ဆွမ်းကျွေး တရားနာ ရေစက်ချ







ကျွန်တော်ပြည်ပရောက်နေစဉ် ကွယ်လွန်သွားကြတဲ့ မိဘတွေကိုရည်စူးပြီး ကနေ့ မန္တလေးမြို့ ဘုရားကြီးတိုက် ဆင်မင်းကျောင်းမှာ အမျိုးတွေနဲ့အတူ ဆွမ်းကျွေး တရားနာ ရေစက်ချကြပါတယ်။ မနှစ်က ဒီရက်မှာ။

တွေ့ထားပြီးသူတွေရော အခုမှသာတွေ့ရသူတွေနဲ့အတူ ရပ်နီးရပ်ဝေးက မိတ်ဆွေ အရင်းအခြာတွေပါ လာကြတယ်။ နှစ်ပေါင်းမြောက်များစွာ စောင့်ပြီးမှရတဲ့ ကျေနပ်ဝမ်းမြောက်မှုကို စာနဲ့ ရေးမရပါ။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၈
၂၆-၅-၂ဝ၁၉

ဘုန်းကြီးကျောင်းစည်းကမ်း

ငယ်စဉ်ကတော့ ဘုန်းကြီးကျောင်းကိုလာတိုင်း ဟင်းပေါင်းစားရတယ်။ ဘုရားကြီးတိုက် ဆင်မင်းကျောင်းဟာ အဲသည်တုန်းက ပုခန်းကျောင်းလို့ခေါ်ပြီး အိုဟောင်းနေတဲ့သစ်သားကျောင်းကြီးနဲ့ တိုက်အိုကြီးသာရှိသေးတယ်။ ကနေ့ ဆွမ်းကပ်အပြီး ဧည့်သည်တွေနဲ့ စကားပြောတော့ မဟန ဒုဥက္ကဌဆရာတော်က သူဦးဇင်းဘဝ ရဟိုင်းဈေးကို ဆွမ်းခံကြွရကြောင်းပြောပြတယ်။

ဆရာတော်ရဲ့ငယ်ဆရာ ပုလဲ မင်းရွာကျောင်းဆရာတော်က သီလကောင်းပြီး အလွန်ရိုးတယ်။ ဦးလေးဘုန်းကြီးတွေ ဗုဒ္ဓဂါယာကို ဘုရားဖူးကြွမယ်ဆိုတော့ မင်းရွာဆရာတော်က ဆင်မင်းဆရာတော်ကို မင်းက မဟန ဆိုတော့ အစိုးရဘုန်းကြီး၊ မောင်တင့်ဆွေကို အစိုးရက သူကသူပုန်လို့ခေါ်တယ်။ မင်း ဟိုရောက်ရင် သွားမတွေ့နဲ့တဲ့။

ဆင်မင်းဆရာတော်က ပြန်လျှောက်တယ်။ တပည့်တော်က နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ ပရိယတ္တိသာလုပ်တယ်။ တွေ့ရဲပါတယ်ဘုရား။

ဦးလေးဘုန်းကြီးတွေကို ဒေလီမြို့က ဘုရားနဲ့ဆိုင်တဲ့နေရာလိုက်ပို့ပြီး တည်းခိုတဲ့ရှစ်လေးလုံးဘုန်းကြီးကျောင်းမှာရော အိမ်မှာပါ ဆွမ်းကပ်ခဲ့ပါတယ်။ ဦးလေးဘုန်းကြီးပြောမှသာ မဟန ထဲမှာပါနေကြောင်း ကျွန်တော်က သိပါတယ်။

ဆရာတော်ရဲ့ညီကိုယ်တော်က ကျောင်းတကျောင်းလုံးစည်းကမ်းထိန်းတယ်။ စည်းစနစ်အလွန်ကျတယ်။ လှူဘွယ်တွေ ထားသိုတာ၊ ကိုင်တွယ်ချက်ပြုတ်တာ၊ ပြင်ဆင်ကျွေးမွေးတာ၊ ဆေးကြောသန့်ရှင်းတာအစစ စည်းစနစ်နဲ့လုပ်စေတယ်။

သစ်သားကျောင်းအိုက တိုက်သစ်ဖြစ်လာပြီး ဆရာတော်တွေလည်း ဆွမ်းခံကြွစရာ မလိုတော့ပါ။ စည်းစနစ်ကတော့ အိုဟောင်းသွားခြင်းမရှိပါ။ ကျွန်တော့်အမြင်မှာ နိုင်ငံရေးဆိုတာလည်း တဦးချင်းက စည်းစနစ်ကောင်းပါမှ။

ကျောင်းက ဦးပဉ္ဇင်းတွေကိုယ်တိုင်ချက်တဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းတွေ။ ဦးလေးအရင်း ဆရာတော်သုံးပါးထဲက နှစ်ပါး ရှိသေးတယ်။ ဆရာတော်က ကျန်းမာရေးက နံပါတ်တစ်။ ကျန်တာတွေမှန်သမျှ တစ်နောက်ကလို့ ဆုံးမပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၈
၂၆-၅-၂ဝ၁၉

မနှစ်က ဒီလိုနေ့မှာ

မိတ်ဟောင်းဆွေဟောင်း မိတ်သစ်ဆွေသစ်တွေနဲ့ မန္တလေးမှာ တွေ့ပါတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၈
၂၆-၅-၂ဝ၁၉

မနှစ်က ဒီလိုနေ့ မန္တလေးမြို့ ဘုရားကြီးတိုက် ဆင်မင်းကျောင်းမှာ

ညီအရင်း ဦးတင်လေး၊ ညီဝမ်းကွဲ ဒေါက်တာမောင်ဝင်း၊ ညီအကိုလိုရင်းနှီးသူ ဦးဘကြူတို့နဲ့အတူ ဘုန်းတော်ကြီးတွေကို ဆွမ်းမကပ်မီ ဘုရားဆွမ်းတော်ကပ်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၈
၂၆-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ