၁၉၉၀ ဆောင်း
နောက်တလတိတိမှာ ကျွန်တော်တို့ဖွဲ့နိုင်ကြတော့မယ်။ အဲလို ကြိုတင် ထင်မထားနိုင်ကြပါ။ လျို့ဝှက်လုံးပမ်းနေကြရလို့ တိုင်ပင် စီစဉ်ရတာတွေက တကယ်ပါမဲ့သူတွေကိုယ်တိုင် မသိနိုင်ကြပါ။ ဘယ်မှာဖွဲ့မှာလဲကတော့ သိရပြီ။ အရှေ့ဖက်။ တောထဲ။ အစိုးရအဖွဲ့။
ဘယ်သူတွေကို ဘယ်လမ်းကနေ ဘယ်နည်းနဲ့ပို့ဆောင်ရမလဲ တာဝန်တစိတ်ပိုင်းက ကျွန်တော့ပခုံးပေါ်မှာ။ သွားတွေ့ရ၊ လိုက်ပြောရ၊ ချိန်းချက်ရ၊ လိုတာတွေ ဖြည်ဆီးပေးရပါတယ်။ ကျွန်တော်က မိသားစုကြီးလို့ ချန်နေရမဲ့စာရင်းထဲမှာ။ ချန်နေရစ်လို့ မဖြစ်တာကို ကျွန်တော်ကမသိ။
အဲလိုနိုင်ငံရေးလုပ်နေမှန်း မသိလောက်အောင်၊ ကြားထဲမှာ ပုလဲကနေအိမ်ကိုပြန်ပြန်ဝင်လာရတယ်။ လူနာတွေကို ဆေးကုရတယ်။ နောက် ထွက်ရပြန်တယ်။ မြို့တမြို့။ နေရာတခု။ လူတဦး။ ပြန်လာရပြန်တယ်။
မသိလောက်အောင်လို့ထင်တာ မှားမှန်းလည်း ကျွန်တော်က မသိခဲ့ပါ။ သူတို့ကလည်း စီမံချက်ဆွဲနေကြပြီ။ ကနေ့က နိုဝင်္ဘာလ ၁၈ ရက်။ နောက်တပတ်နေရင် ကျွန်တော့်ကို ဖမ်းမယ်လို့ သူတို့က သတ်မှတ်လိုက်ပြီ။ ကျွန်တော်က အဲတာလည်းမသိ။ ထွက်ပြန်တယ်။ မြို့တမြို့။ နေရာတခု။ လူတဦး။ ပြန်လာပြန်တယ်။ မိသားစုဆီနဲ့ လူနာတွေဆီ။
၁၉၉၀ ဆောင်းလတွေဟာ အေးလည်း အေးတယ်။ ချွေးလည်းပြန်ခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂၀၁၈

Comments
Post a Comment