မင်းနေပြည်

ကျွန်တော်က မင်းနေပြည်နဲ့ အကျိုးပေးပုံမရပါ။ အသစ်ဆောက်တဲ့ လွှတ်တော်မတိုင်မီကသာ အမတ်ဖြစ်တယ်။ မနှစ်က အလည်ပြန်တော့ နေပြည်တော်ကိုသွားမလို့ဟာ နည်းနည်းနေမကောင်းတာနဲ့ ရက်ရွေ့ဆိုင်းလိုက်ရတယ်။

နေပြည်တော်သွားမှာဆိုလို့ အထင်တော့ မလွဲစေ မကြီးလိုပါ။ ရင်းနှီးတဲ့ဆရာတော်တပါးနဲ့ တွေ့ဖို့ပါ။ ဆရာတော်က နေပြည်တော်နားကရွာတရွာမှာ ကျောင်းသားတွေကို အင်္ဂလိပ်စာသင်ပေးနေတာ။ ယူအက်စ်အေက အင်္ဂလိပ်စာသင်နည်း စာအုပ်တစုံ ကပ်လှူဖူးတယ်။

နေပြည်တော်ကောင်စီမှာ တာဝန်ယူနေရသူတယောက်ကလည်း ၅ တန်းကတည်းကသူငယ်ချင်း။ သူနဲ့လည်း မုံရွာ စတိတ်တူးကအကြောင်းတွေသာ ပြောဖြစ်မှာ။

ကျွန်တော့်သားအကြီးဆုံး (ကွယ်လွန်) ရဲ့ သူငယ်ချင်းတယောက်လည်း နေပြည်တော်ကနေ ဖုန်းဆက်သေးတယ်။

အမတ်တွေထဲမှာ ကျွန်တော်ကိုသိသူ လက်ချိုးရေလို့ရတယ်။ တွေ့ရင် သူတို့နဲ့ ခြင်းခတ်ဖြစ်မလား မသိ။ ဂေါက်သီးတော့ မရိုက်တတ်။

တည်းမဲ့အိမ်က ပညာရေးဝန်ကြီးဌာနက အရာရှိတဦး။ သူနဲ့တော့ ပညာရေးစနစ်သစ်အကြောင်း ပြောချင်မိတယ်။

ကျွန်တော်က မင်းရွာမှာ မွေးတယ်။ အမေ့ရွာက မင်းတိုင်ပင်၊ ကိုယ်တိုင်က မင်းဘေးသင့်တဲ့ မင်းပြေး။ မွေးတဲ့တိုင်းပြည်ကို အရောက်လာနိုင်ပေမဲ့ မင်းနေပြည်ကား မမျှော်သော်လည်း ဝေးနေဆဲ။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၈
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး