မြန်မာစာဆရာ မဟုတ်ပါ

ဆရာ မြန်မာအက္ခရာမှာ ဗျည်းမဟုတ် သရမဟုတ်တဲ့အက္ခရာကို သိချင်လို့ပါ

ကျွန်တော်က နည်းနည်းသာသိတယ်။ အရင်က မေးလို့ ရေးထားတယ်။

မရေးတတ်လို့ အမှားပါရင် ခွင့်လွှတ်ပါဆရာ။ အင်္ဂလိပ်စာမှာ a e i o u အဲဒီ ၅ လုံးထဲက တလုံးမပါပဲ စကားလုံး မဖြစ်ဘူးလို့ မှတ်ခဲ့ပါတယ်ဆရာ။ မြန်မာ စကားလုံးမှာလဲ အ ဥ ဧ အဲ ဩ သရ ငါးလုံး။ အဲဒါ မပါပဲ စကားလုံး မဖြစ်ဘူးလို့ မှတ်သားမိခဲ့သလား မမှတ်မိတော့ပေမဲ့ အဲဒီလို ထင်နေပါတယ်။ သရ ငါးလုံးကို ကျမရေးတာ မှားရင်လဲ မှားမယ် ထင်ပါတယ်။ မြန်မာစာရေးသားသူတွေ နားလည်အောင် ကျေးဇူးပြုပြီး ရှင်းပြစေချင်ပါတယ် ဆရာ။ ဆရာ့ဆီကနေ မြန်မာစာကို ပိုပြီးစိတ်ဝင်စားလာမိပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။

မြန်မာစာမှာ အဲလို မဟုတ်ပါ။
ဗျည်း (ဝဏ္ဏ) ၃၃ လုံးရှိတယ်။ က ကနေ အ အထိ။

ဗျည်းတွဲသင်္ကေတ ၄ ခုရှိတယ်။ ယပင့်၊ ရရစ်၊ ဝဆွဲ နဲ့ ဟထိုး။

နှစ်ခုပေါင်း ဗျည်းတွဲသင်္ကေတ ၅ တွဲ။ ယပင့် + ဝဆွဲ၊ ရရစ် + ဝဆွဲ။ ယပင့် + ဟထိုး။ ဝဆွဲ + ဟထိုး။

သုံးခုပေါင်း ဗျည်းတွဲသင်္ကေတ ၂ တွဲ။ ယပင့် + ဝဆွဲ + ဟထိုး။ ရရစ် + ဝဆွဲ + ဟထိုး။

ဗျည်းအသတ်တွေ ရှိတယ်။ က်၊ င်၊ စ်၊ ဉ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်။

မာဂဓ၊ သက္ကတ (ဆန်းစ်ကရစ်) နဲ့ ပါဠိတွေကနေလာတဲ့စာလုံးတွေမှာ အသတ်တမျိုးရှိတယ်။ ဂ်။ ခ်။ ဇ်။ ဉ်။ ဋ်။ ဌ်။ ဏ်။ ဒ်။ ဓ်။ ဗ်။ ဘ်။ လ်။ ဝ်။ သ်။ ရ်။ သ်။ ဟ်။ ဠ်။

သရများ
သရအက္ခရာ ၁၂ လုံးရှိတယ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို။

အဲတာကို အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အို လို့လည်းသုံးလာတယ်။

အခြေခံသင်ပုန်းကြီး ၂၁ လုံးရှိတယ်။
အ၊ အာ၊ အား၊
အိ၊ အီ၊ အီး၊
အု၊ အူ၊ အူး၊
အေ၊ အေ့၊ အေး၊
အဲ၊ အဲ့၊ အဲ၊
အော၊ အော့၊ အော်၊
အံ၊ အံ့၊ အံး။

အခြေခံသင်ပုန်းကြီး ၂၁ လုံးကနေ ပွါးလာတာက အောက်မြစ် (့  ) နဲ့ ဝိသဇ္ဇနီ ခေါ် ဝစ္စပေါက် (း)။ အဲတာတွေကို နုတ်ပယ်ပြီး အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ ၁၁ လုံး နဲ့ အို သရပါပေါင်းတော့ သရ ၁၂ လုံး ဖြစ်လာတယ်။

အက္ခရာ ခေါ် အတိုရေးသင်္ကေတ ၃ လုံး
၏၊ ၍၊ ၌။

ကာရန်ကြီး ၁၆ နဲ့ ကာရန်ငယ် ၆၄ လို့လည်း တချို့သတ်ပုံကျမ်းမှာ ဖေါ်ပြတယ်။

အသံထွက်နည်း
ကစား - ဂဇား။
ကပြား - ကာ့ဗျား။
ခစား - ခါ့ဇား။
စပါး - ဇဗား။
ခေါင်းကိုက် - ဂေါင်းကိုက်။
စဉ်းစား - စင်းဇား
နှာစည်း - နှာစီး
တသမတ်တည်း - တသမတ်တီး
သိမ်းဆည်းသည် - သိမ်းဆီးသီ
သည်းခံသည် - သီးခံသီ
အရည်း - အရီး
ကစွန်းရွက် - ကဇွန်းရွက်
ပုတတ်စာ - ဗဒတ်စာ
ကုလား - ကလား
နနွင်း - ဆနွင်း
မသွားမီ မလာမီ - မသွားမှီ မလာမှီ
ပရိဘောဂကို လျှာလိပ်သံထွက်ရတယ်။

အသံထွက်ကို သတ်ပုံမှန်အထင်နဲ့ မှားရေးနေသူတွေ မနည်းပါ။

မွေးစားစာလုံးများ
တခြားဘာသာစကားတွေကနေ ယူသုံးတဲ့စကားလုံး အသံထွက်တွေမှာလည်း စည်းရှိတယ်။
မြူစွမ်ကို မနဲ့ရေးရပြီး မသံနဲ့သာ ထွက်ရတယ်။
အာထွာဆောင်းကို စောင်းလို့ မရေးရ။ စောင်းသံ မထွက်ရ။
ကင်ဆာကို ကင်စာလို့ မရေးရ။ စသံ မထွက်ရ။
တီဘီ နဲ့ တီဗွီ မတူပါ။
ဆယ်လီဘရစ်တီကို စယ်လီလို့ မရေးရ။ မထွက်ရ။
ဆူပါကို စူပါလို့ မရေးရ။ မထွက်ရ။

နှုတ်ကျိုးနေတဲ့ စာလုံးတွေရှိတယ်။ ပြင်ခိုင်းဘို့ မလွယ်တော့။ သည်အတိုင်းသာ ထားသင့်တော့တယ်။
သြဂတ်စ်လ - သြဂုတ်လ။
တာရ်ကီ - တူရကီ။
ဖရင့်စ်၊ ဖရင့်ခ်ျ - ပြင်သစ်။
ဘောလ် - ဘောလုံး၊ ဘော့လုံး။

သဒ္ဒါပစ္စည်း
နာမ်၊ နာမ်စား၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန တို့၏ အဓိပ္ပါယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့သော စကားလုံးသည် ပစ္စည်းဖြစ်သည်။ ပစ္စည်း (၃) မျိုး ရှိသည်။
၁။ နာမ်ပစ္စည်း
၂။ ကြိယာပစ္စည်း
၃။ ပုဒ်ပြောင်းပစ္စည်း တို့ ဖြစ်သည်။

ပန်ကျူယေးရှင်း
အရင်လာတဲ့မေးခွန်းထဲပါ ဒေါ့ ခေါ် အစက်လေး ၁၇ လုံးကို ဖျက်လိုက်တယ်။ မြန်မာစာမှာ အင်္ဂလိပ်စာလို ပန်ကျူယေးရှင်း မရှိတာ အားနည်းချက်ဖြစ်တယ်။ မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။ (။) ပုဒ်မ ခေါ် ပုဒ်ကြီး နဲ့ (၊) ပုဒ်ထီး ခေါ် ပုဒ်ငယ် ကိုတော့ တိတိကျကျသုံးပါတယ်။ ကွင်းစ ကွင်းပိတ်ကိုလည်း လက်ခံသုံးစွဲလာတယ်။ ကောင်းတယ်။ အဖွင့်အပိတ် ကော်မာ တွေလည်း သုံးလာကြတယ်။ မေးခွန်းအမှတ်အသားသုံးတာ သိပ်သဘောမကျပါ။ အာမေဋိတ်သံသင်္ကေတ လည်း မသင့်လို့ ထင်တယ်။ မြန်မာစာမှာ ကော်မာ မရှိပါ။ ခြာရေး ခြာရိုက်ရင် ရတယ်။ စာနယ်ဇင်း ခေါ် မီဒီယာမှာ ခေါင်းစဉ် ရေးတဲ့အခါ ပုဒ်မ ပုဒ်ထီး မတည့်ရပါ။

မြန်မာစာရေးနေရင်း အသက်စတာရေးတာမှာ အင်္ဂလိပ်ဂဏန်းထည့်ရိုက်နေကြတာကို စဉ်းစားမရ။ မြန်မာလို ၁-၂-၃ ရှိပါတယ်။ မျက်စိနောက်တယ်။

အလွန်မှား
တခါတရံကို တစ်ခါတစ်ရံလို့ အရေးခိုင်းပြီး တခါတရံသံထွက်ခိုင်းတာ အလွန်ကိုမှားတဲ့ သတ်ပုံဖြစ်တယ်။ တပင်တိုင်ကို တစ်ပင်တိုင်လို့ ရေးခိုင်းတာလည်း သွက်သွက်ခါအောင် မှားတယ်။

မြန်မာစာရဲ့ ထူးခြားချက်တခုကတော့ မူကွဲစာလုံးတွေရှိတယ်။ သက်တမ်းထောင်ဂဏန်းရှိပြီ။ ခေတ်အရ သန့်စင် ပြင်လာကြတယ်။ ပါဠိစာလုံးတွေ နည်းစေတယ်။ အဆင့်တွေ နည်းစေတယ်။ အဓိပ္ပါယ်မပျက်စေအောင် ပြောင်းတယ်။ ခက်တာတွေကို လွယ်ကူရှင်းလင်းအောင် ပြောင်းတာ။ အဲလိုအစဉ်အလာကောင်းရှိခဲ့တဲ့ မြန်မာစာမှာ မူကွဲတွေမရှိစေရ လုပ်တာ မှန်တယ်မထင်ပါ။ လွယ်နေတာကို ခက်အောင် တတွေကို စသတ်ခိုင်းထားတာ မှားတယ်။ ကန်တော့။ ယူနီဖေါင်းဝတ်ခိုင်းတာ မတရားပါ။

သဒ္ဒါသင်ရာမှာ မြန်မာစာနဲ့ အင်္ဂလိပ်စာ မတူပါ။ မြန်မာစာမှာ အင်္ဂလိပ်စာလို ပန်ကျူယေးရှင်းထည့်မထားပါ။ အဲတာကို ခဲစာလုံးပုံနှိပ်ခေတ်ကတည်းက သုံးနေတယ်။ ကွင်းစကွင်းပိတ်၊ မျဉ်းတို၊ မျဉ်းရှည်၊ အောက်မျဉ်း၊ ကော်မာတခု၊ ကော်မာတစုံ၊ အဖွင့်အပိတ်ကော်မာ၊ မေးခွန်းအမှတ်အသား၊ စသည်။

ဝါစင်္ဂရှစ်ပါးလို့ သင်ခဲ့ရတယ်။
၁။ နာမ် = လူတဦးတယောက်၊ နေရာတနေရာ၊ အရာဝတ္ထုတခု၊ အမည်တခု၊ အတွေးအခေါ်တခု၊ ဖြစ်ခြင်းတခု။
၂။ နာမ်စား =  နာမ်နေရာမှာ အစားသုံးတယ်။
၃။ ကြိယာ =  တစုံတရာ (သို့) တစုံတဦးက အခြေအနေတခုတွင် ပြုလုပ်ဖော်ပြကြောင်း ပြောသောအရာ။
၎။ နာမဝိသေသန = နာမ် (သို့) နာမ်စားတခုရဲ့ ဂုဏ်သတ္တိကို ဖော်ပြတယ်။
၅။ ကြိယာဝိသေသန = ကြိယာ/နာမဝိသေသန/ကြိယာဝိသေသန တခုရဲ့ ဂုဏ်သတ္တိကို ဖော်ပြတယ်။
၆။ ဝိဘတ် = ဝါကျတကြောင်းရှိ နာမ်၊ နာမ်စားနဲ့ အခြားစကားလုံးတွေကို ဆက်စပ်ပေးတဲ့ စကားလုံးဖြစ်တယ်။
၇။ သမ္ဗန္ဓ ခေါ် စကားဆက် = စကားလုံးတွေ၊ စကားစုတွေကို ဆက်စပ်ပေးတယ်။
၈။ အာမေဍိတ် = အားကောင်းတဲ့ ခံစားမှုကို ဖော်ပြပေးတဲ့ စကားလုံးတလုံး (သို့) စကားစုတခု ဖြစ်တယ်။

ဝါစင်္ဂရှစ်ပါးကို ပါဠိစာလုံးတွေနဲ့ သင်တယ်။ မြန်မာစာပေါ်စကတည်းက ပါဠိ နဲ့ သက္ကတ ခေါ် သင်္သကရိုက်ဘာသာ ခေါ် ဆန်းစ်ခရစ်စာလုံးတွေနဲ့ ရောထွေးနေခဲ့တယ်။ မြန်မာစာလုံးတွေကို အထပ်တွေနဲ့ရေးခဲ့ကြတယ်။ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ ကျမ္မာ၊ မင်းသ္မီး၊ မြမ္မာ၊ မိမ္မ၊ ဆုမ္မ၊ ကျမ္မာ၊ မင်းသ္မီး၊ ယ္ခင်၊ စသည်။ ခေတ်ကာလသဘောအရ အဲတာတွေ နည်းလာတယ်။ အဲလို လွယ်ကူရှင်းလင်းအော င် ပြောင်းခြင်းကသာ ခေတ်ကလာသဘောနဲ့ ညီညွတ်တယ်။

မှန်နေခဲ့တာကို လွဲအောင်၊ မူကွဲတွေကို အမျိုးတုံးအောင်လုပ်ခြင်းဟာ ခေတ်သလော မဟုတ်။ ပညာသဘောမဟုတ်။

ပန်ကျူယေးရှင်းကို ပါဠိလို ဘယ်လိုသင့်ပါသလဲလို့ ရင်းနှီးတဲ့ဆရာတော်တပါးဆီ ညကလှမ်းမေးတာ စာပြန်လာတယ်။

ယတိ ဟု သုံးသင့်ပါသည်။ ယတိဟူသည် the marks used to divide a piece of writing into sentence, phrases, etc. နှင့် အဓိပ္ပါယ် တူပါသည်။ ရတု ကဗျာ စာ ရေးသား ရွတ်ဆိုရာတို့၌ အဖြတ် မမှန်လျှင် အဖြတ်မရှိလျှင် ယတိဟီနဒေါသ (အဖြတ်အတောက် မှားခြင်း မရှိခြင်း အပြစ်) ဟု သတ်မှတ်ကြပါသည်။

နဝမမြောက် ဝါစင်္ဂ ယတိ ခေါ် အဖြတ် အကန့် အမှတ်အသားသုံးခြင်း စနစ်ကျသင့်တယ်။ ကျွန်တော်အမြင် -
ကွင်းစကွင်းပိတ် လိုအပ်တယ်။
မျဉ်းတို သင့်တယ်။
မေးခွန်းအမှတ်အသား မလိုအပ်လို့ထင်တယ်။
အဖွင့်အပိတ်ကော်မာတွေလည်း သဘောသိပ်မကျပါ။
ကိုလုံ၊ ဆီမီကိုလုံ မသင့်။
အာမေဍိတ်အမှတ်အသား မသင့်။
ဖူးလ်စတော့ မသင့်။
စာစု တခုနဲ့တခု ခြာရမယ်။
အန်ဒါလိုင်း ဖေ့စ်ဘွတ်မှာ သုံးမရ။

တချို့က စာကို ဆက်တိုက်ရေးကြတယ်။ မနေ့က တင်ပြထားတယ်။ အသဲရောင်စီပိုးရေးတာ cပိုး လို့ရေးတာကို ငပိုးလို့ ဖတ်မိတယ်။ အဲလိုရေးတာ ၁၀ ယောက်မကရှိပြီ။

တချို့က ဖူးလ်စတော့ထည့်ရေးတယ်။ ကွန်ပြူတာက အဲတာကို ပုဒ်ထီး ပုဒ်မလို့ သိတာမဟုတ်။ ဒေါ့တွေနဲ့ မခြာပဲ ရိုက်တော့ စာတစောင်လုံးဟာ ဝါကျတကြောင်းတည်းသာ ဖြစ်နေတော့တယ်။

တချို့က P, B ထည့်ရိုက်ကြတာ အတော်ကို မှားတယ်။ ကျွန်တော်က ရောဂါလား၊ ဆေးလား စဉ်းစားရတယ်။

တချို့က မြန်မာလိုရေးရင်း အသက်ကို အင်္ဂလိပ်စာလုံးပြောင်းရိုက်နေကြတာ မျက်စိထဲ အဆင်မပြေလှပါ။ ၁-၂-၃ ရှိတာပဲ။

ကျွန်တော်က လာသမျှမေးခွန်းတွေကို ဖေါင့်ပြောင်း၊ စာစီ၊ သတ်ပုံပြင်ပြီးမှ ဖတ်၊ ဖတ်ပြီးမှ ဖြေရတယ်။

ကျွန်တော်က အလယ်တန်းအဆင့်ကျောင်းသားတွေ နားလည်ရလွယ်စေအောင် ဖြစ်နိုင်သ၍ ပါဠိစာလုံးတွေ နည်းစေချင်တယ်။ မှန်နေခဲ့တဲ့သတ်ပုံတွေကို ၁၉၉၁ ကစပြီး မှားအောင်လုပ်ထားတာကိုလည်း ပြန်ပြီး တည့်မတ် မှန်ကန်လာစေချင်တယ်။ ကျွန်တော် မြန်မာစာဆရာ မဟုတ်ပါ။ စာရေးဖြစ်လို့ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁-၂-၂၀၂၀
၂၅-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး