Petai Beans မျောက်ငိုသီး


Petai Beans မျောက်ငိုသီး

ယနေ့ ကလေး တမူးလမ်းပေါ်ရှိ (၅၅) မိုင် မင်္ဂလာဆောင်ပွဲသို့သွားရာ မျောက်ငိုသီးပေါ်ချိန်ဖြစ်၍ ဆရာ့အတွက် ရိုက်ဖြစ်ခဲ့သော ပုံကလေးများကို ပေးပို့လိုက်ပါ၏။

နှမ်းဖတ်ချဉ်ပြီးတော့ မျောက်ငိုသီး။ ကျွန်တော်က မျောက်ငိုသီးကို ပြည်ပထွက်ရတော့မှသာ စားဖူးတယ်။ အခုရေးတာက တဆင့်စကား နှစ်ဆင့်စကား တပည့်ခံပြီးသိတာသာဖြစ်တယ်။

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်နဲ့ ဆက်နေတဲ့နေရာဒေသတွေမှာ စားကြတယ်။ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယမှာလည်းစားသုံးကြတယ်။ Petai က မလေးစကားဖြစ်တယ်။

ရုက္ခဗေဒလို Parkia speciose လို့ခေါ်တယ်။ အပင်က ပေ ၉ဝ အထိမြင့်တယ်။ မျောက်ငိုသီးတောင့်က အပြားလိုက် လိမ်ကောက်နေတယ်။ အစိမ်းနု-ရင့်အရောင်ရှိတယ်။ အဆစ်လေးတွေပါတယ်။ တဆစ်မှာ အစေ့တစေ့။ တတောင့်မှာ ၇ စေ့၊ ၈ စေ့ပါတယ်။

အနံ့က တညင်းသီးနံ့လိုရတယ်။ အရသာက ဖန်တယ်။ ဆိမ့်တယ်။ အနောက်ဖက်နယ်စပ်ဖြတ်ရင် မြောက်ဖက်က နာဂ၊ အလယ်က မဏိပူနဲ့ တောင်ဖက်က မီဇိုရမ်နဲ့ ထရီပူရပြည်နယ်ကလူတွေ စားကြတယ်။ မီဇိုးစကားနဲ့ Zongtah ဇောင်းသလို့ ခေါ်တယ်။ မြန်မာလိုလည်း မျောက်ငိုတဲ့။

အနံ့ပြင်းတယ်။ မကြိုက်တဲ့သူတွေ မကြိုက်။ ကြိုက်တဲ့သူတွေက စွဲမက်ကြတယ်။ နုတာကို အစိမ်းလည်းစားလို့ရတယ်။ စားတဲ့နေ့ ရေများများသောက်သင့်တယ်။ အများစုက အဲလိုမစားနိုင်ကြပါ။

လုပ်စားနည်း အမျိုးမျိုးရှိတယ်။ သိသလောက် အတောင့်ရှည်အပေါ်ယံအခွံကို ဇွန်းနဲ့ခြစ်လိုက်ရတယ်။ တချို့နေရာတွေမှာ ခြစ်စရာကရိယာလေး လုပ်ထားကြတယ်။ အတွင်းအသားကိုသာ စားရတယ်။ ရေနွေးဖျောရတယ်။ ပါးပါးလှီးဖြတ်ပြီး အငန်နဲ့ တို့စားနိုင်တယ်။ ချက်တာ မစားဖူးသေးပါ။ ရင့်နေရင် အစေ့သက်သက်စားကြတယ်။

အများဆုံးက သုပ်စားကြတယ်။ ကိုယ်နှစ်သက်တာ ထည့်ကြတယ်။ အစပ်ပါမှ အရသာစုံတယ်။ မီဇိုငရုပ်၊ မိုးမျှော်ငရုပ်နဲ့ လိုက်တယ်။ မဏိပူ Eromba အိတုန်ပတ်ထဲမှာ ရွှေလံဘိုငရုပ်နဲ့ ထည့်စားကြတယ်။ နာဂတွေလည်း အဲလိုစားကြတယ်။ ကျွန်တော်လို ဗမာတွေကတော့ ကောင်းတာဆို အကုန်လိုက်စားကြတယ်။

အရင်တင်စဉ်က ကွန်မင့်များ
• အာလူးနဲ့ချက်စား ခရမ်းချဉ်သီးနဲ့လည်းချက်လို့ရတယ်။ မျောက်ငိုသီး ရေနွေးဖျောပြီး သုပ်စားလည်း ရတယ်။ အရသာက ဆိမ့်တဲ့ဘက်။
• အနံ့က တညင်းသီး ရေထိကရုန်း အနံ့နဲ့တူတယ်။
• မြိတ် တနင်္သာရီ ဘုတ်ပြင်း ကော့သောင်း ဖက်မှာပေါပါတယ် ၊သစ်လိမ်သီးလို့လည်းခေါ်တယ်၊ အပင်မြင့်တော့ မျောက်တွေကိုတက်ခူးခိုင်းရတယ်၊ သူ့ရဲ့ဈေးကွက်ကထိုင်းမှာပါ ထိုင်းတွေပိုစားပါတယ် နောက်ပိုင်းမြန်မာတွေလဲစားလာတယ် ၊ဒညင်းသီးလိုပဲ စားပြီးရင်အကြောတက်တယ် ဒါကအသက်အရွယ်နဲ့ဆိုင်မယ်ထင်ပါတယ် ၊ယိုးဒယားအမွှေးအကြိုင်းသုံးပြီး ပုဇွန်နဲ့ အစပ်ချက်ထားရင် အတော်လိုက်ဖက်တယ် စားပြီး အကြောတက်ပေမဲ့ ကြိုက်တယ်။
• စင်ကာပူမှာတော့ မလေးလူမျိုးတွေ အစားများကြပါတယ်။ ငါးဟင်းနဲ့ ရောချက်ပါတယ်။
• ကျွန်တော်လည်းဒီနှစ်နွေမှာ ကလေးမြို့ ကိုရောက်တော့မှစားဖူးတာ။အရသာကခါးသက်သက်ဆိမ့်အီအီ။မျောက်ငိုပင်ကိုစီးပွားဖြစ်စိုက်ထားတာလည်းတွေ့ခဲ့ရတယ်။မျောက်ငိုသီးတတောင့်နှစ်ရာဈေးရှိပါတယ်။တပင်မှာအသီးတောင့်ရာလောက်ရတော့တပင်မှာငွေ၁သိန်းနီးနီးရကြလို့အပင်ရာထောင်စိုက်နေတဲ့လူလည်းရှိတယ်လို့ဒေသခံတို့ရဲ့စကားသံကိုကြားခဲ့ရပါတယ်ဆရာ။ဘာပဲဖြစ်ဖြစ်ငွေဝင်စေတဲ့အပင်မို့စိုက်ပျိုးတာအားပေးသင့်ပါတယ်။ဂေါ်ရခါးကုလားတွေကြိုက်တဲံ့အစာလို့လည်းကလေးသားတမူးနယ်သားတွေပြောတာလည်းကြားမိပါသေးတယ်။ထိုင်းနယ်စပ်မှာလည်းဈေးကောင်းရတဲ့အသီးဖြစ်နေဆဲပါ။တဆင့်ပြောသံကြားခဲ့ရတာပါ။
• မလေးရှား တို့ စင်ကာပူ တို့  မှာဆိုရင် ချဉ်ငံစပ် ချက်စားကြပါတယ် ကျွန်တော်ရောက်ခါစက ဒညင်းသီး အနုလို့  ထင်နေတာပါ (မရင့်ခင်ပေါ့နော် ) အဲဒီနိုင်ငံတွေမှာ တောရောမြို့ ပါ တွင်တွင်ကျယ်ကျယ် စားသုံးကြပါတယ် ဈေးထဲမှာဆိုအခိုင်လိုက်လည်း ရှိတယ် အဆံထုတ်ပြီးသားလည်းရှိပါတယ်
• ထိုင်းဘက် သူ့ရဲ့ရာသီချိန် မှာ လူတိုင်းနီးနီးမေးကြတဲ့ ဟင်းတမယ်ပါ ကြက်သား ဝက်သား အမဲသား စတဲ့အသားတွေနဲ့ ချက်ကြပါတယ်
• ထိုင်းတောင်ပိုင်းကလာတဲ့ အသီးတွေက တော်တော်ကိုဈေးကောင်းရကြတယ်
• မျောက်ငိုသီး ကို ထိုင်းလို စတော် လို့ခေါ်ကြတယ်
• ကျမတို့ တမူးဘက်မှာ လူကြိုက်အများဆုံးအသီးပါ စားလို့ကောင်းပါတယ်ရှင့်
• အမဲသား ငါးနီတူ နဲ့လည်း လိုက်ဖက်ပါတယ် ဆရာ
• ကလေးမြို့ဘက်ပေါတယ်ဆရာ

ဒေါက်တာတင့်ဆွေ
၂၁-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး