စကားဝိုင်းသေးသေး













မနှစ်က ဒီလိုရက် စကားဝိုင်းသေးသေး မုံရွာအိမ်က မန်ကျည်းပင်လေးအောက်မှာ။

ကိုယ့်တိုင်းပြည်ကို ပြန်လာတဲ့ခရီးမှာ တွေ့စရာလူတွေများ၊ သွားစရာနေရာတွေ မနည်းပါ။ နားထောင်စရာစကားတွေ မကုန်နိုင်သေးတော့။

ကွင်းဆက်လေးတွေ တခုပြီးတခု လိုက်ဆက်နေရတယ်။ ကျွန်တော့်ကို ဘယ်လိုလာဖမ်းသလဲတော့ ရေးထားပြီးပြီ။ မဖမ်းခင် ဘယ်လိုတွေ၊ ဖမ်းလို့ လွတ်သွားတဲ့နောက် ဘာတွေဖြစ်ခဲ့သလဲ အကုန်အစုံ မသိသေးပါ။ တရက်ထက်တရက် ကွင်းဆက်တွေ ဆက်မိလာတယ်။

တွေ့ချင်သူတွေ မကုန်သေးပါ။ သိစရာတွေ မစုံသေးပါ။ ကူညီဖေးမသူတွေကို အကုန် မသိသေးတာ စိတ်မကောင်းပါ။ တချို့အဖြစ်အပျက်တွေက မှတ်တမ်းစာရေးဖို့ မသင့်တာတွေ။ မိသားစုအတွင်းသာ ပြောပြလို့ရတာမျိုး။

တချို့ကား အလွန်ကောင်းခဲ့ကြ၏။ တချို့ကား ထင်မှတ် တွေးယူနိုင်တာထက် ဆိုးကြ၏။ ဤကား နိုင်ငံရေးတည်း။

မန်ကျည်းပင်အောက်က ယပ်တောင်တချောင်းစီနဲ့ ပြောနေကြတဲ့မိသားစုစကားဝိုင်းကား မပြီးသေး။ အိပ်ချင်ပြီ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

ဝတ်စုံနိုင်ငံရေး

စတစ်အင်္ကျီနဲ့ တိုက်ပုံမဝတ်လိုက်ရတော့ အအိုက်သက်သာတယ်လို့ ရေးတာကို သဘောမပေါက်တဲ့ကွန်မင့်ဖတ်ရတယ်။

ကျွန်တော်ခရီးထွက်လာတာ တလနည်းနည်းကျော်လာပြီ။ ဓါတ်ပုံတွေလည်းရာကျော်လောက်ပြီ။ ကျွန်တော် စတစ်အင်္ကျီနဲ့ တိုက်ပုံဝတ်မထားတာ သတိထားမိသူတွေရှိမယ်။ လက်ဆောင်ပေးကြတဲ့ အဝတ်အစားတွေထဲမှာ စတစ်အင်္ကျီ၊ တိုက်ပုံ၊ ကချင်ပုဆိုး အကောင်းစားတွေပါတယ်။ ကျေးဇူး။ ခုထိတော့ မဝတ်ဖြစ်သေးပါ။ အခွင့်သင်တဲ့အခန့်ကို စောင့်နေဆဲ။

ဝတ်သင့်သူတွေက ဝတ်ထိုက်တဲ့နေရာမျိုးမှာ ဝတ်စုံဝတ်ကြတာကို သဘောကျတယ်။ ဒီပဲယင်းနှစ်လည်နေ့က ကြည်ရွာ ဘုန်းကြီးကျောင်းမှာ အင်နလ်ဒီဝတ်စုံနဲ့ ဆရာမတယောက်ကနေ ကျွန်တော်တို့ သိလိုတာမှန်သမျှ ရှင်းပြပေးပါတယ်။ ကျေးဇူး။

ကျွန်တော်က ဝေါဟာရတွေကိုနိုင်ငံရေးလုပ်တာ မကြိုက်ပါ။ ဝတ်စုံမပါတဲ့နိုင်ငံရေးလုပ်တဲ့လူဖြစ်လာအောင် ၂၈ နှစ်ကြာ ကျင့်ကြံခဲ့ရပါတယ်။ ယူနီဖေါင်းမပါတဲ့ကာလကို မျှော်လင့်ထားတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

သန်းတရာ

မနေ့က သိန်းတရာ။ ကနေ့မှာတော့ သန်းတရာ။ မုံရွာမှာပဲ မနှစ်က မျက်မြင်ကိုယ်တွေ့။

ညစာကို မုံရွာတောင်ဘက်အဝင်နားမှာရှိတဲ့ဆိုင်မှာ မိတ်ဆွေတွေက ကျွေးတယ်။ ကျေးဇူး။ သန့်ရှင်းပြီး စားကောင်းတယ်။ စကား လွတ်လွတ်လပ်လပ်ပြောလို့လည်းရတယ်။

ပြန်အထွက် နှုတ်ဆက်တော့ အနီးအနားက ဆိုင်းဘုတ်တခုတွေ့ပါတယ်။ မုံရွာမှာ မြန်မာစာမှန်ကြောင်း ထပ်လောင်း သက်သေတည်ပါတယ်။

သန်းတရာအောင် တဲ့။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

ဘုရားဖူးတိုင်း

အလှူရှင်အမည်စာတွေကို ဖတ်တယ်။ သမိုင်းကျောက်စာတွေ့ရင်လည်း ဖတ်တယ်။

ဘုရားဖူးတာလား သတ်ပုံဖတ်တာလားဆိုသူတယောက်ကို ဘလော့လိုက်တယ်။

မြတ်စွာဘုရားသာသနာ နှစ်ပေါင်း ၂၅ဝဝ ကျော်ပြီ။ တရားအစစ်က ပြောင်းမသွားပါ။ မြန်မာစာနှစ်ပေါင်း တထောင်ကျော်ပြီ။ မြန်မာစာသတ်ပုံ ပြောင်းခိုင်းခံထားရတယ်။ မြန်မာစာကို သံဂါယနာတင်သလို လုပ်စဉ်က ရဟန္တာ မရှိခဲ့လို့ထင်တယ်။ ကန်တော့ပါ။

သတ်ပုံပြောင်းအဖွဲ့ကြီး ကုသိုလ်ယူတတ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

နိုင်ငံရေးမိတ်ဆွေတွေက

မုံရွာမှာ ညစာကျွေးစားပါတယ်။ စားလို့လည်းကောင်း စကားပြောလို့လည်းကောင်းတယ်။ ကျေးဇူး။

သူတို့ထဲက တဦးအိမ်မှာ ညစာမပါတဲ့တညတာဟာ ကျွန်တော့်ဖြစ်စဉ်သမိုင်းမှာ အလွန်အရေးပါခဲ့တာ မမေ့ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

ထန်းလေးပင်ကျောင်း

ကျွန်တော့်တသက်မှာ ကျောင်းသုံးကျောင်းသာ တက်ခဲ့ဖူးတယ်။ လေးတန်းအထိ မုံရွာ ထန်းလေးပင်မူလတန်းကျောင်း၊ ဆယ်တန်းအထိ မုံရွာ အထက (၂) နဲ့ ဆေးပညာဘွဲ့အတွက် ဆေးမန်း။

ကျောင်းအရေအတွက်နည်းတော့ အပေါင်းအသင်းလည်း နည်းကျဉ်းတယ်။ ဆရာဆရာမတွေလည်း နည်းရှင်းတယ်။

မနှစ်က ဒီလိုနေ့မနက် မူလတန်းကျောင်းကို တွေ့အောင်ရှာပြီး အရောက်သွားတယ်။ ၁၉၅၄-၅၈ ကဆိုတော့ အနှစ် ၆ဝ ပေါ့။ ကျောင်းသားသစ်လက်ခံနေတဲ့ဆရာမတွေကို ကျွန်တော်က ဆရာမတို့မမွေးခင်းက ဒီကျောင်းသားပါလို့ပြောပြီး မိတ်ဆက်ပါတယ်။ လက်ရှိကျောင်းအုပ်ဆရာကြီးက အမျိုးထဲကဖြစ်နေတယ်။ ကျွန်တော်ဘယ်သွားသွား အမျိုးမလွတ်။ သူငယ်ချင်းမလွတ်။ ဖရင်းမလွတ်။

ဆရာမကြီးဒေါ်အေးကြည်ကို သတိရတယ်။ လေးတန်းကတည်းက အင်္ဂလိပ်စာသင်ပေးတဲ့ဆရာမကိုလည်း သတိရတယ်။ ကျွန်တော်က နာမည်အတိုကောက်စာလုံး တီအက်စ်လို့ရေးတာကို ဆရာမက တီအက်စ်လက်ဖက်ရည်ဆိုင်လို့ စတယ်။ အဲဒီတုန်းက မုံရွာမှာ တီအက်စ်လက်ဖက်ရည်ဆိုင်ရှိခဲ့တယ်။

ထန်းလေးပင်မူလတန်းကျောင်းနားက အမှိုက်ပုံကြီးဘေးနားမှာ ဝါးကပ်တွေနဲ့ဆောက်ထားတဲ့ ကျောင်းဆောင်ကြီးတခု ရှိခဲ့တယ်။ ထန်းလေးပင်ကသူငယ်ချင်း ကြွက်နီ ဘယ်ရောက်နေသည် မသိ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

ရောဂါ မွေးထားတယ်

ကျွန်တော့်ဇနီးက မြွေတို့ ကင်းတို့ဆို အလွန်ကြောက်တာ။ အတူသွားရင် သူပဲ အကောင်တွေတွေ့တတ်တယ်။ ဆောရီး။

ကျွန်တော်ကြောက်တာက မြန်မာစာ မှားရေးတာ။ သွားတဲ့နေရာတိုင်းမှာ အမှားတွေတွေ့တယ်။ မုံရွာတောင်ဘုရားကြီး စောင်းတန်းမှာ ကုသိုလ်ပြုသူတွေအမည်ရေးထိုးထားတာ မိသားတစုရေးသင့်တာကို နောက်ထိုးတချို့သာ စသတ်တာ တွေ့ပါတယ်။ အမှန်တွေသာ များတယ်။ ကောင်းတယ်။

ဘုရားမရောက်ခင် လက်ဖက်ရည်ဆိုင်အသွား သန်းတရာဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်းဘုတ်လည်း ဖတ်ခဲ့သေးတယ်။ ဓါတ်ပုံရိုက်ချိန်မရလိုက်။ မုံရွာက မြန်မာစာတော်တယ်လို့ လိုက်ကြွားချင်လို့။

သတ်ပုံအမှားကြောက်တဲ့ရောဂါ မွေးထားတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

မနှစ်က ဒီလိုနေ့မှာ

နေ့လယ်စာ မုံရွာက မြန်မာထမင်းဆိုင်မှာ စားလို့ကောင်းတယ်။ ဆိုင်ရှင်က ဖရင်းလို့ ပြောတယ်။ ကျွေးတဲ့ သူငယ်ချင်းတွေက နှစ်ခါ သုံးခါရှိပြီ။ စားတဲ့သူက အားမနာပါ။ ဓါတ်ပုံရိုက်ပေးသူလည်း စားပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

ဒေါနခြံမှာ ဒေါနပန်းမတွေ့ခဲ့ပါ

မနှစ်က မနေ့က မုံရွာ ဒေါနခြံရောက်တယ်။ တမြန်နေ့ကလည်း တခြားအိမ်ရောက်သေးတယ်။ ဒေါနပန်းကို မေးကြည့်မိတယ်။ မရှိသလောက်ရှားသွားပြီတဲ့။

ကျွန်တော်တို့ငယ်ငယ်က ဒေါနပန်းဆိုတာ အင်မတန်မွှေးတာ။ ဘုရာပန်းအဖြစ်တင်ကြတာများတယ်။ ဒေါနပန်းနဲ့ မေမြို့ပန်းတွေက ဒေါနခြံနဲ့ အင်းရွာသစ်ကလာတာ။ ဆလပ်ရွက်လည်း အင်းရွာသစ်ကလာရောင်းမှစားရတယ်။

အခုတော့ မြေတွေတန်ဖိုးတက်လို့ ရောင်းကုန်ကြတာနဲ့ ပန်းမစိုက်ကြတော့ဘူးတဲ့။ ကိုယ့်မြေကိုယ်ရောင်းတာတော့ ပြောစရာမရှိပါ။ မွှေးတဲ့ လှတဲ့ပန်းတွေ ဘုရားတင်စရာ တခြားကနေရှာပါမယ်။ သူများမြေကို သိမ်းယူသူတွေရဲ့သတင်းက အနံ့မကောင်းပါ။ ဒေါသပန်းပွင့်စေတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၈
၃၁-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)