မိုးကောင်းကင်မှာ သာတဲ့လ

အိမ်ပြင်ထွက်ကြည့်ကြတာ လအလွန်သာနေတယ်။ မြန်မာပြည်မှာ တန်ဆောင်မုန်းလဟာ ကမ္ဘာကြီးနဲ့အနီးဆုံးနေ့လို့ ပြောကြတယ်။

အမေရိကန် ရှေးတောင်သူ လူကြီးတွေက လပြည့်နေ့တွေကို အမည်လေးမျိုးပေးထားတယ်။ စက်တင်္ဘာ ၂၄ ရက်နေ့ညလကို Harvest Moon လို့ခေါ်တယ်။ အောက်တိုဘာ ၂၄ ရက်နေ့ညလကို Hunters Moon လို့ ခေါ်တယ်။ ကနေ့ နိုဝင်္ဘာ ၂၂ ရက်ညလကို Beaver Moon နဲ့ လာမဲ့ဒီဇင်္ဘာ ၂၂ ရက်နေ့ည လပြည့်နေ့ကို Cold Moon လို့ ခေါ်တယ်။ ဌာနေအမေရိကန်တွေက ကနေ့ညလပြည့်ကို Full Frost Moon လို့ ခေါ်ကြပါသတဲ့။

၂၀၁၆ ခုနှစ် နိုဝင်္ဘာ ၁၄ ရက်နေ့တုန်းက ဆူပါမွန်းဖြစ်ခဲ့တယ်။ ကမ္ဘာနဲ့အနီးဆုံးအချိန်ဖြစ်တယ်။ ၂၆-၁-၁၉၄၈ တုန်းက တကြိမ် နီးခဲ့သေးတယ်။ လာမဲ့ ၂၀၃၄ ကျတော့တခါ နီးပြန်ပါဦးမယ်။

လက ကမ္ဘာကိုပတ်လည်နေတာက စက်ဝိုင်းအတိအကျမဟုတ်ပါ။ ဘဲဥပုံလို့အကြမ်းပြောနိုင်တယ်။ တခါတလေနီးပြီး၊ တခါတလေ ဝေးတယ်။ နီးတဲ့ပတ်လမ်းကို perigee လို့ခေါ်ပြီး ဝေးတဲ့ပတ်လမ်းကို apogee လို့ခေါ်တယ်။ လပတ်လမ်းရဲ့ အချင်းဝက်မျဉ်းဟာ ကမ္ဘာကနေ 384,000 ကီလိုမီတာကွာဝေးတယ်။

ကမ္ဘာနဲ့အနီးဆုံးနေ့တွေမှာ ဧဝရက်တောင်ထိပ်ဟာ လမင်းကြီးနဲ့အနီးဆုံးဖြစ်နေမယ်။ ဒါပေမဲ့ အင်ဒီးစ်တောင်တန်းပေါ်က Chimborazo ချင်မ်ဘိုရာဇိုမီးတောင်ထိပ်က ဧဝရက်မြင့်တယ်လို့ဆိုတာလည်းရှိတယ်။

ကနေ့ည 12:39 A.M. EST ၁၂ နာရီ ၃၉ မိနစ်မှာလပြည့်မယ်။ အခုစာရေးနေချိန်က ည ၉ နာရီ ၂၄ မိနစ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၈

ဘယ်ဟာက နီးပါလိမ့်

ညခင်း
လမင်းက ထိန်လို့သာ။

လမင်းနဲ့ ပြည်မြန်မာ
ဘယ်ဟာက ကြီးပါလိမ့်
ဘယ်ဟာက နီးပါလိမ့်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၈
ည ၁၀ နာရီ ၈ မိနစ်။

လမျက်နှာမှာ

ကဗျာ စာ ဝါသနာထုံသူတွေက လမင်းမှာ မျက်နှာချင်းဆုံးမယ်လို့ ပြောလေ့ရှိကြတယ်။

ကျွန်တော့်အရွယ် ကျွန်တော့အလုပ်အရတော့ တမျိုးပြောရမယ်။

သိလိုတာ လမျက်နှာမှာ ရေးထားခဲ့ပါ။ လမျက်နှာမှာ အဖြေစာ လာဖတ်ပါ။

လအလင်းမှာ ကျန်မာခြင်းစာ ရှာဖွေပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၈
ည ၁၀ နာရီ ၃၁ မိနစ်။

ဟိုအရင်က လ

ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ် မပါ။ ဗူးလည်း သွားမဝယ်ဖြစ်ပါ။ သားတယောက်အိမ်က ဝက်ခြေထောက် စတူးလ်ပို့တယ်။ နောက်သားတယောက်က ဟမ် ခေါ် ဝက်သားကို ဆားစိမ်ပြီး မီခိုးတိုက်ထားတာ ဝယ်လာတယ်။ ညရောက်တော့ နာနတ်သီးစားတယ်။ ကဗျာမဆန်ပါ။

တန်ဆောင်မုန်းလပြည့်နေ့နဲ့တူအောင် ကျွန်တော်တို့နှစ်ယောက်က အေးအေးချမ်းချမ်းထဲမှာ လထွက်ကြည့်ကြတယ်။ အဲလို တန်ဆောင်မုန်းလပြည့်နေ့ညမှာ လကြည့်ဖြစ်ခဲ့ကြတာ ၄၈ ခါရှိပြီ။ လဟာ အိုဟောင်းမသွားပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး