ဆယ်နှစ်ရာသီမိုး နှင့် သတ်ပုံအလွဲများ

ကွန်မင့်တခု ရလို့ ရေးပါတယ်။ တန်ခူးမည်မွတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး မှတ် နဲ့ မွတ် ဘယ်စကားကအမှန်ပါလဲ ဆရာ။ လင်္ကာစပ်နည်းအရ မွတ်က အမှန်လို့ထင်ပါတယ်။ ကာရံလည်း သင့်ပါတယ် တဲ့။

မဟုတ်ပါ။ တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး ဖြစ်ပါတယ်။ မွတ်ဆိုတာ မွတ်သိပ် (ဆာလောင်)၊ မွတ်ညက် (ချောမွေ့)၊ မွတ်မွတ်ညက်ညက် (ချောချောမွေ့မွေ့)။

တက္ကသိုလ်စာသင်သားအမည်နဲ့ ဘလော့မှာလည်း နယုန်မိုးသေး မြက်သားမွှေးလို့ ရေးထားတာတွေ့တယ်။ ခက်ဆစ်အဖွင့် ထဲမှာလည်း မြက်သားမွှေး = မြက်နုကလေးများ ပေါက်လာသည်တဲ့။ မြက်သားမွေးဖြစ်ရပါမယ်။

မေးခွန်းတွေမှာလည်း မွေး နဲ့ မွှေး မှားကြတယ်။ မွေးဆိုတာ ကလေးမွေးသည်။ ကိုယ်မွေး။ ပန်းအနံ့ မွှေးသည်။

မွှေး
မီးမွှေးပါ
မွှေးထုံသော
မွှေးကြိုင်သော
မွှေးပျံ့သော
မွှေးကြူသော
ရေမွှေး

မွှတ်
လည်မွှတ်နေသည်
သခွားသီးမွှတ်

မွေး
ကြက်သီးမွေးညှင်း
အမွေးအတောင်
ကျွေးမွေးသည်
မွေးကျွတ်နာ
မွေးချင်းပေါက်ဖော်
မွေးစားသည်
မွေးစုတ်တဘက် (မွေးပွတဘက်)
မွေးညှင်း
မွေးညှပ်
မွေးတုံ့မွေးလှည့်
မွေးဖွါးသည်
မွေးမြူသည်
မွေးရာပါရောဂါ
မွေးသက္ကရာဇ်
မွေးသန္ဓေပါ
မွေးကျေးဇူး
နှုတ်ခမ်းမွေး

ဆယ်နှစ်ရာသီမိုး
၁။ တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး
၂။ ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့
၃။ နယုန်မိုးသေး မြက်သားမွေး
၎။ ဝါဆိုလပြောင်း မိချောင်းဖွေးဖွေး မိုးအေးအေး
၅။ ဝါခေါင်တကြောင်း ထနောင်းကြောင်ကျစ် ဆူးရစ်ပွင့်ကာ မိုးမရွာ ရွာပါသော်လည်း မိုးမသည်း
၆။ တော်သလင်းတိမ်ညို စားဖိုဆင်းရဲ မိုးမစဲ
၇။ သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး
၈။ တန်ဆောင်းမုန်းတွင်း ဆီးနှင်းတဖြိုက် မိုးတလိုက်
၉။ နတ်တော်ရောက်ငြား မိုးသားမငြိမ် ဆင်ရာတိမ်
၁၀။ ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်းပုံပျက်
၁၁။ တပို့တွဲ နွှဲ၍ရွာခြင်း သန်မိုးကြွင်း
၁၂။ တပေါင်းလည်းကူး မိုးသားကျူး

တ နဲ့ တစ်ကတော့ ပြောမရ။ မတတ်နိုင်။ အမိမြန်မာပြည်မှာ မိုးမှန်၊ သတ်ပုံမှန်၊ မြန်မာစာ မှန်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး