ထန်းတက်သမားဖွဲ့ တျာချင်း
နွေဦးကာလ၊ မြူထသောခါ၊
ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့၊ တက်သည်နှင့်လေး။
ထန်းပင် ထန်းလက်၊ ထန်းရွက်ကယ် ဝေဝေ၊
စင်အောင် ခုတ်ထစ်၊ နုမြစ်ကယ် ထန်းဦးရေ၊
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ၊
ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ၊
ပတတ်ကယ် ယုန်, ခါ၊ တောမှာရှိကြ၊
ငုံး ကြက်ကယ် ဖွတ် မြွေ၊ ဝံပုလွေ၊
မနေ ထွက်လာကြသည်တည့်လေး။
ဝမ်းသာအားရ၊ မယားကတသွယ်၊
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတသွယ်၊ ယုန်ငယ်ကစ၊
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာ ယူ၍ချသည်နှင့်လေး။
သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်၊
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး၊
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ၊
သမီးနှင့်သား၊ များလို့မဝင်သာ၊
ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
စပေသာလှအုန်းခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်၊
ပြီးလျှင်ရေမရှာ၊ ခွေးသာကျွေးတော့သည်။ (ဝန်ကြီးပဒေသရာဇာ)
ပရိယေသန (ထန်းသမား တျာချင်း) - ကိုမင်းနောင် https://www.youtube.com/watch?v=jtgQ-Dt5G_8&feature=youtu.be
မယားကတစ်သွယ် မဟုတ်။ လင်ကတစ်သွယ် မဟုတ်။ ဒူးတစ်ဖက်သာ မဟုတ်။ အနုပညာအမည်တွေမှာ မောင်၊ ကို တို့ကို ဦးလို့ မပြင်ရပါ။ မ နေရာမှာ ဒေါ် မထည့်ရပါ။ သူများအမည် မဖျက်အပ်ပါ။ သအရင်ကရေးထားခဲ့တဲ့စာတွေကို သတ်ပုံ မပြင်အပ်ပါ။
ဒေါက်တာတင့်ဆွေ
ပုံ Min MinLovely Nature & Arts Of Lifes In The World ကျေးဇူး။
မောင်ကြေးမုံ နှင့် ဦးကြေးမုံ
ထန်းတက်သမားဖွဲ့ တျာချင်းပို့စ်အောက်မှာ ကွန်မင့်တခုရတယ်။
သီချင်းကို ဦးကြေးမုံရေးသားပြီး ကိုမင်းယျာဆိုခဲတာကို နားထောင်ဖူးပါတယ်
ကျွန်တော့်ပို့စ်မှာ သည်လိုရေးထားတယ်။ အနုပညာအမည်တွေမှာ မောင်၊ ကို တို့ကို ဦးလို့ မပြင်ရပါ။ မ နေရာမှာ ဒေါ် မထည့်ရပါ။ သူများအမည် မဖျက်အပ်ပါ။ အရင်ကရေးထားခဲ့တဲ့စာတွေကို သတ်ပုံ မပြင်အပ်ပါ။
သီချင်းရေးဆရာတွေထဲမှာ မောင်ကြေးမုံလို့သာရှိတယ်။ ကိုမင်းယျာကို မသိပါ။ ကျွန်တော်က တေးဂီတကို သိပ်မသိပါ။ ဦးကြေးမုံရှိတယ်ဆိုရင်တော့ ဆောရီး။
ကျွန်တော်သိသလောက် အဲဒီသီချင်းကို ဂီတလုလင်မောင်ကိုကိုက တေးသံအဖြစ်ရေးသားတာပါ။

Comments
Post a Comment