တစ္ဆေ
ကြည်အေးဝတ္ထုကိုရိုက်ထားတဲ့ရုပ်ရှင်အကြောင်း ပြောဆိုနေကြတယ်။ အဲတာတော့ရေးလိုက်ပြီ။ ကြည်အေးဝတ္ထုကို အပိုင်းတွေခွဲပြီး တင်ပေးထာတာလည်းတွေ့တယ်။ သတ်ပုံတွေက ကြည်အေးရေးထားခဲ့သလိုမဟုတ်။ တတွေကို တစ်လုပ်ထားတာ အတော်ကို အရုပ်ဆိုးတယ်။ ကနေ့ည ကြည်အေးကဗျာ ၂ ပုဒ်တင်ပါတယ်။
တစ္ဆေ
အိပ်လို့မရ
ညကြီးမင်းကြီး ထပြီးထိုင်နေ
မွေ့ရာတွေလဲ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မကျ။
အပြင်ဘက်မှာ
သစ်ရွက်တွေကြား ကြယ်လေး ငါးပွင့်
စကားပင်အို ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ မြက်ချုံတွေထဲ
တစ္ဆေငါကိုယ်တိုင်ပါဘဲ။
ကုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ် မတ်တတ်ထလိုက်
ခန်းဝကိုလာ ဝယန္တာမှာ
သည်မှာတယောက် တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့် မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် အော်ငိုချင်မိ
တဆင်တဲဘဲ သူနှင့်ငါ။
မြစ်နက်ထဲမှာ
ငါ့ ရေနစ်မြုပ် ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ငါနေနားလိုက်
ဘုရားရှေ့မှောက် ဒူးထောက်ပြန်ရောက်
မောပမ်းလျနှင့်
တယောက်သောငါ ငါများစွာမှ
ထလာလွင့်ပါး မောင့်အနားကို
စကားထွေရာ ငိုသံပါနှင့်
ဘာမှမကြား မောင့်အနားမှာ
ထသွားစို့ဆို မေ့ကိုအိပ်မက်
မမက်ဘူးလား တစ္ဆေဖျားယောင်း
မှုန်မွှား စိတ်ဝင်အရိပ်ထင်။ (ကြည်အေး)
ကြည်အေးရဲ့ တယောက်သောငါ တစ္ဆေကြောက်စရာ။ ကျွန်တော်ကတော့ တစ်တွေကို တစ္ဆေသာဖြစ်စေချင်။
ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၇
Photo from မောင်ပေါက်စ အင်းဝ
ငယ်က မွှေးမြ

ကြမ္မာနွမ်းထင့်
လွမ်းရုံ လွမ်းသော၊ ချစ်ဇာတ်မြော၌
လျောတိုက် လွင့်ပါ၊ ဆင်းရဲတာရှည်
ရာသီ ခြောက်ဆယ်၊ မပျက်ပြယ်ခဲ့
ငယ်က ပျံ့မွှေး၊ မေတ္တာနွေးခဲ့
တရေးရေးမြင်၊ သူ့ရုပ်သွင်ပင်
တလွင်လွင်ကြား၊ သူ့စကားသံ
ခံစားထိတ်ထိတ်၊ သူ့စိတ်နူးညံ့
မူးပျံ့ဆွတ်ကြည်၊ သူနားလည်ဟန်
ခိုမီချင်လှ၊ သူ့ယုယဟန်
အလှကဗျာ ဂီတသာသော
တမ်းရာဘဝ၊ လွဲခဲ့ရ၍
ညယံ ညှိုးငယ်၊ နေ့လယ် ညည်းငွေ့
တမြေ့မြေ့တွေး၊ ဘယ်နေ့ဝေး၌
ပူဆွေး ပြေလျော့၊ မေ့ပျော်မည်လဲ။ (ကြည်အေး)
မှတ်ချက်။ တစ်ရေးရေးမြင် မဟုတ်။ တစ်လွင်လွင်ကြား မဟုတ်။ တစ်မြေ့မြေ့တွေး မဟုတ်။
ဒေါက်တာတင့်ဆွေ
Credit to Aungmyint Oo

Comments
Post a Comment