ပင်လယ်နဲ့ သမုဒ္ဒရာ

မနှစ်က ဒီလိုနေ့ ညဦးပိုင်းမှာ ဆေးကျောင်းငယ်ချင်းတွေဆီကို ချိန်းချက်မထားပဲ အလည်သွားတယ်။ ကိုခင်မောင်ကြည်နဲ့ မညွန့်မေအိမ်၊ မြင့်မောင်အိမ်ကို မမိမိဆီက လမ်းညွှန်လိပ်စာရလို့ ရောက်တယ်။ နောက်ဆုံး သက်တင်ကြီးဆီမှာတော့ ပုံမှန် လက်ဖက်ရည်ကို ရယ်စရာမောစရာနဲ့ မြည်းကြတယ်။

ဆရာဝန်တွေရဲ့ ဝန်ထမ်းဘဝတွေ၊ ပင်စင်ယူရတဲ့ မတူကြတဲ့ အကြောင်းခံတွေနဲ့ ရောဂါဗေဒအမျိုးမျိုးတွေကို သိခဲ့ရတယ်။ သူငယ်ချင်းတွေ ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေဟာ ကျွန်တော့် နိုင်ငံရေးပြည်ပဘဝ ခက်ခဲမှုဆိုတာထက် မနည်း မနိမ့် မသေး ကြပါကလား။

အိမ်ရှင်သူငယ်ချင်းတွေရော ဧည့်သည်ကျွန်တော်ပါ တကယ်ကို ငယ်သွားကြပါတယ်။ နိုင်ငံရေးပင်လယ်နဲ့ ဆရာဝန်သမုဒ္ဒရာကို တပြိုင်းတည်း ကူးခဲ့ကြပါတယ်။ အပြန်လမ်းက နောက်ပြန်သွားနေရသလို။

စကားတလုံး ယူလာခဲ့တယ်။ လူတွေမှာ ဒေါသဖြေစရာ ကျန်းမာရေးနဲ့ ပညာရေးပဲရှိသလားမသိတဲ့။ တော်သေးတယ်။ နိုင်ငံရေးမပါလို့။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၈
၂၅-၅-၂ဝ၁၉

Comments