Ascites ရေဖျင်း

ဆရာ ကျနော့အသက် ၂၂ ပါ။ ရေဖျင်းဆိုတာ ဘယ်လိုကနေ စဖြစ်တာလဲဗျ။ ရေဖျင်း ဖြစ်ရတဲ့ အကြောင်းရင်းလေ သိချင်လို့ပါခင်ဗျ။

အရပ်ခေါ် ရေဖျင်းကို ဆေးစာနဲ့ Portal hypertension လို့ခေါ်ပါတယ်။ သွေးတိုးကိုခေါ်တဲ့ ဟိုက်ပါတင်းရှင်းဆိုတဲ့ စကားလုံးပါတာ သတိထားမိပါလိမ့်မယ်။ ဖိအားများနေတာ နောက်တမျိုးဖြစ်ပါတယ်။ ပိုတယ်လ်ဆိုတာ Portal venous system ပိုတယ်လ်သွေးပြန်ကြောနစ်တခုကနေ လာတာပါ။ သွေးလှည့်စနစ်ထဲက ထူးခြားတဲ့စနစ်တခုပါ။ သွေးမှန်သမျှ နှလုံးကိုဖြတ်ရပေမဲ့ ဒီစနစ်ထဲကသွေးတွေဟာ နှလုံကို မဖြတ်ကြပါ။ သွေးကြောသေးသေးလေးတွေ ပါတယ်။ လူတွေမှာ ဘေလုံး၊ သရက်ရွက်၊ သည်းခြေအိတ်၊ ဗိုက်ထဲမှာနေတဲ့ အစာလမ်းတွေနဲ့သက်ဆိုင်တယ်။ Ascites ရေဖျင်း ဆိုတာက ဒီစနစ်နဲ့ လုံးဝသက်ဆိုင်တယ်။

အသည်းထဲက သွေးကြောတွေမှာ ဖိအားများနေတာကြောင့်နဲ့ သွေးထဲမှာ ပရိုင်တင်း (အယ်လ်ဗြူမင်) နည်းနေတာဆိုတဲ့ အချက် ၂ ချက်ကြောင့် ဖျင်းစွဲတယ်။ ဒါကြောင့် အသည်းကိုဒက္ခပေးတာတွေကနေ ဖြစ်လာစေနိုင်တယ်။ အများဆုံးက အရက်။ (ဘီ) ပိုးနဲ့ (စီ) ပိုးတွေကြောင့်ဖြစ်ရတယ်။ ဗိုက်ထဲမှာ ကင်ဆာရှိလို့လဲ ဆက်ဖြစ်တာရှိသေးတယ်။ အူမကြီး၊ မျိုးဥအိမ်၊ သားအိမ်၊ သရက်ရွက် နဲ့ အသည်း ကင်ဆာတွေဖြစ်တယ်။ ကင်ဆာကနေဖြစ်တာဆိုရင် “သွေးဖျင်း” လို့ခေါ်တယ်။

တခြားအကြောင်းတရားတွေလဲ ရှိပါသေးတယ်။ ပိုတယ်သွေးပြန်ကြောထဲ သွေးခဲပိတ်ခြင်း၊ နှလုံးတင်းကျပ်ပြီး အလုပ်မလုပ်နိုင်တော့ခြင်း၊ သရက်ရွက်ရောင်ခြင်း၊ နှလုံးအဖုံးရောင်ခြင်း၊ ကျောက်ကပ်ဆေးရခြင်း။

ဘယ်လိုတွေခံစားရမလဲ
ဖြေဖြေးခြင်းနဲ့ ရုတ်တရက်ဖြစ်နိုင်တယ်။ တချို့မှာ ရှိနေမှန်းသတိမထားမိဘူး။ ရေအောင်းတာ များလာတာနဲ့ ဗိုက်တင်း-ဖေါင်းလာလို့ အနေရခက်ခက်လာမယ်။ အသက်ရှူရတာခက်လာနိုင်တယ်။ ပင်ရင်းရောဂါတွေနဲ့ တွဲပြီးခံစားရမယ်။

မျက်စိနဲ့စစ်ဆေးတာ လက်နဲ့စမ်းတာနဲ့သိတယ်။ အသားဝါ (ဂျွန်းဒစ်) ဖြစ်နေတာရှိနေတတ်တယ်။ ၂၄ နာရီအတွင်း ဆီး ဘယ်လောက်သွားသလဲ၊ သွေးထဲက အီလက်ထရိုလိုက်စစ်ဆေးခြင်း၊ ကျောက်ကပ်အလုပ် စစ်ဆေးခြင်း၊ အသည်းအလုပ် စစ်ဆေးခြင်း၊ သွေးထဲက သွေးခဲတာနဲ့ဆိုင်တာတွေစစ်ဆေးခြင်း၊ ဆီးစစ်ခြင်း၊ ဗိုက် အာထွာဆောင်းရိုက်ခြင်း စစ်ဆေးနည်းတွေ လုပ်နိုင်တယ်။

ဘယ်လိုကုမလဲဆိုတာ ဘာလို့ဖြစ်သလဲအပေါ်မူတည်တယ်။ လူနေမှုပုံစံပြင်ခြင်း၊ အရက်ဖြတ်ခြင်း၊ (Sodium 1,500 mg/day) ဆားလျှော့ခြင်း၊ ရေ-အရည်သောက်တာလျှော့ခြင်း၊ Ddiuretics ဆီးသွားစေတဲ့ဆေး၊ Antibiotics ပိုးဝင်ရင် ပိုးသေဆေး၊ Paracentesis ဗိုက်ထဲကအရေည်ဖေါက်ထုတ်ခြင်း တွေလုပ်ပေးပါမယ်။

နောက်ဆက်တွဲဖြစ်နိုင်တာတွေကတော့ Peritonitis ဗိုက်အတွင်းဖုံးလွှာပိုးဝင်ခြင်း (အသက်အန္တရာယ်ကိုထိခိုက်နိုင်)၊ Hepatorenal syndrome ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ခြင်း၊ Malnutrition ကိုယ်အလေးချိန်ကျပြီး ပရိုတင်းနည်းခြင်း၊ Hepatic encephalopathy စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများဖြစ်ခြင်း။

တခြား အသည်းခြောက်ရာကနေ ဖြစ်စေနိုင်တာတွေကတော့ ကိုယ်ပူများဖျားခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းအမည်းရောင်သွားခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ ကိုယ်ရောင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ စိတ်ရှုတ်ထွေးပြီး လန်းဆန်းမှုမရှိခြင်း။

Serum-ascites albumin gradient (SAAG) စစ်ဆေးနည်းက ပိုတိကျတယ်။ > 1.1 g/dL ထက်များတာဆိုရင် ပိုတယ်လ်ကြောင့်ဖြစ်တာနဲ့ < 1.1 g/dL နည်းတာက တခြားအကြောင်းကြောင့် ဖျင်းစွဲတာလို့ သိရတယ်။

Causes of high SAAG များခြင်း
(၁) အသည်းခြောက်ခြင်း Cirrhosis အသည်းခြောက်တာ ၈၁% ဖြစ်တယ်။ ဒီအထဲမှာ အရက်ကြောင့်က ၆၅%၊ ဗိုင်းရပ်စ် ကြောင့်က ၁ဝ% နဲ့ ခရစ်ပတိုဂျဲနစ်ကြောင့်က ၃% ဖြစ်စေတယ်။
(၂) Heart failure နှလုံးအလုပ်နိုင်အောင်မလုပ်နိုင်တော့ခြင်း ၃% ပါတယ်။

Causes of low SAAG နည်းခြင်းဆိုတာ ဘာလို့ဖြစ်လာသလဲ -
(၁) Cancer ကင်ဆာ (၁ဝ%)။
(၂) Tuberculosis တီဘီ (၂%) အပါအဝင် တခြားပိုးဝင်ခြင်း၊
(၃) Pancreatitis သရက်ရွက်ရောင်ခြင်း (၁%)၊
(၄) Serositis, Hereditary angioedema, Meigs syndrome, Vasculitis, Hypothyroidism, Renal Dialysis, Peritoneum Mesothelioma ရှားပါးရောဂါတွေကြောင့် ဖြစ်တယ်။

High SAAG များတာကို ဘယ်လိုကုသမလဲ
Salt restriction ဆား (ဆိုဒီယမ်) လျှော့ပါ၊
Diuretics ဆီးသွားစေတဲ့ဆေးပေးမယ်၊
Water restriction ရေ-အရည် လျှော့သောက်ပါ၊
Paracentesis ဗိုက်ဖေါက်ခြင်း၊
Liver transplantation အသည်းအစားထိုးခြင်း နဲ့
Shunting (ရှန့်) လုပ်ပေးခြင်းနည်းတွေနဲ့ ကုသပေးတယ်။

Low SAAG နည်းတာကို ဘယ်လိုကုသမလဲ
ဒီအမျိုးအစားက ဆားရှောင်တာ၊ ဆီးဆေးပေးတာနဲ့မရဘူး။ ဗိုက်ဖေါက်ပေးတာကိုသာ အားထားရတယ်။ Spontaneous bacterial peritonitis ဗိုက်အတွင်းဖုံးလွှာရောင်တာနဲ့ Thrombosis သွေးခဲပိတ်တာကို သတိထားရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး