Wooden Sling Shot ဘတ်ခွ

ဘတ်ခွလို့ရေးပြီး ဘတ်ဂွလို့ စကားနဲ့ခေါ်တယ်။ ဘတ်ခွဆိုတာ နှစ်ခွရှိတဲ့အရာရဲ့ အဖျားစွန်းမှာ သားရေပင်ကြိုး တပ်ထားတယ်။ သားရေပင်တဖက်ဖျားမှာ လောက်စာအိမ်နေရာ ပါတယ်။ နှစ်ခွရှိတဲ့အရာဆိုတာ သစ်ကိုင်း အနေတော်ဖြစ်ဖြစ်၊ သစ်သားကို အကျအန ဖြတ်၊ ထစ်၊ ချောပြီးဖြစ်ဖြစ်၊ တိရစ္ဆာန်တမျိုးရဲ့ချိုကိုဖြစ်ဖြစ် သုံးတယ်။ Handheld Slingshot လို့လည်း ခေါ်တယ်။

သားရေပင်ကို သားရေဖတ်လည်းရေးရလို့ သားရေဖတ်ခွ၊ ဖတ်ခွ၊ ဖတ်ဂွ၊ ဘတ်ဂွဖြစ်လာသလား မသိ။ ကျွန်တော်လို တောသားတွေက စကားကို လေးလေးပင်ပင်ပြောကြတယ်။
Bow and Arrow လေးနဲ့မြား (မျှား မဟုတ်) ဆိုတာမှာ ကြိုးတချောင်းတည်းသာပါတယ်။ မြန်မာပြည်မှာသုံးတဲ့ လောက်လေးခွကတမျိုး။ လောက်လေးခွမှာ မြားနဲ့ပစ်ရတဲ့ လေးကိုင်းမှာ ကြိုး ၂ ချောင်းတပ်ထားပြီး အလယ်မှာ လောက်စာလုံးထည့်စရာ လောက်စာအိမ်ပါတယ်။

ဂျင်ကလိဆိုတာ မြန်မာပြည်မှာ ၁၉၈၈ မှာပေါ်လာတယ်။ ဘတ်ဂွသုံးပြီး သံချွန်နဲ့ပစ်တယ်။ ဂျင်ကလီနဲ့ ဂျင်ကလယ် တွေက ရှေးကတည်းရှိတယ်။ ရိုင်းစိုင်းသော၊ တောကျသော။ ဇင်္ဂလ ကနေလာသတဲ့။
Catapult လောက်လွှဲဆိုတာ ရှေးခေတ်က ဥရောပစစ်ပွဲတွေမှာသုံးတယ်။ အကြီးစားတွေဆိုရင် ခဲ၊ ကျောက်တုံး၊ မီးဗုံး၊ ဆီပူ စတာတွေကို မြို့ရိုးကြီးတွေပေါ်ကျော်ပြီး ပစ်နိုင်တယ်။
မြန်မာသတ်ပုံမှာ ဂွ မရှိ။ အသံထွက်သာဖြစ်တယ်။
ခွကျ (ဂွကျ)
ခွဆုံ
ခွတုတ်
ခွတိုးစပါး
ခွတိုက်
ခွကြမ်းစပါး
ခွကြား
လမ်းဆုံလမ်းခွ၊
သစ်ခွပန်း
ကျော်ခွ
လေးခွ၊
ကျွန်တော်ငယ်ငယ်က ဘတ်ခွကိုင်ဖူးတယ်။ ဘာတကောင်မှ မှန်အောင်မပစ်နိုင်။ အခုတော့ တခါတခါ ဂွကျတယ်လို့ ပြောတယ်။
ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၈
၂၉-၅-၂ဝ၁၉
Comments
Post a Comment