ဇာလီ နှင့် ကဏှာဇိန်
ညက ကွန်မင့်တခု ရတယ်။ ဝေဿန္တရာ ဇာတ်တော်ကြီးထဲမှာ ဇာလီနဲ့ကဏှာဇိန် မောင်နှမ နှစ်ယောက်က ကောက်ကျစ်တဲ့ရုပ်ရှိသော ပုဏ္ဏားယုတ်လက်မှ လွတ်ရန် ကျောင်းသင်္ခမ်းနားက ရေကန်ထဲသို့ဆင်း၍ ကြာရွက်တို့ဖြင့် ဖုံးကာ ပုန်းနေကြသည်ကို ဖခင် ဝေဿန္တရာမင်းကြီးမှ အော်ခေါ်သော်လည်း မထူးသဖြင့် အဝေးသို့လည်း မပြေးတန်ရာဟု စဉ်းစား၍ ရေကန်အစပ်မှ ခြေရာကို တွေ့ရှိရာ သားနှင့်သမီးသည် ကျိန်းသေပင် ရေကန်ထဲ၌ ရှိသည်ဟု သိလေသည်မှ အစပြု၍ မပြေးသော် ကန်ရာရှိဟု ပြောဆိုသုံးနှုန်းလာခဲ့သည်ဟု မှတ်သားဖူးပါတယ်ဆရာ ကျွန်တော် အမှတ်မှားရင်လည်း ပြင်ဆင်ပေးပါ ဆရာ
မင်းပူးဆရာတော် စာအုပ် မူရင်း ရှိတယ်။ နက်ဖြန်မှ ရှာကြည့်ဦးမယ်။ မေးခွန်းတသုတ်ပြီးတာနဲ့ စာအုပ်လိုက်ရှာ စာရှာ ကြည့်ပါတယ်။ ကုမာရပဗ္ဗခဏ်းမှာ သည်လိုသာ ပါတယ်။
ရေကန်နားသို့ ရောက်သောအခါ ရေကန်ထဲသို့ဆင်းသောခြေရာကို မြင်လျှင် ဤရေကန်ထဲ၌ ငါ့သား ငါ့သမီးများ ပုန်အောင်းနေသည်ဖြစ်ရာသည်ဟု သိပြီး၍ ရေကန်နား၌ရပ်လျက် ချစ်သားဇာလီ ချစ်သားဇာလီဟု ခေါ်တော်မူ၍ -
အဲတာကြောင့် မပြေးသော် ကန်ရာရှိစကားကို မင်းပူးဆရာတော်ရေးသားတဲ့ ဝေဿန္တရာ ဇာတ်တော်ကြီးထဲမှာတော့ မပါပါ။ တခြားရေးသားသူတွေရဲ့ စာအုပ်ထဲမှာတော့ မပြောတတ်ပါ။
စာမျက်နှာ နှစ်ခုမှာ မှတ်သားစရာ သတ်ပုံတွေကိုပါ တင်ပြပါတယ်။
တခုသောချုံထဲသို့ဝင်၍
သင်နှင့်တကွသော
တခွန်းမျှပြန်၍မလျှောက်ထားအံ့ဟု
မြန်မာစာသတ်ပုံမှန်တွေကို ဇူဇကာပုဏ္ဏားလက်သို့ လှူထားလိုက်ပြီးဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
၃-၆-၂၀၂၀

Comments
Post a Comment