ဂျမ်းဘုံ နဲ့ မာဂရက်

ဆရာရှင့် ကျွန်မသိလိုတဲ့ အကြောင်းတွေ သိလိုတဲ့စာလုံးအကြောင်းတွေ သိလိုတဲ့ ဗဟုသုတတွေကို ဆရာ့ post တွေကနေရလို့ အလွန်ကျေးဇူးတင် လေ့လာမှတ်သားဖတ်နေရတာပါဆရာ ဆေးပညာတင်မဟုတ်ဘဲ မည်သည့် မေးခွန်းကိုမဆို စိတ်ရှည်လက်ရှည်နဲ့ စေတနာ မေတ္တာအရင်းခံ နဲ့ ကိုးကား ဖြေပေးနေတာတွေကိုလည်း အလွန်ဘဲ လေးစားပါတယ်ဆရာ ဒီနေ့ ဆရာ တင်တဲ့ post ထဲမှာ တွေ့လိုက်ရတဲ့ ဗမာ နဲ့ မြန်မာ စာကြောင်းကို မြင်လိုက်လို့ပါဆရာ ကျွန်မ ရိုးရိုးသားသားနဲ့ ပြောတာပါဆရာ ကျွန်မ အခုထိ တကယ့်ကို မသုံးတတ်ဘဲ စိတ်ထင်သလို အလျဉ်းသင့်မယ် ထင်သလို (ယောင်းဝါးဝါး) သုံးနေရတဲ့ ဗမာ နဲ့ မြန်မာ ကို သေသေချာချာ ကိုယ်သုံးတဲ့ အဓိပ္ပာယ်ကို ကိုယ်ကိုယ်တိုင် ယုံကြည် နားလည်စွာ သုံးချင်ပါသောကြောင့် လေးစားစွာဖြင့် မေးရခြင်းဖြစ်ပါတယ်ဆရာ အဓိက လူမျိုးနဲ့ တိုင်းပြည်၊ စာ နဲ့ စကား နဲ့ ပတ်သက်ရင် ကွဲကွဲပြားပြား ဘာကိုသုံးရမှန်း ယနေ့ထိ သေချာမသိသေးပါဆရာ ဆရာရှင်းပြတာကို မှတ်သားရန် ရိုသေစွာတောင်းဆိုပါသည်ဆရာရှင့်

ဒီမေးခွန်းကိုဖတ်ရပြီး ခဏနေတော့ တယောက်ကရေးထားတွေ့တယ်။ ဗမာ နဲ့ ကဗျာ ခွဲခြားမရတဲ့။ အဲတာနဲ့ ပြန်ရေးမိတယ်။ မြန်မာနဲ့ ကပျာ၊ ကပျာကယာလို့။

ကျွန်တော့်မှာ အာဏာမရှိ။ ကုလားထိုင်လည်းမရှိပါ။ ပြောလည်း မောင်ပြောသာ။ အမိန့်အာဏာမပါရင် မှန်တယ် မထင်ကြတဲ့ခေတ်ဖြစ်နေပြီ။

မြန်မာစာနဲ့ စကားမှာ ထူးခြားတာတွေရှိတယ်။ စံကိုက်သတ်ပုံတွေကလည်း သတ်ပုံကျမ်းတခုနဲ့တခု မတူပါ။ မူကွဲရှိတယ်။

ခေတ်အရအပြောင်းမှာ ဒိုင်ခံပြီးငြင်းချက်ထုတ်နေရတာက တ နဲ့ တစ်ရယ်၊ ဖေါ်မြူလာလို သင်ပေးနေတာ တချို့ရယ်။ ခေတ်အပြောင်းဆိုတာ ပိုပြီးလွယ်ကူရှင်းလင်းအောင်ရေးတာကိုသာ ခေါ်သင့်ပြီး၊ မှန်နေတာကို မှားအောင်လုပ်တာ၊ အလုပ်ရှုပ်အောင်လုပ်တာကို ခေတ်အပြောင်းလို့ မခေါ်သင့်ကြောင်းပါ။ လူတွေကို ရှုပ်အောင်လုပ်ပေးထားပြီး၊ လုပ်ချင်တာ လုပ်နည်းဗျူဟာ။

နောက်တမျိုးက စာနဲ့ စကား။ အရင်က စာလိုသာ ရေးကြတယ်။ နောက် စကားပြောစာရေးနည်း ဖြစ်လာတယ်။ အဲတာက ခေတ်အပြောင်း။ အမိန့်နဲ့ ပြောင်းတာ မဟုတ်။

စာကို စာရေးသလိုခေတ်ကတည်းက မတူတဲ့ အသုံးလေးတွေ ရှိခဲ့တယ်။ သီချင်း၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်၊ သံချပ်၊ သတင်းခေါင်းစဉ်တွေမှာ စကားပြောသလိုဖြစ်ဖြစ်၊ အသံနဲ့ ကာရန်ယူပြီးဖြစ်ဖြစ် သတ်ပုံကျမ်းနဲ့မတူတာ သုံးတတ်ကြတယ်။ လျှင်ကို ရင်လို့ရေးတာမျိုး။ နံနက် မနက်။ အချုပ်တန်း ဆရာဖေက သဲဘဝင်ကို သဲဘွင်လို့စပ်တယ်။ သီချင်းသည်၊ ဈေးသယ် ရေးကြတယ်။ ဆရာဇော်ဂျီက ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲလို့စပ်ဆိုတယ်။ တပင်တည်း မဟုတ်။ ထဲကို အထဲလို့သာ သတ်ပုံကျမ်းတွေက ရေးတယ်။

တို့ဗမာကိုလည်း ဒို့ဗမာလို့ရေးလာကြတယ်။ အမျိုးသားသီချင်းမှာ ဗမာလို့စပ်တယ်။ ဟိုရှေးကတည်းက ဗမာနဲ့ မြန်မာ ရောထွေးသုံးလာခဲ့တာပါ။ ဘယ်သူ့ဘယ်သူမှ ရန်မလုပ်ကြ။

ပြောစရာဖြစ်လာတာက ပညာကို နိုင်ငံရေးလုပ်လို့ပါ။ အရာရာကို နိုင်ငံရေးလုပ်လာတယ်။ မျိုးချစ်စိတ်နဲ့ အမျိုးဘာသာ။ လွတ်လပ်ရေးကြိုးပမ်းစဉ်က အင်မတန်ထိရောက်ခဲ့တဲ့ အသုံးစကားနဲ့စာတွေ တန်ဖိုးနည်းကုန်ရော။ အထင်လွဲခံကြရရော။

ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတော့ လမ်းမောင်းစနစ်ကို ပြောင်းတယ်။ နောက်တခါအာဏာသိမ်းတော့ မြန်မာဆိုပြီး ကပျာကယာပြောင်းတယ်။ ပညာရှင်တွေ ဒုက္ခရောက်ပုံရတယ်။ အဘိဓါန်မှာ နာမ်နဲ့ နာမဝိသေသန ရောရေးရတယ်။ အမိန့်ဆိုတော့ အဲတာသာ တရာရာခိုင်နှုန်းမှန်တယ်လို့ မှတ်ယူကုန်ကြတယ်။ ကနေ့အထိ။

အတော်များများက တိုင်းပြည်လား၊ လူမျိုးလား၊ စကားလား၊ ကိုယ်ပြောတာကိုယ်သာ သိတယ်။ နားထောင်တဲ့သူတွေက မရှင်း။

ကျွန်စနစ်မုန်းလို့ ကျွန်တော်မသုံးချင်ဆိုတာနဲ့ သခင်ဖြစ်ပြီထင်နေတယ်။ ဗုဒ္ဓဘာသာစစ်စစ်တဲ့ ပြောကြတယ်။ ကန်တော့ပါ။ မြတ်စွာဘုရားက တင်းပြည့်ပါတီဝင် သတ်မှတ်တာမလုပ်ပါ။

ကျွန်တော်က ဝေါဟာရနိုင်ငံရေးကို သဘောမတူ။ ဆိုးပေကို နာမည်ပြောင်းလည်း လိမ္မာမလာ။ ဂျမ်းဘုံ ကျောင်းစာရင်းမှာ မာဂရက်ဖြစ်လည်း တောသူ။ ဗျုံဇိ နဲ့ ဗျိဇုံ။

တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ၊ ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်၊ တော်လှန်ရေး၏ ကျေးဇူးတည်း။ (မင်းသုဝဏ်)

အနှစ်သာရခေတ် ပြန်ရောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး