတဲ့သတ်ပုံတွေနဲ့ ပြင်ရိုက်ပြီးတင်ထားကြတယ်။ နောက်မှစာသင်ယူသူတွေက အဲတာတခုတည်းသာ အမှန်လို့ ထင်ကုန်ကြတယ်။
မြန်မာစာကို တန်ဖိုးထားပြီး သတ်ပုံကိုမှန်မှန်ကန်ကန်ရေးသားတဲ့ နဝမခေတ်ကိုမျှော်မှန်းချင်ပါတယ်။ စာပေရိပ်မြုံကြီးတခု ပေါ်ပေါက်လာပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၇-၁၁-၂၀၁၈

Comments
Post a Comment