Civilianizing This Militarized Nation Could Take Another Three Decades
ဧရာဝတီမှာတင်ထားတဲ့ အင်္ဂလိပ်လို ကွန်မင်ထရီဖြစ်ပါတယ်။ စစ်ပြုထားခြင်းခံရတဲ့ မြန်မာပြည်ဟာ အရပ်သားအသွင် ပြောင်းဖို့ နောက်ထပ် ဆယ်စုနှစ်သုံးခုကြာဦးမယ်တဲ့။
ကျွန်တော်က သတင်းတိုင်းမှာ ပြည်သူပြည်သားတွေကို စိတ်အားပျက်စေတဲ့ဘက်ကနေ သုံးသပ်ချက်ပေးလေ့ မရှိပါ။ ဦးသိန်းစိန်တက်စက ဖွဲ့စည်းပုံပြင်ဆင်ရေး ဘီဘီစီမှာ ဆွေးနွေးကြတော့ တယောက်က ၁၅ နှစ်အနည်းဆုံးလို့ပြောတာကို ကျွန်တော်က သဘောမတူခဲ့ပါ။ ပြောတဲ့သူကတော့ သမတအကြံပေးလားမသိ ရာထူးကြီးတခု ရသွားတယ်။ သိပ်တော့ ကြာလိုက်တယ်မထင်။
အခုခေါင်းစဉ်ကို ခပ်တိုတိုရေးပါရစေ။ အနှစ် ၃၀ များတာလည်းဖြစ်နိုင်တယ်။ နည်းသေးတာလည်း မဖြစ်ပါလို့ မပြောနိုင်။ ဆောရီး။
ကျွန်တော်တို့ သုံးပွင့်ဆိုင် ညံ့နေကြသေးတယ်။ စစ်တပ်ကလည်း ညံ့တယ်။ အရပ်ဘက်ကလည်း ညံ့တော့ တိုင်းပြည်ပါ ညံ့နေတယ်။ ဆောရီး။
စီးပွါးရေးဆိုတာက အကျိုးတရားသာဖြစ်တယ်။ တိုင်းပြည်ညံ့နေတာကလည်း အကျိုးတရား။ အကြောင်းခံက ယူနီဖေါင်းဝတ်တွေနဲ့ အရပ်ဝတ်တွေ ညံ့နေကြတာ။
ပညာတော်သူက နည်းလွန်းတယ်။ စိတ်နေသဘောထား မကောင်းသူ များလွန်းတယ်။ နှစ်တွေကြာခဲ့တာကြောင့် ယုံကြည်မှု နေနေသာသာ၊ အပြန်အလှန်လေးစားမှု မရှိသလောက်သာ။
ဖွဲ့စည်းပုံပြင်ရေးဟာ အထပ်တခုထက်ရသလောက်သာဖြစ်တယ်။ လှေကားထက်တာထက်တော့ အရေးပါတယ်။
ပြည်ပနိုင်ငံရေးကို နှစ်အစိတ်လုပ်ခဲ့ရပြီးနောက်မှာ အထဲကလူတွေနဲ့ စာရေးဆက်ဆံရတာ ဆယ်စုတခု ကျော်လာပြီ။ နေမကောင်းကြသူတွေ၊ နေကောင်းလို့ ပို့စ်တင်သူတွေ၊ သန်ရာသန်ရာ ကွန်မင့်ရေးသူတွေထဲမှာ စစ်မှုထမ်းတွေလည်း ပါတယ်။
အရေမရ အဖတ်မရ ပြောသူတွေ၊ ဘယ်သူကဘာပြောပြော ယုံသူတွေ၊ လိမ်သူတွေ၊ လိမ်တာမသိသူတွေ၊ အချက်အလက်အထောက်အထားနဲ့ပြောလည်း ဇွတ်ငြင်းသူတွေက များလွန်းလှတယ်။ ဘလော့စာရင်းမှာ ၅၀၀ ကျော်ပြီ။ ဖရင်းစာရင်း ၅၀၀၀ ကမလျော့ပါ။
ပညာမျက်စိကို အလုပ်စားပွဲအပြင် မကြည့်ကြတဲ့ အဆင့်မြင်အရာရှိကြီးတွေကလည်း အကုန်လားမသိ။
စာရေးဆရာ ကဗျာဆရာတွေရေးကြတာကလည်း အမွှန်းတင်စာနဲ့ အီမိုရှင်းသာပေးစွမ်းတဲ့စာတွေက များသလားမသိ။
အမှားသင်ပညာရေးကနေ မတက်နိုင်သေး။
ရွှေဝါပြည်ထဲမှာရေးသလို ဤမျှနိမ့်ကျသော ရွှေဝါပြည်သူပြည်သားတို့၏ စိတ်နေယိုယွင်းမှုသည် ရောဂါကူးစက်သကဲ့သို့။
ကျွန်တော်တို့ အဆင့်တိုင်းလိုလို ၁၉၀ မှာသာရှိသေးတယ်။ စိတ်ဓါတ်ကျစရာကိုမရေးပါ။ ပြင်စရာကိုသာ တင်ပြပါတယ်။
ဖျော်ဖြေရေးစင်ပေါ်မှာ တော်တော်ပပ၊ တီဗွီဆခရင်ပေါ်မှာ လှလှပပ၊ စာအုပ်တွေထဲမှာ ဟီရိုး၊ တိုးရစ်တွေလာတဲ့ နေရာတွေမှာ ရွှေရောင်တဝင်းဝင်းနဲ့ ဝါကြွားနေရတဲ့ဘဝကနေ ကျော်ကြရအောင်။
ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၉
ည ၁ နာရီ ၁၄ မိနစ်။

Comments
Post a Comment