ကလောင်အမည်

နှစ်ခါသုံးခါလောက် ရေးထားတယ်။ ထပ်ဖတ်ရလို့။

ဦးမင်းနောင် အန်တီဒေါ်မာမာအေး အန်တီဖြူ သီ သူတို့သုံးယောက်သီဆိုပုံကို နားထောင်ဖူးတာ သီချင်းစာသားတွေကလည်း တယောက်တမျိုးစီ။ အဆိုပိုင်းမှာတော့ အန်တီဒေါ်မာမာအေးကို အကြိုက်ဆုံးပဲဆရာ

အနုပညာရှင်တွေ စာရေးဆရာ ကဗျာဆရာတွေရဲ့ အမည်တွေမှာ ဦး ဒေါ် ကို မ ဒေါက်တာ စသည် မထည့်သင့်ပါ။

မောင်ထင်၊ မောင်သာရ၊ မောင်စွမ်းရည် အသက်ကြီးလည်း ဦးမဖြစ်ပါ။ ကိုမြကြီး၊ ကိုမင်းနောင် ကွယ်လွန်သွားလည်း ကို။ ဇော်ဂျီက ဇော်ဂျီ၊ တင်မိုးက တင်မိုး၊ ဝင်းဦးက ဝင်းဦး၊ မာမာအေးက မာမာအေးသာ ဖြစ်ပါတယ်။

အမျိုးစပ်ခေါ်ကြတာလည်း မသင့်ပါ။ ဆရာဝန်ကို အမျိုးစပ်မခေါ်ပါရန်ကတော့ အကြိမ်တရာလောက် ရေးပြီးပြီ။ အနုပညာရှင်တွေကို အမျိုးစပ်ခေါ်ကြတော့ အစကတော့ တကယ်ကို အမျိုးတော်တယ်ထင်မိတယ်။

အထူးပြုထားတဲ့အမည်တွေကိုလည်း ရှေ့နောက်ကအစ မပြင်အပ်ပါ။ ဘုတလင်ချစ်လေး၊ လူထုဦးလှ။ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)။ ရှုမဝဦးကျော်။

အမည်သတ်ပုံကို လည်းမပြောင်းကောင်းပါ။ ဒဂုန်ရွှေမျှား၊ ဒဂုန်တာရာ။

တချို့ကလည်း ကလေးတွေကို ချစ်စနိုးခေါ်သလို ခေါ်ကြတယ်။ စိုင်းထီးဆိုင်ကို ဦးထီးခေါ်တာ ရုပ်ဆိုးတယ်။

အနုပညာရှင်တွေက ပြောတော့ မပြောကြပါ။ အလိုက်သိရမယ်။ စည်းသိရမယ်။ သဘာသာပြန်ကောင်းတဲ့ မြသန်းတင့်ကို မစ္စတာ၊ မွန်စီယာ ထည့်ကြည့်ပါလား။

ကလောင်အမည်ကို အနုပညာရှင်တွေက တကူးတက အမြတ်တနိုးရွေးထားကြတာ။ သူတို့ရွေးထာတာကို မဖျက်ကောင်း မပြင်ကောင်းပါ။ သူတို့အမည်ခံယူခဲ့ပုံတွေကို ဝတ္တုတပုဒ်စီ ရေးလို့ရကြမယ်။ လူကြီးမင်းတို့ထည့်တဲ့ မ ဒေါ် မောင် ကို ဦးတွေ မပါတဲ့အကြောင်း။ ပါတဲ့အကြောင်း။

စာနဲ့ရေးတဲ့အခါ လေးစားသမှုနဲ့ ဆရာ၊ စာရေးဆရာ၊ အဆိုတော်၊ ကဗျာဆရာဖြစ်စေထည့်လိုက ထည့်နိုင်ပါတယ်။ မျက်နှာချင်းဆိုင်တွေ့လို့ စကားပြောရင်တော့ အယဉ်ကျေးဆုံး စကားလုံးရွေးရတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး