ဆေးရုံဖွင့်ပွဲ

မြို့သာ တိုက်နယ်ဆေးရုံအဆောက်အဦသစ်ဖွင့်ပွဲ ဖိတ်စာလေးပေါ်မှာ ပုံနှိပ်စရာ ဆရာကြည်အောင်၏ သမိုင်းဝင်ကဗျာ။

ကြည်အောင်ဟာ ဝရမ်းပြေးဘဝနဲ့ မြို့သာမှာ ဇာတ်မြှု ပ်နေစဉ် မြို့သာတိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲအတွက် အသန်ဆုံးအား ဆိုတဲ့ ကဗျာလေး ရေးပေးခဲ့ပါတယ်။
ဖိတ်စာပေါ်မှာ ဒီကဗျာလေးကို ရိုက်ပြီးဖိတ်ဖို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့စည်းဆီ တင်ပြရပါတယ်။ မြို့သာရပ်ကျေး နယ်လုံးမွေးအစား မြို့သာနယ်ကျေး ပြည်လုံးမွေး၊ နွမ်းပါးသူတို့ လာကြလေအစား၊ နွမ်းပါ့း့ လော့၊ ဆင်းရဲသူတို့ လာကြလေ့ အစား၊ ဆင်းရဲ့ လော့လို့ ပြင်ခိုင်းပါတယ်။ ဆရာကြည်ကလည်း ပြင်ခွင့်ပေးပါတယ်။ ၁၄-၇-၁၉၈ဝ နေ့ ဖွင့်လှစ်ရမဲ့အစီစဉ်ပျက်သွားပြီး ၃-၉-၁၉၈ဝ နေ့မှာပဲ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ဖိတ်စာမှာတော့ ဆရာကြည်အောင်ရဲ့ကဗျာလေးမပါတော့ပါ။ သူရနောင် (မြို့သာ)။

အသန်ဆုံးအား

အမွှေးဆုံးသနပ်ခါး ပေါက်ရောက်ရာ
အထက်ဆုံးဓါး ထုလုပ်ရာ
အသွားဆုံးနွား မွေးဖွားရာ
အသန်ဆုံးအား လှုပ်ရှားရာ
မြို့သာရပ်ကျေး နယ်လုံးမွှေး။

ဆေးရုံတရုံ ဝိုင်းအုံတည်ဆောက်
ပြီးမြောက်အောင်မြင် အောင်ပွဲဆင်ပြီ။

ဆေးရုံတံခါး ဖွင့်လှစ်ထားတယ်
နွမ်းပါးသူတို့ လာကြလေ။
ဖြူညိုမခွဲ တသားထဲပင်
ဆင်းရဲသူတို့ လာကြလေ။

ဆေးတခွက်ဖြင့် အသက်တို့အား ကယ်တင်အံ့။
သွေးတစက်ဖြင့် အသက်တို့အား ကယ်တင်အံ့။

ဗျာဓိ ဓမ္မော အနတီတော မလွန်ဆန်နိုင် နာခြင်းသဘော။
အဘိဏှသုတ် အဟောကို ရယ်မောခြင်းဖြင့် ဖတ်ကုန်အံ့။ ကြည်အောင် (၁၄-၇-၁၉၈ဝ)

ဆေးရုံ ဝိုင်းအုံဆောက်တဲ့ထဲမှာ ကျွန်တော်လည်းပါတယ်။ မြို့သာဆေးရုံမှာ ကျွန်တော့်ခွဲစိတ်ဓါး သွေးခဲ့တယ်။ ဆေးတခွက် တိုက်ကျွေးခဲ့တယ်။ သွေးတစက် ဆက်ပေးခဲ့တယ်။

ကြည်အောင်ရေးတဲ့ တတွေ မတစ်။ ကျွန်တော့်တတ်တဲ့ ပညာလည်း မတစ်။ နယ်သူနယ်သားတွေ စေတနာ မတစ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၇
၂၂-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး