Wednesday, February 26, 2020

Auspicious Quotation မင်္ဂလသုတ်

နှစ်ပတ်လည်စာ။ ကနေ့မနက်အစောကြီး အိပ်ရာထပြီး သွားစရာရှိတာ သွားကြရတယ်။ ညကလည်း ရွတ်ဆိုတယ်။ ကနေ့ထပ်ရွတ်ရတယ်။ တလလောက်စာတွေကျက်ပြီး ဖြေပြီးလို့ပြန်ထွက်လာတဲ့ ဒေါ်မြမြအေး အောင်ပါသတဲ့။

ကျွန်တော်ဟာ ပြည်ပနိုင်ငံရေးအလုပ်တွေအတွက် ပတ်စ်ပို့ မတုမစစ်တွေနဲ့ နိုင်ငံတကာခရီးတွေထွက်ရတိုင်း အင်မီဂရေးရှင်း ကောင်တာ အဝင်နဲ့ အထွက်တိုင်းမှာ ဉာဏ်လည်းလွှာသုံးရတယ်။ ရွတ်ရဖတ်ရတယ်။

၁၉၉ဝ ခုနှစ်နိုဝင်္ဘာလထဲမှာ ထောက်လှမ်းရေးက ပုလဲအိမ်အထိ လာဖမ်းလို့ ထွက်မပြေးခင် မြန်မာပြည်ထဲမှာ ပုန်းနေရစဉ်က ဇာတိရွာဆရာတော်ကနေ ဗလာစာအုပ်ထဲက ဆုတ်ယူထားတဲ့ စာရွက်ပေါ်မှာ သူ့လက်ရေးနဲ့ ခဲတံနဲ့ ရေးပေးထားတဲ့ မင်္ဂလသုတ်ထဲက တပိုဒ်ကို ကျွန်တော်ရွတ်ဆိုပါတယ်။
• ဖုဋ္ဌဿ လောကဓမ္မေဟိ၊
• စိတ္တံ ယဿ နကမ္ပတိ၊
• အသောကံ ဝိရဇံ ခေမံ၊
• ဧတံ မင်္ဂလ မုတ္တမံ။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း တည်းဟူသော လောကဓံတရား (၈) ပါးတို့နှင့်တွေ့ကြုံသော်ငြားလည်း၊ ဘုရား၊ ရဟန္တာတို့၏စိတ်သည် တုန်လှုပ်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိ၊ ရမက်လဲမရှိ၊ ဘေးရန်လဲမရှိဖြစ်တော်မူပါပေ၏။ ဤမှန်သောစကားကြောင့့် ရပါလို၏။

အဲဒီအကျိုးတရားက များတယ်။ မြန်မာပြည်ထဲမှာ ပုန်းနေရတုန်းကလဲ လွတ်တယ်။ တိုင်းပြည်ကနေ ထွက်ပြေးတော့လဲ လွတ်တယ်။ အင်မီဂရေးရှင်းတွေ ဖြတ်ရတာ အဆင်ပြေခဲ့တယ်။ နိုင်ငံရေးအလုပ်ထဲမှာ ပုဂ္ဂိုလ်ရေးတိုက်တာခိုက်တာတွေ ခံရတိုင်းလည်း တခုပြီးတခုကျော်လွှားနိုင်ခဲ့တယ်။ ချွေးပျံနေတုန်းလည်း ရွတ်ရဖူးတယ်။ နှလုံးခုန်မြန်နေတုန်းလည်း ရွတ်ဖူးတယ်။ စိတ်တိုနေစဉ်လည်း ရွတ်ဖူးတယ်။

အဲဒီခေတ်မှာ ဘုန်းတော်ကြီးတွေမှန်သမျှဟာ ပြည်သူပြည်သားတွေအတွက် အားကိုးရာမှန်ခဲ့တယ်။ ဆရာတော် ပျံလွန်တော်မူပြီးလို့သာ အခုလို ထုတ်ရေးနိုင်လာတာ။ အခုတော့ အဲလိုမဟုတ်တော့တာကို နှစ် ၆၀ စာထဲမှာ ထပ်ဖြည့်ရဦးမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆
၂၆-၂-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Atman အတ္တမကင်းသော

ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်ဆိုပြီး ပြည်ပနိုင်ငံရေးလုပ်ခဲ့ရစဉ်က အမှတ်တရပုံလေးတွေ တင်ပါတယ်။ ကွန်မင့်တခုရတယ်။ Minmin Htun Tun အတ္တမပါတဲ့ ...