မချွတ်စသာ သတ္တဝါတည်း

သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖေါက်လွဲတတ်သည်၊ မချွတ်စသာ - သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ - ငါ့ခန္ဓာတည်း။

တစ်ယောက် မဟုတ်။ သူတစ်ယောက်မှာ မဟုတ်။ တစ်သက်လျာတည့် မဟုတ်။ လူတစ်ကာတို့ မဟုတ်။

ကျွန်တော်လည်း အနန္တသူရိယအမတ်လို သံဝေဂရပါတယ်။ စောစောက အမျိုးသမီးတယောက်က မျက်နှာတခြမ်း လေဖြတ်တာကိုမေးတယ်။ ဒီလိုရောဂါက မြန်မြန်ဆေးပေးရလို့ ခပ်မြမြန်လေး ဖြေဘို့ကြိုးစားတယ်။ စာပို့မယ်လုပ်တော့ နောက်မက်ဆေ့ခ်ျမှာ ဖြစ်တာ တနှစ်လောက်ရှိပါပြီတဲ့။

ရောဂါတွေ တချို့ဖြစ်တယ်။ တချို့ မဖြစ်။ တချို့ဆေးမီတယ်။ တချို့ နောက်ကျတယ်။ ရောဂါတွေသာ မကပါ။ မြန်မာစာနဲ့ သုတတွေမှာလည်း သည်အတိုင်းဖြစ်တယ်။ ကျွန်တော်တို့ပညာသင်စဉ်က သူတည်းတယောက်လို့ သင်တယ်။ ခုခေတ်မှာ တမှန်သမျှကို စသတ်ခိုင်းတယ်။ ဆေးနည်း ပေးတာကို အဟုတ်မထင် လမ်းဘေးနည်းကိုသာ အားကိုးကြသလိုပဲ။ သတ်ပုံပြင်ပေးတာကို မှန်တယ်မထင်ကြပါ။ သူတို့အနီးအနားမှာ ကိုးကားစရာတွေကလည်း ကြော်ငြာဆေးအဆင့် စာတွေသာရှိကြတယ်။

ဖေါက်လွဲတတ်သည်၊ မချွတ်စသာ - သတ္တဝါတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး