Scar (1) အမာရွတ် (၁)

သို့မဟုတ် သတ်ပုံမှားရင် ဆေးနည်းမှားမယ်

၁။ မင်္ဂလာပါဆရာရေ။ သမီးအသက်ကတော့ ၃ဝ ပါ။ သမီးမှာ ငယ်ငယ်ကစက်ဘီးနဲ့ ခိုက်မိထားတဲ့ အမာရွတ်ရှိနေပါတယ်။ တော်တော်လေးကို ပျောက်ချင်ပါတယ်ဆရာ။ ဆိုတော့သမီး လေဆာကုသမှုတစ်ခါခံယူလိုက်ပါတယ်။ နည်းနည်း ပိုမည်းပြီး ပိုပြန့် သွားသလိုခံစားရပါတယ်။ ဒါနဲ့ သမီး လေဆာကိုမလုပ်ချင်တော့ပါဘူး။ အခုသမီးက တစ်ရှုး အစားထိုးကုသမှုလို့ ပဲခေါ်မလား အသားအစားထိုးနဲ့ လုပ်ချင်ပါတယ်။ side effect ရှိနိုင်လား။ ဆိုးကျိုးတွေများ ရှိနေမလားသိချင်လို့ ပါရှင့်။ ကုသမှုစရိတ်ကနည်းနည်းများပါတယ်။ တကယ်ကောအရှင်းပျောက်နိုင်လား ဘာတွေ ဆိုးကျိုးရှိနိုင်လဲ။ သမီးအဖြေကို စောင့်နေပါ့မယ်ရှင့်။

၂။ ကျွန်တော်က အသက် ၁၆ နှစ်။ ကျွန်တော့် အသက် ၅ နှစ်တုန်းက ခြေထောက်မှာ အရည်ကြည်ဖုလေးတွေ ပေါက်ပါတယ်။ အနာလေးတွေဖြစ်ပြီး ပျောက်သွားပါတယ်။ နောက်အမာရွတ်လေးတွေကျန်ပြီး မပျောက်တော့လို့ပါ။

၃။ ဆရာရှင့် ကျွန်မခြေသလုံးနှင့်ဒူးမှာ အမာရွတ်များ ရှိနေပါတယ်။ ငယ်စဉ်ကတည်းက ဆော့ကစားရင်း ဖြစ်ခဲ့တာတွေပါ။ အဲဒါ ဘယ်လို ပျောက်ကင်းအောင် လုပ်လို့ရပါသလဲရှင်။ ကျွန်မက Multinational company တခုမှာ အလုပ် လုပ်ပါတယ်။ အလုပ်ခွင်မှာ သူများနည်းတူ Fashionable ဖြစ်အောင်ဝတ်လို့ မရတော့ စိတ်အားငယ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မိမိကိုယ်ကို Confidence နည်းစေပါတယ်။ နည်းလမ်းများရှိရင် ညွှန်ကြားပေးပါရှင်။

လူ့ခန္ဓာမှာ ဒဏ်ရာကြောင့် ရောဂါကြောင့် ဆဲလ်နဲ့ တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားရင် အနာကျက်ဖြစ်စဉ် အလိုလို ရှိနေပါတယ်။ အရေပြားဆိုတာ မှန်ဘီလူးနဲ့ ကြည့်ရင် အထပ်ထပ် ရှိတယ်။ Epidermis, Dermis နဲ့ Hypodermis ၃ ထပ်လို့ အကြမ်းပြောနိုင်တယ်။ အမာရွတ်ဆိုတာ Dermis လွှာကိုထိခိုက်လို့ ဖြစ်တာပါ။ အပေါ်ယံသာ ဖြစ်ရင် အမာရွတ်ပေါ်တောင် မပေါ်ဘူး။ ပေါ်တာလဲ ကြာရင် နဂိုအနေ ပြန်ရောက်မယ်။

အသစ်ပြန်မဖြစ်နိုင်တဲ့ တစ်ရှူးတွေလည်းရှိတယ်။ Cardiac muscle cells နှလုံးကြွက်သားနဲ့ Neurones အာရုံကြောတွေ ဖြစ်တယ်။ Heart attack ရပြီး၊ သွေးကြောပိတ်လို့ နှလုံးကြွက်သားမှာ ထိခိုက်ရင် သူ့အလုပ်သူ မလုပ်နိုင်တော့တာ ဖြစ်တယ်။ လေဖြတ်ရင် သွားပြီ။

အနာကျက်ဘို့ အဆင့် ၃ ဆင့် ဆက်တိုက် ဖြစ်လာတယ်။ Inflammation ရောင်ခြင်း၊ Proliferation ပွါးခြင်းနဲ့ Maturation or Remodeling ကြီးရင့်ခြင်း၊ ပုံပြန်ဖေါ်ခြင်းတို့ဖြစ်တယ်။ ပဌမအဆင့်မှာ ရောဂါပိုးတွေကို ခံတိုက်နေမယ်။ ပွါးတဲ့အဆင့်ကို အသားနုတက်တယ်လို့ အလွယ်ခေါ်တယ်။ ဆိုပါစို့ ခွဲစိတ်ကုသတဲ့ ဒါးချက် စလိုက်တာနဲ့ သွေးထွက် လာတယ်။ သွေးကို တိတ်စေမဲ့ အဆင့်တွေ တခုပြီးတခု လုပ်လာမယ်။ တခါထဲ ရောင်ရမ်းခြင်းဖြစ်စဉ် ဝင်လာတယ်။ ၆-၈ နာရီအတွင်းမှာ အနာကျက်ဘို့ဖြစ်စဉ် တကယ်စပြီ။ နောက်မှ အသားနုတက်တယ် ဆိုတာလာတယ်။ နောက်ဆုံးမှာတော့ ပြန်ပုံဖေါ်ပါမယ်။

အမာရွတ်ဆိုတာ အရွတ်တစ်ရှူးတွေ ဖြစ်တယ်။ အမာရွတ်မှာ ပုံမှန်ရှိတဲ့ ကိုလာဂျင်ပရိုတင်းမျိုး ဖြစ်ပေမဲ့ ခြင်းတောင်း ရက်ထားသလိုမျိုး မဟုတ်ဘဲ၊ လားရာ တခုထဲကို သွားနေတာမျိုး ဖြစ်လာတယ်။ ဒါ့ကြောင့် နဂိုအနေလောက် သိပ်မကောင်းတော့ဘူး။ ခရမ်းလွန်ရောင်ခြည်ကို သိပ်မခံနိုင်ဘူး။ ချွေးထွက်ဂလင်းနဲ့ ကိုယ်အမွေးလဲ ပြန် မပေါက်တော့ဘူး။

Hypertrophic scars ဆိုတာမျိုးက အရေပြားရဲ့အထက်မှာ မောက်ကြွနေတာမျိုး။ နောက်ပြီး Acne ဝက်ခြံ၊ Chicken pox ရေကြောက်၊ ခွဲစိတ်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာတွေကနေ Atrophic scar ဆိုတာမျိုး ဖြစ်တတ်တယ်။ အရေပြားအောက်က အဆီနဲ့ ကြွက်သားတွေ ထိခိုက်မိလို့ ကြုံ့သွားတာမျိုး။ Keloid ကီးလွိုက်အမာရွတ်အသီးဖြစ်ရင် အကျိတ်လိုဖြစ်လာမယ်။ အရုပ်ဆိုးလှတယ်။ အမာရွတ်ထက်မက ဘေးလျှောက် ကြီးနေတာမျိုး။ အနေရလဲခက်၊ အကုရလည်းသိပ်ခက်တယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်အုပ်စုဝင် ရောဂါဘဲ။

Stretch marks အမာရွတ်စဉ်းကြောင်းတွေ ကတော့ ရုတ်တရက် ကြီးထွားလာတာကနေဖြစ်တာ။ ကိုယ်ဝန်ဆောင်တာ၊ အရွယ်ရောက်ချိန် ကြီးထွာလာတာမျိုး။ အက်စစ်ကြောင့်ဖြစ်တဲ့ အမာရွတ်ကလဲ အတော်ဆိုးတယ်။ အမာရွတ်ရိုးရိုးထက် အဆစ်နေရာ၊ အကွေး-အဆန့်လုပ်ရာ နေရာတွေမှာ လာဖြစ်ရင် Plastic surgery နည်းတွေ လုပ်ရတယ်။ အစားထိုးရတာတွေ လိုမယ်။

အနာဒဏ်ရာဖြစ်စဉ်က ဆိုးဝါးသလောက် အမာရွတ်က လိုက်ဆိုးတယ်။ ပျောက်ဘို့ဆိုတာ ဖြစ်တုံးက အရေပြား ဘယ်လောက်အထိ နက်သွားခဲ့သလဲ အပေါ် မူတည်တယ်။ မီးလောင်-အပူလောင် ဒဏ်ရာရရင် ဘယ်လောက် နက်သလဲ၊ ဘယ်လောက် မျက်နှာပြင် ကျယ်သလဲကို ဆုံးဖြတ်ရတယ်။ အနာ-ဒဏ်ရာတခုဟာ မကျက်သေးသ၍ အမာရွတ် မဖြစ်ပါ။ အမာရွတ် ဖြစ်လာတာ ရောဂါ ပျောက်သွားတာလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပါ။ ဘယ်လို ကုသမလဲ။ ဆေးပညာအရ ပြောရရင် အမာရွတ်ကိုပျောက်အောင် လုပ်မရပါ။ သက်သာအောင် လုပ်နည်းတွေတော့ အမျိုးမျိုး ရှိနေပါတယ်။

Dermabrasion နည်း၊ Laser လေဆာနည်း၊ Scar Revision နည်း။ Semiocclusive ointments, Silicone gel sheeting နည်း၊ Steroid injections စတီရွိုက်ထိုးဆေးနည်း၊ Needling နည်း၊ Pressure dressing နည်း၊ Collagen injections နည်း၊ Surgery ခွဲစိတ်နည်း၊ Radiotherapy ဓါတ်ကင်နည်း၊ Chemical peels နည်း။

Mineral oil တွေပါတဲ့ လိမ်းဆေးတွေ၊ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ကြက်သွန်နီကထုတ်တဲ့ Mederma ဆေး၊ Lactic Acid Scar Care Products ကြော်ငြာ၊ Hyaluronic Acid ကြော်ညာ၊ Scarring treatment and glycolic acid products ဆေးနည်း ကြော်ငြာတာရှိသလို Acne scars ဝက်ခြံ-အမာရွတ် ပျောက်အောင် MD Forte (15% glycolic acid) ဆေးသုံးမိလို့ ပိုအရုပ်ဆိုးသွာတယ်လို့ ပြောသူလဲ ရှိတယ်။ အာယုဗေဒနည်း၊ ဟိုမီယိုပက်သစ်နည်းတွေလဲ ရှိပါတယ်။ ဘယ်ဟာမဆို ပျောက်ဘို့ ခက်လေ ဆေးနည်း များလေ။ အာမခံချက် မရှိပါ။ ဆောရီး။

အမာရွတ်တွေထဲမှာ ထူးခြားတာတွေ ရှိတယ်။ မျက်စိရဲ့ မျက်ကြည်လွှာမှာ အနာဖြစ်ပြီး ကျက်သွားလို့ ဖြစ်တဲ့ အမာရွတ်ကို အပြင်တိမ်လို့ ခေါ်တယ်။ မျက်လုံး အစားထိုးရတော့မယ်။ တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်ရာကနေ ကျက်သွားတဲ့အခါ အနာတော့ ပျောက်ပါရဲ့ သားအိမ်ပြွန် ကျဉ်း-ပိတ်စေတာမို့ ကလေးမရနိုင်တာ ဖြစ်စေမယ်။

အမာရွတ်ပျောက်စေမယ် ဆိုတိုင်းတော့ မယုံပါနဲ့။ တပူပေါ် နှစ်ပူဆင့်သလို Confidence မနည်းပါနဲ့။ လူတွေဟာ တနေမှာ အားနည်းရင် တခြားနေရာမှာ ပိုအားသန်တတ်တယ်။ ရုပ်ရှင်တွေမှာ အမာရွတ်နဲ့ သရုပ်ဆောင်ဟာ ဗီလိန်လုပ်ရတာ များတယ်။ ဒါပေမဲ့ Mel Gibson မင်းသားဟာ The Man Without a Face ထဲမှာ ဇာတ်လိုက်ပါ။ Harry Potter မှာလဲ အမာရွတ်နဲ့ မဟုတ်ပါလား။

မြန်မာပြည်မှာတော့ ဇာတ်ကောင်တွေကို အမာရွတ်တွေနဲ့ ရုပ်ဖျက်ပေးရတဲ့ မိတ်ကပ် အထူးဖန်တီးတဲ့ ပညာရပ်တခုလို့ ချီးကျူးတာ ဖတ်ရပါတယ်။ မြန်မာလို ဆေးကြော်ငြာတခုက ရိုးသားပုံရတယ်။ အမာရွတ်က အနာကျက်ကျက်ခြင်း ဆေးလိမ်းမှ ပျောက်ကင်းပါတယ်။ ဖြစ်တာကြာပြီးမှ လိမ်းမယ်ဆိုရင်တော့ ဇွဲနဲ့ လိမ်းသည့်တိုင် လုံးဝအရှင်း မပျောက်ကင်း နိင်ပါဘူးတဲ့။ လေဆာနဲ့ ဖျက်ရင်တော့ ပျောက်တယ်။ ဘတ် ၇ဝဝဝ ပေးရတယ်။ ဘန်ကောက်မှာ သွားလုပ်တာတဲ့။ ဖတ်ရတဲ့ထဲမှာ ပြောက်လို့ ပေါင်းထားတယ်။ ပျောက်တာမဟုတ်ဘဲ အစက်အပြောက်လို့ ထင်သွားစေနိုင်ပါတယ်။ သတ်ပုံမှားရင် ဆေးနည်းမှားမယ်။

Scar (1) အမာရွတ် (၁) http://doctortintswe.blogspot.com/2015/03/scar-1.html
Scar (2) အမာရွတ် (၂) http://doctortintswe.blogspot.com/2014/11/scar-2_21.html
Scar (3) အမာရွတ် (၃) http://doctortintswe.blogspot.com/2015/03/scar-2.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး