Friday, February 28, 2020

သံဝေဂလေးချိုးကြီး

မိုက်မလင်းနိုင်ဘု၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မီ သီမဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေကုန်မျောပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ။

ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ်၊ ကြုံပြီခုခေတ်၊ မြခင်းဇမ္ဗူ၊ မှန်ကင်းငယ်ထူ၊ လူ့ထက်လူ ဖြစ်ပါလျက်၊ အနှစ်ကယ်မနွယ်၊ အကာတောမှာ၊ ဗျာမောကျယ်လို့၊ အကယ်ယောင်ယောင်၊ အမြင်မဖြောင့်၊ အညင်ထောင့်၊ မှောင့်ထက်မှောင်၊ သန်းခေါင်လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေးတိုက်မှာ၊ အလိုက်ကယ်ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ၊ အလေ့ရှာလျက်၊ အခါနာရီ၊ ရွေ့ရွေ့ငယ်ချီ၊ တီထိဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင့်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ငယ် ရက်ရေ၊ ဇရာလက်မှာ၊ အသက်သာကြွေတော့တယ်၊ အသေသတ်လက်မရွံ့ကို၊ အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှောက်ကြ၊ စိုးနှောင့်သင်္ချေ။

သို့ပါမူလဲ၊ ပူနွယ်ဆွေးနွယ်၊ အရေးကျယ်တွေကို၊ အေးဖွယ်ထင်မှတ်၊ အစမမြင်၊ ဘဝလျဉ် အစဉ်ငတ်သမို့၊ မသတ်ကယ်အာသာ၊ အာရုံဓမ္မ၊ ပြာပုံမွမှာ၊ ရသာရှာလျှက်၊ ငါတလူလူ၊ ပမာမူ ရွာသူတို့ဝက်၊ အစားများ ထူ၊ အသားလူ ဆူလေလေ ခက်ပါလျက်၊ ရမ္မက်ကယ်မာန်ဝင်၊ သူ့အသင်းမှာ သူမင်းပဲ ထင်လိုက်လို့၊ ရွှင်နိုင်မျှဝက်သဏ္ဌာန်လို၊ အချက်မှန် ပေါ်မလင်းစေဖို့၊ ဖော်သင်းရွေ မိတ်သင်ယှက်သည့်ပြင်၊ ခက်မက်ဖွယ်အစုံစုံပ၊ မာန်တဂုဏ် ဟန်ပုံနှင့် ဖုံးရှာကြ၊ ရှုံးပလေ့ ထုံးမြေပြာစု မိတ်တွေမို့။

ငါတလုံးနယ်၊ အနှုန်းငယ်ကျယ်သည်၊ သုံးသွယ်မြုံသိုက်၊ ဘုံတလှိုက်မှာ၊ တုန်ရိုက်ကယ်ဆူညံ၊ မြူမချန် ပူလျှံတောက်ညီး၊ အမြဲစတေ၊ မစဲချွေ အသေမီးတဲ့၊ အပြီးငယ်ကုန်စင်၊ ဘုံတခွင်ကို အတွင်လောင်မြိုက်၊ အပြောင်တိုက်လို့၊ အမိုက်ကယ် မလောက်၊ သူကသာမောက်တော့၊ နောက်နောက်ကမ္ဘာ၊ အဖန်ဖန်လာလဲ၊ အစာသူ့တွင်၊ တခုသာဝင်ကြရ၊ သင်္ခတ ရုပ်နာမ်ငယ်၊ အဟုတ်ဉာဏ် မတင်စီးနိုင်ဘု၊ သည်မီးတည ဘယ်တကိန်းမှာမှ၊ ငြိမ်းပါ့မယ်လို့။   ။

လယ်တီဆရာတော်ကြီးရေးသားတဲ့ သံဝေဂလေးချိုးကြီး အစပိုဒ်ကို လူရင်းတယောက်က တင်ထားတာ နည်းနည်း လွဲနေလို့ တင်ပါတယ်။ စာကူးရိုက်တာ ကွဲလွဲမှုရှိရင် ကျွန်တော့တာဝန်သာဖြစ်ပါတယ်။

သည်မီးတည ဘယ်တကိန်းမှာမှ၊ ငြိမ်းပါ့မယ်လို့။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၂ဝ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

မုန်း

တင့်တင့်ပပ သင့်အလှကို ဗန်းပြဂုဏ်တင် တန်ဆာဆင်၍ အစဉ်အမြဲ ဘဝင်ထဲဝယ် လှိုက်လှဲငြိငြိ ကိုယ်ချစ်မိ၏။ ကြည်ကြည်မြမြ ရှုမဝသည့် ထွန်းပသစ်သစ် လှ...