ပဲလား ဘဲလား

၁။ မလိုပဲ နှင့် မလိုဘဲ အသုံးအနှုန်းအကြောင်း သိချင်ပါတယ်ဆရာရှင့်

၂။ မင်္ဂလာပါဆရာ ပဲနဲ့ဘဲကိုရှင်းပြပေးပါဦး ၂၀၀၂ လောက်က တခုကို တစ်ခု ပြောင်းစဉ်ကတော့ မြန်မာစာဆရာက မနောက်က ဘဲလိုက်တယ်ဆိုလို့ ခုထိ မလုပ်ဘဲ၊ မစားဘဲ၊ မသွားဘဲ စသဖြင့် သုံးနေဆဲပါ အဲ့ဒါအမှန်လားဗျ

၃။ အခွင့်အရေးပဲ (ဘဲ) ဘယ်စကားလုံးက မှန်ပါသလဲဆရာ။

ပဲ နဲ့ ဘဲ ကို ကျွန်တော့်ကို ပြင်လာပေးကြပါတယ်။ မ သဘော၊ မရှိ-မဟုတ် သဘောပါမှသာ ဘဲ။ မ နောက်က ဘဲလိုက်လို့လည်း ပြောကြတယ်။ မှန်တာများတယ်။ ဒါပေမယ့် ဖေါ်မြူလာလို သုံးမရပါ။

မြန်မာအဘိဓာန်
ပဲ
၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊
၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။
ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။

ပဲ (ပဲး) = ပဲကြီးဟင်း၊ ပဲကြော်၊ ပဲလှော်၊ ပဲစဉ်းခုန်၊ ပဲချဉ်ပေါင်၊ ပဲစောင်းလျှား၊ ပဲပိစပ်၊ ပဲတီချဉ်၊ ပဲလင်းမြွေသီး၊ ပဲပုစွန်၊ စားတော်ပဲ၊ ဗိုလ်စားပဲ၊ မြေပဲ၊ ပဲစိမ်းစားဥ၊ ဝမ်းပဲငှက်၊ တပဲလေးရွေး၊ မပြောပဲ၊ မဆိုပဲ၊ မလာပဲ၊ မလုပ်ပဲ၊

ဘဲ (ဘဲး) = ဘဲဥ၊ ဘဲသား၊ ဘဲငန်း၊ ဝမ်းဘဲဟင်္သာ၊ မသွားဘဲ၊ မလာဘဲ၊ မလုပ်မကိုင်ဘဲ၊ မခေါ်ဘဲ၊ သနခါးဘဲကျားရိုက်၊

ဒါပေမဲ့ မြန်မာ့စွယ်စုံကျမ်းပါ သိပ္ပံမောင်ဝရေးတဲ့ ၁၁-၁ဝ-၁၉၃၇ နေ့ကစာကိုတင်ပြပါမယ်။

(စ) မောင်ဝဆိုတဲ့ မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလို ရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့ကသာသဗျာ့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲ လက်ကိုင်ထားတယ်။ ဒါတောင်မှ တခါတခါ အမှားတွေ ဖေါက်ဖေါက်လာတယ်။ မောင်ဝဆိုတဲ့ မောင်ဝဟာ ဘယ်လိုဘဲ ထွင်တယ်ဆိုဆို၊ ဘယ်လိုဘဲ အရေးကောင်းတယ်ဆိုဆို၊ ဘယ်လိုဘဲ စိတ်ကူးစိတ်သန်း ကောင်းတယ်ဘဲဆိုဆို၊ မသေချာတဲ့နေရာမှာတော့ ပထမတန်းဘဲဗျို့။ နို့ပေမဲ့ မွေးကတည်းကပါလာတဲ့ အကျင့်မို့လား မသိဘူး၊ ဘယ်တော့မှ ပြင်လို့မရဘူး။ သေသည်တိုင်အောင် ဖြစ်ကတတ်ဆန်းသမားဖြစ်သွားမဲ့ မောင်ဝပါဘဲဗျာ။ (ဆုံး)

လက်ရေတပြင်စီးစကားအဓိပ္ပါယ်ဖွင့်တဲ့စာမှာ လှသမိန်က မယူကြပဲနဲ့ မခွဲပဲလို့သာရေးတယ်။ ဘဲနဲ့ရေးတာမဟုတ်ပါ။ သီချင်းမှာတော့ လက်ရေတပြင်တည်းဖြစ်ပါတယ်။

အရင်ရေးခဲ့တာတွေက မှားပြီး နောက်လူတွေပြောတာသာ မှန်တယ်လို့တော့ ကျွန်တော်က မထင်ပါ။ မြန်မာစာမှာ သင်္ချာနဲ့ သိပ္ပံမှာလို ပုံသေနည်းတွေနဲ့ အဆင်မပြေလှပါ။ မြန်မာစာမှာ မူကွဲတွေရှိပါကြောင်းလည်း မကြာခဏ တင်ပြထားပါတယ်။ မြန်မာစာက ယူနီဖေါင်းနဲ့ မလိုက်ပါ။

ပဲ နှင့် ဘဲ https://doctortintswe.blogspot.com/2016/12/blog-post_37.html

ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://doctortintswe.blogspot.com/2018/10/blog-post_6.html

ဓါ နှင့် ဓာ ပဲ နှင့် ဘဲ https://doctortintswe.blogspot.com/2018/04/blog-post_55.html

ကျေးဇူးကို မထောက်ပဲ https://doctortintswe.blogspot.com/2018/11/blog-post_890.html

မြန်မာစာ ဖေါ်မြူလာတွေကို မေးခွန်းထုတ်ခြင်း https://doctortintswe.blogspot.com/2016/11/blog-post_31.html

ဒေါက်တာတင့်ဆွေ
၁၂-၄-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး