Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း

Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း

ကွန်မင့်တခု = ဆရာ့စာများကိုဖတ်ပြီး မြန်မြန်ရင်သားကင်ဆာကို ကုနိုင်ခဲ့ပါတယ်။ ၃ ကြိမ်မြောက် ကီမို သွင်းပြီးပါပြီ။

(ခီမို) လို့ အတိုခေါ်နေတာက Chemotherapy (ခီမိုသာရာပီ) ဖြစ်တယ်။ တိုက်ရိုက်ဘာသာပြန်ရင် ဆေးပေးတာ မှန်သမျှကိုခေါ်ပေမဲ့ တကယ်တော့ ကင်ဆာအတွက် ဆေးပေးကုသတာကိုသာ အဲလိုခေါ်တယ်။ (ကင်ဆာ-ဆဲလ်) တွေ ဆက်မပွါးစေမဲ့ ဆေးတွေဖြစ်တယ်။ သွေးပြန်ကြောထဲထိုးတာနဲ့ သောက်ဆေးတွေရှိတယ်။ ၂ မျိုးလုံး ပေးတာလဲရှိတယ်။ ဆေးတွေက မနည်းဘူးရှိတယ်။

ရည်ရွယ်ချက် (၃) ခုအတွက် ဆေးပေးကုသနည်း လုပ်ပါတယ်။
၁။ ခွဲစိတ်ပြီးနာက်မှာဖြစ်ဖြစ်၊ ဓါတ်ကင်ပြီးနောက်မှာဖြစ်ဖြစ် ကင်ဆာထပ်ပေါ်မလာအောင်လုပ်တယ်။ တကယ်လို့ ရင်သားကင်ဆာက ရင်သားနဲ့ တက်စေ့မှာသာ ရှိနေသေးရင် ခွဲစိတ်ပြီးနောက် ဆေးပေးတယ်။ ကင်ဆာပြန်ပေါ်လာမှာကို တားတာဖြစ်တယ်။
၂။ ကင်ဆာ အကျိတ်ကကြီးမယ်ဆိုရင် မခွဲစိတ်ခင် အရင်ပေးတယ်။ ဆေးနဲ့သေးသွားရင် ရင်သားတခုလုံး ထုတ်တာ မလုပ်ရပဲ၊ အကျိတ်ကိုသာထုတ်တာနဲ့ ရနိုင်မယ်။
၃။ တကယ်လို့ ကင်ဆာ တခြားဆီပြန့်နေတဲ့အဆင့်ရောက်နေမှ သိရရင် ဆေးကုနည်းကို အဓိကကုသနည်းအဖြစ်သုံးမယ်။

ဆေးရွေးရတာ လူနာတယောက်ချင်းကို ကြည့်ရတယ်။ Personalized Breast Cancer Treatment Report တဦးချင်းဆီမှာ ရှိရမယ်။ အသုံးများတဲ့ ရင်သား-ကင်ဆာဆေးတွေကတော့
• Anthracyclines = Adriamycin, Ellence, Doxil
• Taxanes = Taxotere, Taxol, Protein-bound Abraxane
• Cytoxan
• Xeloda and 5 fluorouracil (5 FU)
• Navelbine
• Gemzar
• Herceptin (HER-2 gene ရှိသူတွေအတွက်သာ) နဲ့
• Other drugs = Ixempra, Halaven, Methotrexate (Rheumatrex, Trexall), Tykerb တွေဖြစ်ကြတယ်။

အများအားဖြင့် ၂-၄ ပတ် အစီအစဉ်နဲ့ပေးတယ်။ တချို့ကို ၁ ပတ် တခါပေးတာလဲရှိတယ်။ Adjuvant နဲ့ Neo-adjuvant အတွက်ဆိုရင် ဆေး ၂ မျိုး၊ ၂ မျိုးမက တွဲပေးတတ်တယ်။ ဆေးတမျိုးထဲ သုံးတာက နောက်ကျနေတဲ့ အဆင့်အတွက် ဖြစ်တယ်။ ဆေးများလေလေ ရလဒ်ကောင်းလေလေဖြစ်သလို၊ ဘေးထွက်-ဆိုးကျိုး များလေလေလဲဖြစ်မယ်။ Adjuvant chemotherapy အတွက်ဆိုရင် ခွဲစိတ်ပြီးနောက် ဓါတ်ကင်တာမလုပ်ခင်မှာ စပေးပြီး ၃-၆ လကြာနိုင်တယ်။ ဆေးပေးနေတုံး သွေးစစ်နေမယ်။ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးမှုံတွေ အရေအတွက်သိချင်တယ်။ သွေးမှုံသွင်းဘို့လိုရင် သွင်းရတယ်။

ဘေးထွက်ဆိုးကျိုးတွေကို ဆရာဝန်ကို မေးထားပါ၊ လက်ခံနိုင်အောင် ကိုယ့်စိတ်ကိုပြင်ဆင်ထားပါ။ ပျို့ချင်၊ အန်ချင်၊ အစာမစားချင်၊ အားယုတ်၊ ပါးစပ်နာပေါက်၊ ဆံပင်ကျွတ်၊ ကိုယ်အလေးချိန်တက်၊ သွေးဆုံးတာစော၊ ကူးစက်ရောဂါကို မခံနိုင်၊ သွေးထွက်လွယ်။ ဝမ်းပျက်ခြင်း၊ ဝမ်းနည်းခြင်း၊ အထီးကျန်စိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊

ရေရှည် ဘေးထွက်ဆိုးကျိုးများ = ကလေးမရနိုင်ခြင်း၊ ဆေးကုသနေတုံး ကိုယ်ဝန်လာရှိရင် ကလေးကို ထိခိုက်နိုင်လို့ ဆရာဝန်နဲ့ တားနည်း ဆွေးနွေးပါ။ အာရုံကြောတချို့ ထိခိုက်ခြင်း၊ ခြေ-လက် ထုံကျင်ခြင်း၊ Osteoporosis အရိုးအားနည်းခြင်း၊ ဦးနှောက်အသိနည်းခြင်း၊ ရေတိုမှတ်ဥာဏ်နည်းခြင်း၊ နှစ်ကြာရင် ပြန်ကောင်းတယ်။ နှလုံးထိခိုက်ခြင်း၊ Doxorubicin (Adriamycin), Epirubicin (Ellence) ဆေးများ၊ Leukemia (လူကီးမီးယား) ဖြစ်ခြင်း၊

ကိုယ်တိုင် သတိထားစရာတွေ = ကောင်းကောင်း အနားယူပါ၊ အစာအာဟာရ လုံလောက်မျှတအောင်စားပါ၊ စိတ်ဖိအား လျှော့ချပါ၊ ရောဂါပိုးမကူးစက်အောင် ဆင်ခြင်ပါ။

ဘေးထွက်ဆိုးကျိုးခံစာရမှာပါ။ ဒါပေမယ့် အသက်ကိုကယ်နိုင်တာကို သိထားပါ။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကင်ဆာဘေးကဝေးကြပါစေ။


Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး