ကက မမကိုယ်တိုင်က ရာဇဝင်
သင်္ကြန်သီချင်းတွေဆိုရင် အခုထိ မြို့မနဲ့ သင်္ကြန်မိုးရုပ်ရှင်ကို ကျော်လွန်နိုင်တာ မရှိသေးပါ။ မမကိုယ်တိုင်ကသီချင်း ရေးသားသူကတော့ မြို့မအဖွဲ့ကလည်း မဟုတ်၊ ရုပ်ရှင်တေးလည်း မဟုတ်၊ မုံရွာသားတဦးဖြစ်ပါတယ်။
သင်္ကြန်မဏ္ဍပ်တွေရှိရာကို အလှပြယာဉ်တွေကလာပြီး သီဆိုကပြတဲ့အခါ အိမ်ရှင်အဖွဲ့လည်း အပြန်အလှန် သီဆိုကပြ ဧည့်ခံရပါတယ်။ တချိန်က မန္တလေးမြို့မှာ နဂါးဒေါ်ဦးသင်္ကြန်မဏ္ဍပ်ဟာ နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့တယ်။ ရန်ကုန်က နာမည်ကြီး အနုပညာရှင်တွေ အတော်များလည်း လာကြတယ်။
၁၉၇၄-၇၅ ခုနှစ်မှာ နဂါးဒေါ်ဦးသင်္ကြန်မဏ္ဍပ်ရှေ့ကိုလာတဲ့ ရွှေစွန်ညိုသင်္ကြန်အလှပြယာဉ်မှာ မုံရွာသားတယောက်လည်း ပါတယ်။ အိမ်ရှင်မဏ္ဍပ်က ကလေးတွေနှင့်သာ ပြည်လည်ကပြဖျော်ဖြေပါသတဲ့။ မုံရွာသားက မခံချင်စိတ်နဲ့ ညတွင်းချင်း အပြီးရေးလိုက်တဲ့သီချင်းဟာ ကက မမကိုယ်တိုင်က တဲ့။
ရွှေစွန်ညို ပျံကာဝဲ မြူးမြူးကြွကြွ
စည်တိုသံ ညံမစဲ နှစ်ဦးတန်ခူးလ
လောကကြီးမှာ ပျော်တယ်ဗျ
အတာပွဲမှာ ဆုံတွေ့ကြ
မိုးကောင်းကင်မှာ ကြယ်နဲ့လ
ကမ္ဘာမြေတခွင်မှာ မောင်နဲ့နှမ
နေနဲ့လ ရွှေနဲ့မြ
ပြောမကုန် ရှုမဝ
ချောချောချောမောမော လှလှပပ
ကက မမကိုယ်တိုင်က။
(အတာဦးမှာ ဆုံတွေ့ကြ
မေ့မရနိုင်ဘူးဗျ
ဒီလိုချိန်ခါ တွေ့ကြရ
မုန်းပါဘူးတဲ့ဗျ) ၂
မြူးမြူးကြွကြွထူးထူးပပ တေးသံလှလှ
ထူးထူးပပ မြူးမြူးကြွကြွ တေးသံလှလှ
ကချင်တိုင်းက
ကလေးတွေပွဲမထုတ်ရ
ကလေးတွေပွဲမထုတ်ရ
မောင်မောင်ဆိုရင် မမက
မောင်လေးဆိုရင် မမက
ကက မမကိုယ်တိုင်က။
အနုပညာရှင် ကိုအုန်းမင်းဟာ ၁၉၈၇ ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့မှာ မုံရွာပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ နိုင်စိုး (မုံရွာဂေဇက်) ရေးတာကို မှီငြမ်းပါတယ်။ ကျေးဇူး။ ရွှေစွန်ညိုပျံကာဝဲ အစား အတာသဘင်ဒီပွဲ စာသားမူကွဲလည်း တွေ့ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၄-၄-၂၀၁၉

Comments
Post a Comment