MMR Vaccine ကာကွယ်ဆေး

ဆရာရှင့် ကလေးကာကွယ်ဆေး MMR နဲ့ MMR2 ဘာကွာလဲရှင့်။ သမီးလေးကို စင်္ကာပူမှာ MMR2 1st dose ထိုးပြီး နောက်တလနေတော့ မြန်မာပြန်ရောက်နေလို့ မြန်မာမှာ MMR ပဲရှိတယ်ဆိုတာနဲ့ 2nd dose ကို MMR ပဲ ထိုးခိုင်းလိုက်တယ်။ အဲလိုမျိုး ဆေးမတူတာထိုးတာ ရ မရ ခုချိန်ထိ ဇဝေဇဝါဖြစ်နေလို့ပါ။

မြန်မာပြန်ရောက်နေလို့နဲ့ မြန်မာမှာလို့ရေးတာ နားလည်ရခက်တယ်။ မြန်မာဘာသာပြန်သလား စဉ်းစားရတယ်။ မြန်မာပြည်ပြန်ရောက်နေလို့ ရေးသင့်တယ်။

MMR ကာကွယ်ဆေးဆိုတာ Measles ဝက်သက်၊ Mumps ပသိရောင်နဲ့ Rubella (German measles) ဂျာမန်ဝက်သက် ခေါ် ဂျိုက်သိုးရောဂါတွေကို ကာကွယ်ပေးမယ်။ MMR ကာကွယ်ဆေးကို အမေရိကန်ဆရာဝန် Maurice Hilleman ကနေ တီထွင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ Chickenpox ရေကျောက်ရောဂါကိုပါကာကွယ်နိုင်တဲ့ MMRV ကာကွယ်ဆေး ပေါ်လာတယ်။

HIV/AIDS ဖြစ်နေသူတွေ၊ ကင်ဆာရှိနေသူတွေ၊ စတီရွိုက်ဆေး လောလောဆယ် (၂ ပါတ်) ရနေသူတွေ၊ ဆေးကို မတည့်သူတွေကိုတော့ ကာကွယ်ဆေးမထိုးပါ။ MMR vaccine ကာကွယ်ဆေးကနေ ၈ဝ% ကာကွယ်နိုင်တယ်။ ကလေးတိုင်း ၁၂-၁၅ လအတွင်းထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါထပ်ထိုးသေးတယ်။ ယူကေမှာ ကလေးတိုင်းကို ၁၃ လမှာ ထိုးပေးတယ်။ ကျောင်းမသွားမီအရွယ် ၃-၅-၆ နှစ်မှာ တခါထပ်ထိုးပေးတယ်။ အမေရိကားမှာ ၁၂-၁၅ လအရွယ်မှာ ထိုးပေးပြီး၊ ၄-၆ နှစ်မှာထပ်ထိုးတယ်။

M-M-R II ကာကွယ်ဆေးဆိုတာ ဗိုင်းရပ်စ်ပိုးအရှင်တွေကို ပိုပြီးနှိမ်ထားပေးတဲ့ ကာကွယ်ဆေးအမျိုးအစားဖြစ်တယ်။ အသက် ၁၂ လအထက်ကလေးတွေကိုထိုးပေးတယ်။ ကျောင်းမထားခင်တခါထပ်ထိုးစေတယ်။ ၁၂ လကနေ ၁၅ လအတွင်း ပဌမအကြိမ်နဲ့ ၄ နှစ်ကနေ ၆ နှစ်ကြား ဒုတိယအကြိမ်ထိုးလေ့ရှိတယ်။ မလိုအပ်ပဲ အပိုတကြိမ်မထိုးသင့်ပါ။

ဒီကာကွယ်ဆေးထိုးလို့ Autism ခေါ်ကလေးဥာဏ်ချို့ယွင်းမှုရှိသလားဆိုတာ ၁၉၉၈ ကတည်းက မေးခွန်းထုတ်ထားတာ ရှိတယ်။

မေးခွန်းကို တိုက်ရိုက်ဖြေရရင် မြန်မာပြည်မှာရတဲ့ကာကွယ်ဆေးကို ထိုးလို့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး