တနှစ်တွင် သည်တလပေပ တလတွင်တရက်ထဲ
သို့မဟုတ် သီချင်းမဆိုတတ်ကြသော မြန်မာစာပါမောက္ခများ
သူငယ်ချင်းဆရာဝန်တယောက်က ကဗျာသီချင်းကို တပိုဒ်ကို ပို့စ်တခုလုပ်တင်ထားတယ်။ ဆေးကျောင်းအဆောင်ကို သတိရတယ်။ ရေချိုးခန်းမင်းသားတွေထဲမှာ ကျွန်တော်လည်းပါတယ်။ စာလေးတပုဒ်ရေးထားတယ်။ အဆိုမတတ်ရင် ရေချိုခန်းထဲမှာဆိုပါ၊ သူများကို ဒုက္ခပေးရာမကျ။ စင်ပေါ်တက်ဆိုရင်တော့ နားကလောစတေယ်။
စာမရေးတတ်သူတွေကို ညွှန်းပြီးရေးလိုက်တာပါ။ သတ်ပုံနဲ့သဒ္ဒါ မှန်အောင်မရေးတတ်ရင် ဖတ်ရတဲ့သူတွေကို အတော် ဒုက္ခပေးတယ်။
လတန်ခူးပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တန်းသာဖြင့်၊ ဘယ်ပန်းသော် စံမတူဘူ့၊ နန္ဒမူ ဖန်ကူထိပ်မှာလှ၊ ပစ္စေကာချွေးတော်သိပ်ရတယ်၊ ဧရိပ်ဆာယာ။
တနှစ်တွင် သည်တလပေပ၊ တလတွင်တရက်ထဲ၊ ခက်ခဲတဲ့ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြစုံမြိုင်တွင်း။
မြူမင်းလွင်ထန်၊ ကြူသင်း တာချိန်ယံမတော့၊ ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နှင့်၊ ခါသင်္ကြန်ဂိမှာန် ရောက်ပြန်တော့၊ သိန်သရေ ထိန်ဝေလို့တောက်တဲ့ပြင်၊ လမ်းတလျှောက်သင်းပါဘိ၊ ဆန်းသလောက်မလင်းနိုင်ဘူ့၊ ပန်းပိတော်က်မင်း။
ဦးကြော့ရေးတဲ့ ပိတောက်ရွှေဝါကဗျာ ကျွန်တော်တို့ ဆယ်တန်းမှာသင်ရတဲ့ ကဗျာ့ပန်းကုံးစာအုပ်မှာ ပါတယ်။ ခုခေတ်မှာ ကျောင်းစာအုပ်ထဲမှာတော့ တစ်ကယ်တန်းသာဖြင့်၊ တစ်နှစ်တွင် သည်တစ်လပေပ၊ တစ်လတွင် တစ်ရက်ထဲ၊ လမ်းတစ်လျှောက် သင်းပါဘိ တဲ့။
ရေချိုးခန်းထဲမှာသာမဆိုဘဲ၊ စင်ပေါ်တက်ဆိုကြတဲ့ မြန်မာစာပါမောက္ခတွေကြောင့် ကဗျာ့ပန်းကုံးစာအုပ်ပြုစုကြတဲ့ ပါမောက္ခဦးဧမောင်နဲ့ ဦးလူဖေဝင်းတို့ကို အားနာမိတယ်။
ကဗျာ့ပန်းကုံး https://drive.google.com/file/d/16lRdGFuSnSmvEGv71JpKas6Tc0w_THws/view?fbclid=IwAR1yRG9cNiGDbNFlN1O-6bH_jKqH-VfrZv9ZvowB30NsUS7HHIfzXgMariY
ဒေါက်တာတင့်ဆွေ
၁၅-၄-၂၀၁၉

Comments
Post a Comment