မယ်ထွေးမပါ တို့ချည်းသာ

သူငယ်ချင်းတွေက ငါ့ကိုဆို ပြောချင်ဆိုချင် နေကြတာချည်းဘဲလို့ သုံးတာ မှန်လားဆရာ။

သတ်ပုံစာအုပ်ဟောင်းတွေမှာ
ချီး = ဝှဲချီးသည်။ ချီး (မစင်)။

ခြီး = ခြီးမြှင့်သည်။ ခြီးမြှောက်သည်။ ကောင်းခြီးပေးသည်။ အံ့ခြီးဘွယ်ရာ။ ခြီးမွမ်းသည်။ ခြီးကြူးသည်။

ခြည်း = ရုတ်ခြည်း၊

ချည်း = လက်ချည်းသက်သက်။ သူ့ချည်းသာ။ ကောင်းတာချည်းဖြစ်သည်။ ဤသို့ချည်းသာဖြစ်သည်။ အချည်းအနှီး။

သတ်ပုံစာအုပ်ဟောင်းတအုပ်မှာ နှစ်မျိုးလုံးမပါဘူး။ နောက်ထုတ်စာအုပ်တွေမှာတော့ ချီးကျူးလို့ဖြစ်လာပါတယ်။

စစ်အစိုးရလက်ထက်ထုတ် မြန်မာအဘိဓါန်မှာ
ချီးကျူး
ချီးမွမ်း
ချီးမြှောက်
ချီးမြှင့်
ချီးအံ့
ကောင်းချီးစကား
ချောက်ချီးချောက်ချက်
အံ့ချီး

အရင်သတ်ပုံစာအုပ်တွေမှာ
ချီးသောင်း
ချီးပံ့
ခြီးမြှောက်
ခြီးကြူး
ခြီးမွမ်း
ဝှဲခြီး
အံ့ခြီး
ခြီးပင့်
ကောင်းခြီး

ရွှေစွန်ညို

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်
မယ်ထွေးလိုလို့ ဝဲပါတယ်။

မယ်ထွေးမပါ တို့ချည်းသာ
ပါပါရက်သား နောက်ကထား။

မယ်ထွေးအသား ခါးလှတယ်
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။

ချောင်းငယ်ရေချမ်း နွေမှာခန်း
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။

မြစ်ငယ်ရေချမ်း နွေမှာခန်း
ပင်လယ်ရေနဲ့ ဆေးပါ့မယ်။

ပင်လယ်ရေ ဘယ်မခန်း
မယ်ထွေး အမိဖမ်း ။ ။

တချို့ တင်ထားတဲ့ ပို့စ်တွေမှာ ခန်းနဲ့ ခမ်း မှားရေးထားတယ်။

ခန်း
ကိန်းခန်း၊ ကုန်ခန်းသည်၊ ခန်းဆီး၊ ခန်းမဆောင်၊ ခန်းဝင်ဥစ္စာ၊ ခန်းဝါ၊ ခန်းတောက်ပင်၊ ခန်းခြောက်၊ ချွဲခန်းသလိပ်၊ စံခန်း၊ စက်ခန်း၊ စခန်းချသည်၊ စခန်းတထောက်နား၊ စမ္မခန်း (ဗေဒင်သုံး)၊ စာသင်ခန်း၊ ဆုံးခန်းတိုင်၊ တခန်းရပ်ပြဇာတ်၊ တိုက်ခန်း၊ တိုင်းခန်းလှည့်လည်၊ တနေကုန်တနေခန်း၊ ဓာတ်ခွဲခန်း၊ မီးစာကုန်ဆီခန်း၊ ပြခန်း၊ ရုံးခန်း၊ ရှုမခန်း၊ လင်ခန်းမယားခန်း၊ သင်ခန်းစာ၊ အံ့မခန်း၊ အခန်းနံပတ်၊ အိပ်ခန်း၊ အိပ်ရာတိုက်ခန်း၊ စေးမခန်းပင်၊ ဗေဒင်ကိန်းခန်း၊ ရေခန်းသည်၊ လေ့ကျင့်ခန်း၊ သေခန်းရှင်ခန်း၊ နှာရောင်ခန်း။

ခမ်း
ခမ်းကြီးနားကြီးခမ်းနား၊ တခမ်းတနား၊ ကြီးကျယ်ခမ်းနား၊ မင်းခမ်းမင်းနား၊ မျက်ခမ်းစပ်ရောဂါ၊ သဘင်အခန်းအနား၊ အခမ်းအနား၊ ကျောင်းသင်္ခန်း၊ ကျောင်းသင်္ခမ်း၊ နှုတ်ခမ်း၊ နှုတ်ခမ်းမွေး။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး