အချစ်အို အအိုချစ်

ကိုလေး (အင်းဝ ဂုဏ်ရည်) ကဗျာ တင်ပေးပါလို့ ကွန်မင့်တခုရတယ်။ ကျွန်တော်က ကဗျာတွေ သိပ်သိတာမဟုတ်။

အချစ်အို အအိုချစ်

သမီးလေး တဖက်
ခြင်းလေး တဖက်
ဒီနေ့ ဒီရက်
ပြက္ခဒိန် နှလုံးသား
စိန်သွား ဦးနှောက်
ထောင်ဗူးပေါက်မှာ
ဟောရောက်လာပြီ
မျက်ရည်ရှာမိ မတွေ့ပါ

အချစ်ပူဇော်
တော်လိုက်တဲ့ မိန်းမ
မင်းမျက်မုန်းကျိုး အချိန်မျိုး
အားကိုးရတဲ့ ငါ့အမ
အော် အော် အော် အော်
တိုက်ဖော် တိုက်ဖက် ရဲဘော်မ

၄၆ နှစ်
နှစ်တွေ နှစ်တွေ
ကြွေကြွေသွားလဲ
အချစ်မကြွေ
အဖွားရေ
အိုလေ ချစ်လေ ယုံပါနော်

ကိုလေး (အင်းဝ ဂုဏ်ရည်)
4 / 5 / 2013
ည ၁၁ နာရီ မိနစ် ၂၀

ကိုလေး (အင်းဝ ဂုဏ်ရည်) ကဗျာတွေ တင်ပေးထားကြတယ်။ တချို့က သတ်ပုံတွေ ပြင်ပေးထားကြတယ်။ တစ်ဖက်။ တစ်ဖက်။ သူတို့က ဆရာကိုလေးထက် မြန်မာစာတော်တယ်လို့ သွေးနားထင်ရောက်နေသူတွေ။

ဆရာကိုလေးဆိုရင် အမြဲသတိရနေတာတခုရှိတယ်။ ဆရာက အင်းဝ တံတာဦးသား။ ကျွန်တော်က သူ့မြို့နဲ့ ၂၁ မိုင်ဝေးတဲ့ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ခဲ့တာ။ ကျွန်တော့်အဖြစ်ကြည့်ပြီး ဆရာ တခါကရေးတယ်။

ခင်ဗျားတို့ဆရာဝန်တွေ ကြောက်ပ။ ဒါး လက်ကမချ တဲ့။

ဟုတ်တယ်။ အဲဒီအရပ်မှာ ခွဲစိတ်ဒါးလည်း ထက်တယ်။ ထန်းလှီးဒါးလည်း ထက်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး