ကျီးမနိုးပွဲ

တန်ဆောင်မုန်းလပြည့်ညမှာ အပျော်အပါးလုပ်လေ့ရှိတဲ့ပွဲကို ခေါ်ပါတယ်။ ကျွန်တော်တို့အညာ မုံရွာမှာလည်းလုပ်တယ်။ ကျွန်တော်ငယ်ငယ်က စိတ်ဝင်တစားရှိခဲ့ဖူးပါတယ်။

သူတပါးအိမ်ကပစ္စည်းကို မသိအောင်ခိုးယူစားသောက်လေ့ရှိတယ်။ ကြက်။ အပင်ပေါ်မှာမှည့်နေတဲ့ ငှက်ပျောသီး၊ သဘောင်္သီးတွေ။ မီးဖိုထဲက ထမင်းတွေ ဟင်းတွေ။

နောက်တမျိုးကတော့ အပျိုကြီးအိမ်က ပစ္စည်းတွေကို လူပျိုကြီးအိမ်ကို ပြောင်းရွေ့ထားကြတယ်။ ရပ်ထဲရွာထဲမှာ မတည့်တဲ့သူတွေအိမ်တွေက ပစ္စည်းတွေကို လဲပြောင်းထားကြတယ်။ အိုးခွက်ပန်းကန် အသုံးအဆောင်တွေနဲ့ ဆိုင်းဘုတ်တွေလည်းပါတယ်။ ထဘီကို အလံလုပ်တယ်။

မနက်လင်းရင် စောင့်ကြည့်ကြပြီး ရယ်မောကြပါတယ်။ တကယ်နစ်နာအောင်အထိတော့ မလုပ်ကြပါ။

ထောင်သင်းမှူးနဝဒေးဟာ စာစပ်တာအလွန်တော်တယ်။ သူ့ရဲ့ အစွမ်းကို စမ်းလိုသူတယောက်က ညမှာ နဝဒေးအိမ်ရှေ့ ထဘီတထည်ကို အလံလိုလွှင့်ထားတယ်။ မနက်လင်းတော့ မြင်းစီးပြီး လမ်းပေါ်ကအော်သွားတယ်။ ထောင်သင်းအိမ် တင်းတိမ်နဲ့လား။ တင်းတိမ်ဆိုတာ ခြုံစရာချည်စောင်အကြီးစား။

အဲဒီခေတ်မှာ ယောက်ျားတွေပါ ဆံပင်ရှည်ထားကြတယ်။ နဝဒေးက ချက်ချင်းစာစပ်လိုက်တယ်။ ရောင်ဖျင်းသိမ် မြင်းပိန်နဲ့လား တဲ့။ အဲတာကတော့ ကျီးမနိုးပွဲတော့ မဟုတ်ပါ။

ကျွန်တော်ကတော့ အဲလိုခိုးယူစားသောက်ရဲလောက်တဲ့အထိ သတ္တိမကောင်းခဲ့ပါ။ အိမ်မှာစိုက်ထားတဲ့ ကြံပင်တွေ၊ သင်္ဘောပင်တွေကိုသာ ကင်းစောင့်ခဲ့ရတယ်။ လင်းကာနီး ဝင်အိပ်တော့ သင်္ဘောသီးမှည့် ပါသွားရော။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ