တကျပ်ဘယ်လောက်လဲ
သို့မဟုတ် ၄ ကျပ် ၁ ဒေါ်လာ
ဆရာ တကျပ်မှာ ၆၄ပြားဆိုတာ ဘယ်လိုတွက်တာလဲသိပါရေစ။ ကျမက ပြားတရာ ငွေတကျပ် သတ်မှတ်တဲ့ ဦးနေဝင်းခေတ်မွေးခဲ့သူပါ။
ဝင်းအောင်ကြီး (မောင်အောင်မွန်) ရေးထားတာကို ကိုးကားပါရစေ။ စက္ကူနှင့်မင်ရှိလျှင် နံပါတ်တူငွေစက္ကူ ရိုက်၍ရသော မြန်မာပြည်တွင် တကယ်ရှိခဲ့ဖူးသော ငွေစက္ကူလို့ ရေးထားတာရှိတယ်။
မြန်မာနိုင်ငံတွင် လူအများသုံးစွဲရန် ငွေကြေးစနစ် သတ်မှတ်ခြင်းကို မင်းတုန်းမင်းလက်ထက်၌ စတင်ကြောင်း မှတ်တမ်းများတွေ့ရ၏။ ကုန်းဘောင်ခေတ်၏ ထိုဒုတိယ နောက်ဆုံးဘုရင်သည် မြန်မာပြည်အောက်ပိုင်းအား အင်္ဂလိပ်တို့ သိမ်းပိုက်ထားသည်ကိုလည်း မြင်နေရပြီ။ ကမ္ဘာကြီးဆိုသည်မှာ မိမိတို့နေပြည်တော် လောက်မျှသာဟု အမြင်မကျဉ်း ဘ၀င်မမြင့်။ တိုင်းသူပြည်သား လူအများသုံးစွဲရန် နိုင်ငံသုံးငွေကြေားစနစ်ချမှတ်သည်။ ငွေဒင်္ဂါးပြားများ သွန်းလုပ်၏။ ထိုငွေကို ပထမမြန်မာကျပ်ငွေ (1852-1889 AD) ဟုခေါ်သည်။
ထိုအချိန်တွင် အင်္ဂလိပ်သိမ်းပိုက်ဒေသများ၌ အိန္ဒိယနိုင်ငံမှ Reserve Bank of India ၏ ရန်ကုန်ရုံးခွဲ Rangoon Branch Bank က Rupee ငွေစက္ကူများ ထုတ်၍ လည်ပတ်ကာ လူအများသုံးစွဲသည်။ တစ်ရူးပီးကို အရပ်သုံးစကားဖြင့် တကျပ်ဟု ခေါ်ကြသော်လည်း မြန်မာနိုင်ငံငွေ ကြေးသမိုင်း၌ မြန်မာကျပ်ငွေဟူ၍ မသတ်မှတ်ချေ။ ရတနာပုံနေပြည်တော်က ထုတ်သော ကျပ်ငွေ ရှိနေသေးသောကြောင့် ဖြစ်ဟန်တူပါသည်။ Rupee ငွေစက္ကူများအပြင် တစ်ရူးပီးနှင့်ညီမျှသော ငွေဒင်္ဂါးပြားများလည်း ထုတ်ဝေ၍ သုံးစွဲကြစေ၏ ကျပ်-ပဲ-ပြား စနစ်နှင့်ခွဲသည်။ တကျပ်တွင် ၁၆ ပဲရှိ၍ တစ်ပဲကို ၄ ပြားဟု ထပ်ခွဲပြန်သည်။ ၂ ပဲကို တမူးခေါ်၏။ ၈ (ရှစ်) ပဲသည် တကျပ်၏တ၀က်၊ တန်ဖိုးအားဖြင့် ၄ မူးပါ၊ သို့သော် ၄ မူးဟု မခေါ် ၅ မူးဟုခေါ်၏။ ၄ ပဲကို တမတ်ဟုခေါ်ပြီး ၄ မတ်သည်တကျပ်ဖြစ်သည်။
မြန်မာတပြည်လုံး အင်္ဂလိပ်လက်အောက်သို့ ရောက်သွားချိန်၌ Bank of England က ငွေစက္ကူများထုတ်လိုက်သည်။ သို့သော် ထိုငွေစက္ကူသည် အင်္ဂလန်သုံး ပေါင်၊ သျှီလင်၊ ပဲနိ စနစ်ဖြစ်နေပြန်၍ ကိုလိုနီနိုင်ငံ အားလုံး၌ ထိုစနစ်အတိုင်း လိုက်သုံးကြရန် အခြေအနေမပေး လက်တွေ့မကျဖြစ်ရပြန်ပြီ။ အဖြေရှာကြရသည်။ Bank of England ကို မဏ္ဍိုင်ထားပြီး ပေါင်စတာလင် (Pound Sterling) မိသားစု သို့မဟုတ် ငွေကြေးစနစ် တည်ထွင်ကျင့်သုံးကြသည်။ မိသားစုနိုင်ငံ တနိုင်ငံသည် မိမိတို့နိုင်ငံသုံး ငွေစက္ကူထုတ်နိုင်၏။ ထုတ်သောငွေကြေး ပမာဏကို ရွှေချောင်းများဖြင့် အပေါင်ထားရပြီး ထိုငွေ၏တန်ဖိုးကို Bank of England ကအာမခံ၏။ ထိုအခါ ဗြိတိသျှ ကိုလိုနီနိုင်ငံများ ကြားမှာသာမက ကမ္ဘာပေါ်က မည်သည့်နိုင်ငံနှင့်မဆို အဆင်ပြေချောမွေ့စွာ ရောင်းဝယ် ဖောက်ကား ဆက်ဆံ၍ရလာ၏။ ဗြိတိသျှကိုလိုနီကာလနှင့် ဒုတိယကမ္ဘာစစ်ကြီးပြီးစ မြန်မာပြည်တွင် Reserve Bank of India ၏ ရန်ကုန်ရုံးခွဲ Rangoon Branch Bank က Rupee ငွေစက္ကူများသည် အာမခံချက်ရှိသည့် ပေါင်စတာလင် ငွေကြေးစနစ်ဝင်ဖြစ်သည်။
ဂျပန်တို့သိမ်းပိုက်သောကာလ၌ ဂျပန်စက္ကူဟု လူအများသုံးငွေ ပေါ်လာသည်။ အသစ် စက္ကူကထူမို့ ထောင်လျှင်မလဲ မာလည်းမာ၍ ထောင်မလဲသဲကော် ဟု တင်စားနောက်ပြောင် ခေါ်ဝေါ်ကြ၏။ မည်သည့်ပုံစံ မည်သည့်စနစ်နှင့် ထုတ်သည်မသိ၊ မှတ်တမ်းလည်း ရှာမတွေ့ပါ။ ကျနော့်မှတ်မိသည်ကတော့ Money master ဟုခေါ်ကြသူ ဂျပန်စစ်ဗိုလ်က သူ၏ သေတ္တာငယ်လေး သော့နှင့်ဖွင့်ပြီး ငွေစက္ကူအထပ်လိုက် ထုတ်ပေးလေ့ရှိ၏။
ဒုတိယ မြန်မာကျပ်ငွေ (1943-1945) ဟုသတ်မှတ်၏။ မင်းတုန်းမင်းလက်ထက်က ကဲ့သို့ပင် တကျပ် ပြားတရာ စနစ်မျိုးဖြစ်သည်။ အရပ်ထဲတွင် တကျပ်ကို တဒေါ်လာဟုလည်း ခေါ်ကြ၏။ တနေ့ အင်္ဂလိပ်တွေပြန်လာမည်ဟု ယုံကြည်သူအများက Rupee ငွေစက္ကူများ အထူးသဖြင့် ဒင်္ဂါးပြားများ စုထားဝှက်ထားကြသည်။ သို့သော် ဂျပန်ခေတ်တွင်မူ မည်သူမှမသုံးစွဲရဲကြ၊ မိသွားလျှင် ဖက်ဆစ်နည်းနှင့် ညှင်းပန်းနှိပ်စက် အပြစ်ပေးမည်ကို သိထားကြ၍ ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ပြန်လည်သိမ်းပိုက်ထားသော ဗြိတိသျှအစိုးရက ဂျပန်စက္ကူများ တရားမ၀င်တော့ဟု ကြေညာလိုက်ချိန်ကျမှ နိဂုံးချုပ်သွားတော့သည်။
ဂျပန်တို့စစ်ရှုံး ဗြိတိသျှတို့က British Burma ဗြိတိသျှအုပ်ချုပ် မြန်မာနိုင်ငံအဖြစ် ကြေညာလိုက်ရာ Rupee ငွေစက္ကူများ တရားဝင်သုံးစွဲငွေ ပြန်ဖြစ်လာပြန်၏။ ၁၉၄၈ ခု၊ ဧပြီလ ၃ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် (Union Bank of Burma) ကိုတည်ထောင်သည်။ ၁၉၄၇ ခု၊ တိုင်းပြုပြည်ပြုလွှတ်တော်က Act of Union Bank of Burma ပြဋ္ဌာန်း အတည်ပြုခဲ့ပြီးဖြစ်သည်။ တကျပ် ၆၄ ပြားစနစ် ဆက်လက်ကျင့်သုံးနေသေးသော်လည်း Reserve Bank of India ၏ ရန်ကုန်ရုံးခွဲ Rangoon Branch Bank ကထုတ်ခြင်းမဟုတ်တော့ပါ။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ်က ထုတ်ဝေသောငွေစက္ကူဖြစ်လာပြီ။ ပဲစေ့၊ မူးစေ့၊ မတ်စေ့၊ ငါးမူးစေ့ကဲ့သို့သော အကြွေများနှင့်အတူ ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်နှင့် ကျပ် ၁၀၀ တန်များထုတ်၏။ ပေါင်စတာလင် (Pound Sterling) ငွေကြေးစနစ်ဝင်အဖြစ် ဆက်လက်ကျင့်သုံးကြသည်။ ထုတ်လုပ်မည့် ငွေပမာဏနှင့်အညီ ရွှေချောင်းများ Bank of England ၌အပ်နှံထားရ၏။ သုံးစွဲသောမြန်မာငွေစက္ကူပေါ်တွင် ဥပမာ၊ ငါးကျပ်တန်ပေါ်တွင် ငွေစက္ကူထုတ်ရာ အရပ်တိုင်း၌ ငွေငါးကျပ်နှင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံသည်ဟု Bank of England ကိုယ်စားလှယ်နှင့် Union Bank of Burma ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးထားသည်။ ငွေကြေးလဲလှယ်မှု (Money Exchange) တွင် Pound Sterling မှတဆင့် သွားရန်မလို၊ ငွေမာချင်းမို့ တိုက်ရိုက်လဲလို့ရ၏။ ၁၉၄၈ ခုတွင် မြန်မာနိုင်ငံသုံးငွေ ၄ိ (လေးကျပ်) ၇၆ ပြားပေးလျှင် အမေရိကန်တဒေါ်လာ (One US Dollar $) ရသည်။
၁၉၅၂ ခု၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ကုလသမဂ္ဂ၏ ငွေကြေးဆိုင်ရာ အေဂျင်စီများဖြစ်ကြသော အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့်ဖွံဖြိုးရေးဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့၌လည်း အဖွဲဝင်ဖြစ်လာ၏။ မြန်မာ့ငွေတန်ဖိုးတည်ငြိမ်၊ ငွေကြေးကိစ္စရပ်များ၌ ရင့်ကြက်လာပြီ။ မြန်မာတိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားပိုင် ပုဂ္ဂလိကဘဏ်များ ဖွင့်ကာလုပ်ကိုင်နေကြပြီမို့ မြန်မာတို့လည်း ဘဏ်လုပ်ငန်း ပိုမိုနားလည် သုံးစွဲလာကြ၏။ ပြန်ဌန်းဝင် အစိုးရအရာရှိများ၏ လစာကိုဘဏ်တွင် ထုတ်ယူနိုင်ရန် ချက်လက်မှတ်ပေး၏။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ၁၉၅၂ ခု၊ ဇူလိုင်လ ၁ ရက်နေ့တွင် Rupee ငွေစက္ကူအစား ကျပ်ငွေစက္ကူများ ပြောင်းလဲထုတ်သည်။ တကျပ်ပြား ၁၀၀ စနစ်ဖြစ်လာပြီမို့ တတိယမြန်မာကျပ်ဟုခေါ်သည်။ Bank of England နှင့် Union Bank of Burma တို့ညှိနှိုင်း ဆောင်ရွက်သောကြောင့် ငွေတန်ဖိုးကမူ ပြောင်းလဲခြင်းမရှိပါ။ ပဲစေ့၊ မူးစေ့၊ မတ်စေ့၊ ၅ မူးစေ့ တို့နေရာသို့ ၅ ပြားစေ့၊ ၁၀ ပြားစေ့၊ ၂၅ ပြားစေ့၊ ပြား၅၀ စေ့ တို့အစားဝင်လာသည်။
၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းသည်။
၁၉၆၃ ခု၊ ဖေဖောဝါရီလ ၂၃ ရက်နေ့တွင် ဘဏ်ကြီး (၃၁) ခုကိုပြည်သူပိုင်သိမ်းသည်။
၁၉၆၄ ခု၊ မေလ ၁၇ ရက်နေ့တွင် ကျပ် ၅၀ တန်နှင်ကျပ် ၁၀၀ တန်တို့တရားမ၀င်ဟုကြေညာသည်။ လူထုပိုင်ငွေ ကျပ် ၉၁၅ သန်း ၈ သိန်းအစိုးရပိုင်ဖြစ်သွားသည်။
၁၉၆၆ ခု၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပေါင်စတာလင်ငွေကြေးစနစ်မှ ထွက်လိုက်ပြီးနောက် ရွှေချောင်းများ ပြန်ယူလိုက်သည်။ မြန်မာ့ငွေသည် ရွှေမဟုတ်တော့ပြီ။
ထို့နောက် ၀ါဇီမှ ငွေစက္ကူအသစ်များထုတ်သည်၊ လွတ်လပ်စွာ ထုတ်ချင်သလောက်ထုတ်သည်။ ဗေဒင်အရ ၄၅ိ တန်၊ ၉၀ တန်များလည်းထုတ်သည်။ ငွေကြေးဖောင်းပွ၊ တန်ဖိုးကျလာသည်။
၁၉၈၇ ခု၊ စက်တင်ဘာလ (၅)ရက်နေ့။
၁ိ တန်၊ ၅ိ တန် နှင့် ၁၀ိ တန်တို့မှအပ ၂၀ိ တန်နှင့်အထက် သုံးစွဲနေသော ငွေစက္ကူများ တရားမ၀င်တော့ဟု နောက်ထပ်တကြိမ် ကြေညာပြန်သည်။
ဗမာငွေသည်ရွှေ ဆိုသောဘ၀ ၁၉၆၂ ခု၊ မတ်လကစ၍ ကျဆင်းခဲ့ရာ ၁၉၆၆ ခု၊ အောက်တိုဘလ ၁၇ ရက်နေ့တွင် အဆုံးသတ်သွားလေပြီ။
ဦးဝင်းအောင်ကြီး ရေးသားထာတာကို ကိုးကားပါကြောင်း ထပ်မံတင်ပြပါတယ်။ သူက အားကစားသတင်းတွေကို တာဝန်ခံလွှင့်ခဲ့သူ။ မြန်မာစာကို သတ်ပုံမှန်နဲ့သာရေးတယ်။ ကျွန်တော်နဲ့လည်း ခင်မင်တယ်။ ကျွန်တော် မှတ်သားထာတာလည်းရှိတယ်။
၁၅-၅-၁၉၆၄ နေ့မှာ Demonetisation Act of 1964 အက်ဥပဒေနဲ့ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ပဌမဆုံးအကြိမ် တရားမဝင် ကြေညာတယ်။ လက်ဝယ်ရှိသူတွေကို ၅၀၀ ကျပ်ကနေ ၄၂၀၀ ကျပ်သာ လဲလှယ်ပေးတယ်။ အဲတာထက် များတာကို စစ်ဆေးပြီးမှ လဲပေးမယ်လို့ ကြေညာတယ်။ မသမာတာတွေ့ရင် ထောင်ဒဏ်နဲ့ သေဒဏ်တဲ့။
၃-၁၁-၁၉၈၅ နေ့မှာ ဒုတိယအကြိမ် တရားမဝင်ကြေညာတယ်။ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို ပြန်လဲ မပေးတော့ပါ။ အဲလိုမလုပ်ခင်က ၁၀၀ တန်နဲ့ ၅၀ တန်တွေသိမ်းနေခဲ့တယ်။ အခုတခါ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် အသစ်တွေထုတ်ပြန်တယ်။
၅-၉-၁၉၈၇ နေ့မှာ တတိယအကြိမ် တရားမဝင်ကြေညာတယ်။ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေဖြစ်တယ်။ အသစ် ၄၅ ကျပ်တန်နဲ့ ၉၀ တန်တွေရိုက်ထုတ်တယ်။
လူကြီးမင်းတို့လက်ထဲက ပိုက်ဆံတွေမှာ သမိုင်းကြောင်းတွေရှိတယ်။
ပိုက်ဆံကို ဘုရင်က ထုတ်ခဲ့တယ်။ ကိုလိုနီကလည်း ထုတ်ခဲ့တယ်။ အာဏာရှင်က သိမ်းခဲ့တယ်။
၁၆ ပဲ တကျပ်
ဟိုတနှစ်က ဉာဏ်ရည်မမီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက ရွှေတံဆိပ်ရတဲ့သတင်းကို တင်နေကြတာ ဘာသဘောလဲတော့ မသိပါ။ ဆုရတာကို ဝမ်းသာရမှာပါ။ ဉာဏ်ရည်မမီသူချင်း ပြိုင်ကြတာပဲ။ အားနည်းသူတွေကို ဉာဏ်ကြီးသူတွေက သရော်သလိုတော့ မသင့်ပါ။
ရုံးတွေမှာ ပြူးန် ခေါ် ပြာတာခေါ် ရုံးစေ ခေါ် ရုံးလုလင် အထက်မှာ အောက်တန်းစာရေး ရှိတယ်။ ဘယ်အစိုးရဝန်ထမ်းမဆို ယာယီကနေ စခန့်တယ်။ နောက်တော့မှ အမြဲတန်းဖြစ်တယ်။ အောက်တန်းစာရေး တယောက် အမြဲတန်း အောက်တန်းစာရေး ခန့်စာရတော့ ဝမ်းသာရလို၊ ဝမ်းနည်းရမလို။ သူတို့က လစာက ၁၂၆ိ၊ ၁၂ ပဲရတယ်။ ၁၆ ပဲ တကျပ်ခေတ်။ ၁၂ ပဲဆိုတာ ၇၅ ပြား။
မြန်မာစာ အောက်တန်းကျနေတယ်။ အောက်တန်းတော့ အမြဲတန်းမဖြစ်ကြပါစေနဲ့။
ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၆
၃-၁၂-၂ဝ၁၉

Comments
Post a Comment