ကျွန်တော့ရွာ
ဇာတိရွာ အိမ်ခြေတရာမရှိ၊
ဒါပေသိ နွေရာသီတိုင်းမှာ ကိုယ့်ကမ္ဘာဖြစ်ခဲ့၏။
ရွာတောင်ဘက်က ယမားချောင်း၊ ကားမောင်းဘို့ခက်၏၊
အုန်းလက်၊ ငှက်ပျောဖက်၊ သစ်ရွက်၊ မြက်၊ အိမ်တိုင်းက လမ်းပြင်အင်ဂျင်နီယာထွက်ရ၏။
သဲသောင်စပ်တွင်၊ ကြက်သွန်၊ ခရမ်းချဉ်၊ နှစ်စဉ်စိုက်၊
ဈေးကိုက်တဲ့အခါကိုက်၊ အရင်းစိုက်ရတဲ့အခါစိုက်။
ရွာမှာဈေးမရှိ၊ အိမ်ဆိုင်လည်းမရှိ၊
ခေါင်းရွက်သည့်အသယ်၊ ဈေးလည်ရောင်းသူအလာစောင့်ရ၏။
ခြံထွက်သည့် ကွမ်းရွက်၊ အခင်းထွက် အရွက်အသီး၊
ဝက်မလွတ်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊
မနီးမဝေး ငါးရက်တဈေး၊ ဈေးလှည့်ရောင်းရ၊ ဈေးလှည့်ဝယ်ရ၏။
ခြံစည်းရိုးဟိုဘက်မှာ ပြောင်းဖူးခင်း၊
အိမ်ခေါင်းရင်းက အုန်းပင်၊
ပင်ထက်မှည့် သင်္ဘောသီး၊
ဆီးယိုကနှစ်ပေါက်၊ မုန့်လက်ကောက်၊ မုန့်ဆီကျော်၊
ပဲလှော်ကမျိုးစုံ၊ ဆီဆုံက နှမ်းပတ်ခဲ၊
အမဲခြောက်ဖုတ်၊ ပေါက်ပေါက်ဆုပ်၊
ဧည့်သည်လုပ်မလား၊ အိမ်တိုင်းမှာ ကြက်မွေးထား။
မြို့သားကျွန်တော်၊ ဆရာတော့်ဆွမ်းကျန်စားပြီး စာအံ၊
ကျောက်တန်နဲ့ ကျောက်သင်ပုန်း၊ ဝလုံးကစ၊
ဆယ်ခြောက် ဆယ်နှစ်လီထိ အလွတ်ကျက်ရ၊
တက်ဘလက်ခေတ်ကြမှ အလွတ်သင်ပညာရေး၊ ရှေးကြတယ်လို့ သတ်မှတ်ခံရ၊
ငယ်ကတည်းကစာ ခုထိအလွတ်ရ၊ အတွေးကြတော့ တောဆန်၊ အရေးကလဲ တောသံ၊
ဘာလိုလိုနဲ့ တောမပြန်ရတာကြာပြီကော။ ။
အဲဒီစာရေးအပြီး ငါးနှစ်အကြာ မနှစ်က အလည်ပြန်တော့ ငယ်ငယ်က ဆော့ကစားခဲ့တဲ့ မင်းရွာ ဘုန်းကြီးကျောင်းထဲက သစ်ချိုပင်ကြီးအောက်မှာ ဓါတ်ပုံရိုက်ခဲ့တယ်။ သစ်ချိုပင်ကြီး အိုလှပြီ။ ကျွန်တော့်အသက်လိုပဲ။
မင်းရွာက ချင်းတွင်းမြစ်အနောက်ဖက်၊ ပုလဲမြို့နယ်ထဲမှာရှိပါတယ်။
ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၄
၂-၅-၂ဝ၁၉

Comments
Post a Comment