ချဉ်ပေါင်ရွက်သည် မောင်မှိုင်း

တနေ့သ၌ မောင်မှိုင်းသည် နံနက်စောစော နောက်ပါငတေနှင့် နရကန်ရွာက ရောင်းချလာသော ချဉ်ပေါင်ရွက်များကို တဆင့်ဝယ်ယူ၍ နန်းတော်ရှေ့အနီး ဝင်းမှူးကြီးအိမ်ဦးသို့ ချဉ်ပေါင်ရွက်များကို သွင်းပို့ရန် အနောက်လှေကားမှ တက်သွားကြရာ အနောက်တန်းလျားအနီး မီးဖိုဆောင်အဝ၌ ချဉ်ပေါင်ထမ်းကိုချ၍ ရေတွက် ပေးသွင်းပြီးလျှင် နေ့စဉ် စာရင်းမှတ်သား၍ ရေးနေဆဲတွင် ကျေးကျွန်မိန်းမများတို့သည် မောင်မှိုင်းသည် ရယ်စရာစကားဆန်းဆန်းများ ပြောတတ်ကြောင်းကိုသိ၍ ဝိုင်းဝန်းကျီစားလေ့ရှိကြ၏။

မကြမ်းဆိုသော မိန်းမကြီးတယောက်က ကျီစား၍ သည်ချဉ်ပေါင်ရွက်မျိုးသည် ခါးလဲခါး သက်လဲသက် အရွက်ကလည်း ပလူတောင် အရောင်ကလည်း မွဲခြောက်ခြောက် ဘယ်ကြားကကောက်၍ ရလေသိဟု ခပ်ပြုံးပြုံးနှင့် ပြောလေ၏။

မိခါဆိုသူက အဟုတ်သားပတော် ချဉ်ပေါင်ရွက်ကိုက လိပ်ခွေခွေနှင့် ချဉ်ပေါင်ရွက်ရောင်းတဲ့လူနှင့် တူသေးတော့၊ သူမို့လို့ ရှာ၍ ရတတ်ပလေဟု ဆိုလေ၏။

ထိုအခါ မောင်မှိုင်းက သည်ချဉ်ပေါင်ရွက်မျိုးကို ကံရှိလို့ စားရသည်ဟု မှတ်ပါ တစိမ့်စိမ့်ဝါး၍ လျှာများနှင့်တွေ့ကြတော့ မျက်စေ့တောင် ဖွင့်မည်မဟုတ်ပါ။ တမုတ်ဆိုးနရကန်ရွာက ပွဲတော်တောင်ဆက်ရတဲ့ နရကန်ချဉ်ပေါင်ရွက်ဆိုတာ သူပ။ ချဉ်ပေါင်ရွက်ကို ဆက်သော ဒေါ်သဲဦးတို့တောင် အိမ်ဖြူပြတင်းရွှေချနဲ့နေပေါ့။ နရကန်ချဉ်ပေါင်ရွက်အကြောင်းကို စာဖွဲ့၍ဆိုသော စာဆိုတော်ဦးတိုးကို ဝတ်လဲတော်ပုဆိုး အထည်တရာနှင့် ကတ္တီပါစောင်ကို သနားတော်မူသည့်ပြင် ဝင်းကြက်ခြေခတ် လှေကားဦးတိုက် အတွင်းပွတ်လုံး အပြင်ပွတ်လုံးနှင့်နေစေ အမိန့်တော်မှတ်ပြီးပါပကောဟု ပြောဆိုလေ၏။

ထိုအခါ အုံးကနဲ ရယ်ကြလေ၏။

သီပေါမင်းလက်ထက်က ဝန်စာရေး ဦးကြီး ရေးသားတဲ့စာ ဖြစ်ပါတယ်။ စာထဲမှာ မောင်မှိုင်းဟာ သူတပါးသားပျို သမီးပျိုများကို လိမ်လည်လှည့်ဖျားကာ ဖျက်ဆီးလေ့ရှိတဲ့ သူယုတ်မာ ကြာသမားတယောက်ဖြစ်တယ်။

အမျိုးခြားအမည်ကို အထင်တော်ကြီးနေကြသူတွေကို နှိမ်လိုတဲ့အတွက် ဆရာလွန်းဟာ မစ္စတာမောင်မှိုင်းအမည် ခံယူပြီး သူရိယသတင်းစာမှာ စာတွေရေးသားပါတော့တယ်။

၁၉၆၀ ခုနှစ် ဟံသာဝတီတိုက်က ရိုက်နှိပ်ထုတ်ဝေတဲ့ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းစာအုပ်ပါ မြန်မာစာသတ်ပုံတွေကို လေ့လာစေလိုပါတယ်။

တစ်နေ့သ၌ မဟုတ်။ တစ်ဆင့်ဝယ်ယူ၍ မဟုတ်။ မိန်းမကြီးတစ်ယောက်က မဟုတ်။ တစ်စိမ့်စိမ့်ဝါး၍ မဟုတ်။ တစ်မုတ်ဆိုး မဟုတ်။ အထည်တစ်ရာနှင့် မဟုတ်။

ကနေ့ခေတ်မှာ မြန်မာစာ ချဉ်ပေါင်ရွက်လောက်ထိ တန်ဖိုးကျနေပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

မောင်မှိုင်းဝတ္ထု ပေါ်ပေါက်လာပုံ

ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုပေါ်ပေါက်လာပုံမှာကား ဤသို့ဖြစ်လေသည်။ ဇာတကဝတ္ထုမှတပါး ကာမဂုဏ်နှင့် စပ်လျဉ်းသော လောကီဇာတ်လမ်းဇာတ်ကွက်ကို နှစ်သက်ဖတ်ရှုလိုသော စာဖတ်ပရိသတ်သည် မောင်ရင်မောင် မမယ်မ ဝတ္ထု ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်းတွင် အာသာမပြေ၊ စေတသိက်ပြင်းပြ၊ တောင်းတမငြိမ် ဖြစ်ခဲ့ကြသည်ကို ဟံသာဝတီတိုက်ရှင်က သိမြင်သောအခါ ယင်းကဲ့သို့ အလားတူဖတ်ရှုသူတို့၏ အာရုံကို ခုံမင်စွဲလမ်းစေမည့် ကာလပေါ် ဝတ္ထုများကို ဖြည့်စွမ်းရိုက်နှိပ်ရန်ဆန္ဒရှိသည့်အတိုင်း မိမိတိုက်တွင်းရှိ ကဝိကျော်စွာ၊ ပါဠိဆရာအပေါင်း စည်းဝေးမိသောအခါ မိမိဆန္ဒကို ဖွင့်ဟ၍ ဥယျောဇဉ်စကား ပြောကြားလိုက်လေသည်။

ထိုအခါ ဆရာကြီး အသီးသီးတို့ကား ခေတ်နှင့်လျော်စွာ တီတာနွဲ့နှောင်း လောကီကြောင်းများကို ရေးသားရမည်မှာ သမ္ဖပ္ပလာ ဝါစာထွေးငြိ ရှိမည်အရေး ဝန်လေးလျက်ရှိကြစဉ်၊ ပညာရှင်တဦးဖြစ်သူ ဝန်စာရေးဦးကြီးကား ရှေးအထက် ကာလကပင် အိပ်ဖန်အလှည့်ကျစဉ် အဖေါ်အသင်းတို့အား တညလုံးမအိပ်ချင်အောင် ဖွဲ့ဆင်ပုံခင်း ပြောခဲ့ဘူးရင်း ရှိသည်တလည်းကြောင်း၊ ကဗျာလင်္ကာ လောကီရေးရာကို ဖွေရှာ စပ်စု ဗဟုဿုတ ကြွယ်ဝသည်လည်း တကြောင်းတို့ကြောင့် မိမိပင် ရေးသားပေးပါမည်ဟု အာမဝန်တာခံလိုက်ပြီးသည့်နောက် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုကို ခေတ်အကြိုက် လိုက်ထိုက်အောင် ရေးသားခဲ့လေသည်။ ထိုဝတ္ထုကို တနှစ်တည်းမှာပင် ပထမတွဲနှင့် ဒုတိယတွဲဟူ၍ နှစ်တွဲခွဲခြား၍ ရိုက်နှိပ် ထုတ်ဝေခဲ့လေသည်။

ထိုဝတ္ထုများကို ဖတ်ရှုသူများက နှစ်သက်စွဲမက်ကြောင်းကို သိရှိသောကြောင့် ဦးကြီးသည် မြကလေး၊ စိန်ကလေး၊ ခင်ခင်ညွန့် ဝတ္ထုများကိုပါ ကြားဖြတ်ရေးသားခဲ့လေသေးသည်။ ထိုနောက်မှတဖန် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုကိုပင် တတိယတွဲဟူ၍ ဆက်လက် ရေးသားပြန်လေသည်။ စတုတ္ထတွဲကို ဆက်လက်ရေးသားရန် မူကလ ရည်ရွယ်ချက် ရှိခဲ့သော်လည်း မရေးဖြစ်သဖြင့် စက်တင်ပုံနှိပ်ခြင်း မပြုနိုင်ခဲ့ပေ။

ဝန်စာရေးဦးကြီးရေးသားခဲ့တဲ့ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဒုတိယတွဲပါ နိဒါန်းကနေ ကောက်နှုတ်တင်ပြချက်ဖြစ်ပါတယ်။

ပညာရှင်တစ်ဦး မဟုတ်။ တစ်ညလုံး မဟုတ်။ တစ်ကြောင်းတို့ကြောင့် မဟုတ်။ တစ်နှစ်တည်းမှာပင် မဟုတ်။

ကနေ့မြန်မာစာ ချဉ်ပေါင်ရွက်တန်ဖိုးထက် မြင့်တက်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ