Bikini Atoll ဘီကီနီကျွန်း

Bikini ဘီကီနီ

ကျွန်တော်က တိုက်ဆိုင်တာတွေဆို မြင်တတ်တယ်။ ဒေါ်နယ်ထရန့် ဂျပန်ကပြန်လာပြီ။ ၂၀၀၅ ခုနှစ်က အိုဘားမား ဂျပန်သွားရင်း ဟီရိုရှီးမားမြို့ကိုပါသွားတဲ့သတင်းနဲ့ ဘီကီနီအလှမယ်ရွေးပွဲသတင်းတွေ ဒီရက်မှာထွက်တယ်။ ဘီကီနီပုံကိုတော့ မသိသူမရှိ။ ဘီကီနီဆိုတာဘာလဲ။ ဒါများ ပြောနေစရာမလိုပါလို့ဆိုကြမယ်။ အဲဒီစကားလုံးဟာ ကျွန်းစုလေးတခုလို့ သိသူကတော့ နည်းမယ်။ ကံဆိုးလှတဲ့ကျွန်းရဲ့နာမည်အထိပါ သိသူကရှားမယ်။

အမေရိကန်ပြည်ထောင်စုကနေ ၁၉၄၆ ခုနှစ်က Operation Crossroads အော်ပရေးရှင်း ခရော့စ်ရုဒ်စ်ခေါ်တဲ့ အနုမြူဗုံး စမ်းသပ်ဖေါက်ခွဲမှု လုပ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ဇူလိုင်လက ထရီနီတီမှာပဌမဆုံးစမ်းပြီး၊ ၁၉၄၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှာတော့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နဲ့ (၉) ရက်နေ့မှာ နာဂါဆာကီမြို့ကို အနုမြူဗုံးချခဲ့ပါတယ်။ အော်ပရေးရှင်း ခရော့စ်ရုဒ်ကို ပစိဖိတ်သမုဒ္ဒရာထဲက မာရှယ်ကျွန်းစုမှာလုပ်ခဲ့တယ်။ ပစ်မှတ်သင်္ဘော (၉၅) စီးကို Bikini Lagoon ဘီကီနီ ပင်လယ်ထုံးအိုင်မှာချထားတယ်။ ဘီ-၂၉ လေယာဉ်နဲ့ အနုမြူဗုံးချတယ်။ မတိုင်ခင် ဘီကီနီကျွန်းစုမှာ နေထိုင်ကြသူတွေက နေရာရွေ့ပြောင်းပေးဘို့သဘောတူခဲ့ကြပါတယ်။ ဘီကီနီကျွန်းစုမှာ လူသူနေထိုင်တာ အခုထိမရှိသေးပါ။

ဘန်ကာဗုံးကို Helen of Bikini လို့ခေါ်တယ်။ ဣတ္တိလိင်အမည်ကိုယူတဲ့သဘောက ဆွဲဆောင်မှု + ဖျက်ဆီးခြင်းဆိုတဲ့ စွမ်းရည်နှစ်မျိုးတွဲရှိတာမျိုးဖြစ်တယ်။ အနုမြူဗုံးဒဏ်ကြောင့် အဲဒီနေရာမှာ အပိုင်းအစလေး နည်းနည်းသာ ကျန်တော့တာကိုအစွဲပြုပြီး အပေါ်တစအောက်တစသာပါတဲ့ မလုံ့တလုံ အမျိုးသမီးရေကူးဝတ်စုံကို ဘီကီနီလို့ ၁၉၄၆ ကတည်းကခေါ်လာကြတယ်။

ဟီရိုရှီးမားမှာချခဲ့တဲ့အနုမြူဗုံးကို Little Boy ကောင်ကလေးနဲ့ နာဂါဆာကီမှာ ချခဲ့တဲ့ အနုမြူဗုံးကို Fat Man လူဝကြီးလို့ အမည်ဝှက်နဲ့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆
၂၉-၅-၂ဝ၁၉

ဘီကီနီပို့စ်အောက်မှာ ကွန်မင့်လေးတွေရတယ်။ ကျေးဇူး။

၁။ မသိသေးတာတွေအတွက် ကျေးဇူးပါဆရာ

၂။ ခုမှ သိရပါတယ်ဆရာ

၃။ ဆရာ့ စာတွေဖတ်ရတာ မှတ်သားစရာတွေ ရပါတယ်။

၎။ မသိသေးတာတွေ ဖတ်ခွင့်ရတဲ့အတွက် ဆရာအား ကျေးဇူး အထူးတင်ပါသည်ရှင့် ရှယ်ခွင့်ပြုပါ ဆရာရှင့်

ကျွန်တော်က ဘီကီနီစာလုံးအကြောင်း ငယ်ငယ်ကတည်းက သိထားတာ။ ငယ်ငယ်က စာတွေဖတ်ဖြစ်ခဲ့လို့။ ကျောင်းပြင်ပစာတွေလည်း ဖတ်လို့သိတာ။ ရန်ကုန်ရှိတဲ့ သံရုံးတွေက စာအုပ်တွေ အလကားပို့ပေးတာကို ရှိရှိသမျှ သံရုံးတွေကနေ မှာတယ်။ အများကြီး။ အဲဒီတုန်းက စစ်အေးကာလ။ ဆိုဗီယက်အုပ်စုနဲ့ အမေရိကန်အပ်စုတို့က အပြိုင်အဆိုင် ဝါဒဖြန့်ကြတယ်။ ကျွန်တော်က လက်ဝဲ လက်ျာ ရွေးမနေပါ။ အကုန်လှမ်းမှာတာ။

အနောက်နိုင်ငံတွေကထုတ်တာတွေက စာရွက်သားကောင်းတယ်။ ဆိုဗီယက်နဲ့ တရုပ်က ညံ့တယ်။ ဂျာမနီကတော့ အရှေ့ရော အနောက်ရော စာရွက်သားတွေ ကောင်းတယ်။ အစ်ဇရေးတို့ ယူဂိုဆလားဗီးယားတို့ကလည်း မကောင်းလှပါ။

အထဲပါအကြောင်းအရာတွေကတော့ အရှေ့နဲ့ အနောက်။ ကျွန်တော်က ငယ်ပေမဲ့ ဘယ်နောက်မှ ကောက်ကောက် ပါမသွားခဲ့ပါ။ တော်သေးတယ်။

လူငယ်လူရွယ်တွေ စာဖတ်ကြစေချင်တယ်။ စာတော့ ရွေးစေချင်တယ်။ စာရွက်သားမဟုတ်ပါ။ အကြောင်းအရာ။ အကြောင်းအရာသာလည်း မဟုတ်သေးပါ သတ်ပုံ။ မြန်မာစာကို ပေါ်လစီသတ်ပုံနဲ့ ရေးသားသူမျိုးဟာ အတိုကိုသာ မြင်သိသူမျိုး။ မြန်မာစာသက်တမ်းက တထောင်ကျော်ပြီ။ သူတို့က အနှစ် ၂၀ လောက်သာကြည့်တယ်။ သူတို့ရေးတာ အချက်အလက်ကော မှန်ရဲ့လား ဆန်းစစ်ဖို့လိုတယ်။

မြန်မာစာကျွန်းမှာ ဗုံးစမ်းခဲ့ဖူးတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး