နေကောင်းကြပါစေသတည်း

မင်္ဂလာပါဆရာခင်ဗျား ဆရာ၏ စာလုံးပေါင်းသတ်ပုံကို ဂရုစိုက်စေလိုသော စေတနာကို တဖြည်းဖြည်း သဘောပေါက်လာပါသည်။ သတ်ပုံသည် စာပေ၏ အခြေခံအကျဆုံးအဆင့်ဖြစ်သဖြင့် ၎င်းကိုမှ ဂရုမစိုက်နိုင်လျှင် စာပေတရပ်လုံးပါ တဆင့်ပြီးတဆင့် အချိန်ကြာလာသည်နှင့်အမျှ ပိုပိုဂရုမစိုက်ကြတော့ပဲ ပျက်စီးယိုယွင်းသွားနိုင်ကြောင်း ကျွန်တော့်အနေဖြင့် ခံစားနားလည်မိပါသည်။ မန္တလေးသား စာရေးဆရာအချို့လည်း ယခုအချိန်အထိ အတင်း ဇွတ်ပြောင်းထားသော သတ်ပုံကို အများညီ၍ ဤကိုကျွဲမဖတ်ပဲ အမှန်အတိုင်းသာ ရှေးအစဉ်အလာမပျက် ရပ်တည်လျက်ရှိကြပါသည် ခင်ဗျာ။ ကိုတာ၏ ၂၀၁၇ ဒီဇင်ဘာထုတ် လမ်းပေါ်ကလူတယောက် ပြောချင်တာများ စာအုပ်နှင့် ၂၀၁၆ ဇူလိုင် တတိယ အကြိမ်ထုတ် သူငယ်ချင်းများနှင့် စကားစမြည်ပြောခြင်း စာအုပ်များကို ဖတ်ရှုရသည့်အခါ သတ်ပုံမှန်၍ ပိုမိုအရသာရှိသလို ခံစားရကြောင်း ဆရာ့အား ပြောလိုရင်းဖြစ်ပါသည်။ ကျွန်တော်တို့ သူငယ်ချင်းအစုအဖွဲ့လည်း သတ်ပုံမှန်အောင် ဂရုစိုက်ကြပါသည်။ ဆရာ့ကျေးဇူးအများကြီးပါသည့်အတွက် ကျေးဇူးတင်လျက်ပါဆရာ။ စာအုပ်များဆရာဖတ်လိုပါက ပို့၍ရလျှင် ပို့ပေးချင်ပါသည်။ လေးစားစွာဖြင့်။

ကျေးဇူး။ သတ်ပုံမှန်စာအုပ်တွေ လိုချင်ပေမဲ့ သယ်ယူပို့ဆောင်ရတာ ခက်ခဲတယ်။ နေပါစေတာ့။ ရက်ပိုင်းအတွင်း ပြန်လာသူနဲ့ စာအုပ်နည်းနည်းပါလာမယ်။

ကိုတာရေးတဲ့စာအုပ်တွေကို ဒေါင်းလုဒ်တင်ထားကြတာ တတွေကို စသတ်ထားကြတယ်။ (ကိုတော်) တွေဖြစ်မယ်။

ကိုတာက မုံရွာတောင်နားက မုံရွေးကြေးမုံသား။ မုံရွာနယ်က ဆရာတော်ဦးဗုဓ်၊ လယ်တီဆရာတော်ကြီးကစပြီး စာတတ် ပေတတတ်တွေ ထွက်တယ်။ ဒါပေမဲ့ မုံရွာအမည်နဲ့ မီဒီယာတချို့က ပေါ်လစီသတ်ပုံနဲ့သာ ရေးကြတယ်။

စာပေနဲ့ အနုပညာမှာ ထိပ်ဆုံးကရှိခဲ့တဲ့ မန္တလေး။ အခုတော့ ဦးလှတည်ထောင်ခဲ့တဲ့ လူထုတိုက်က ပေါ်လစီသတ်ပုံနောက် လိုက်သွားပြီ။

တက္ကသိုလ်အမည်ခံယူတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေ စာပေမှာ တံခွန်ထူခဲ့တယ်။ အခုတော့ တတိုင်းတပြည်လုံးမှာ တစ်ကသိုလ်တွေ ဖြစ်ကုန်ကြပြီ။

နဂါးနီတိုက်၊ ဟံသာဝတီတိုက်တွေရှိခဲ့တဲ့ ရန်ကုန်မှာလည်း ပေါ်လစီသတ်ပုံသမား များတယ်။ ကျွန်တော့်စာအုပ်ကိုတော့ ပုဂံတိုက်နဲ့ စိတ်ကူးချိုချိုက သတ်ပုံမှန်နဲ့သာ ထုတ်ပေးပါတယ်။ ကျေးဇူး။

အရောရောအနှောနှောတွေသာ စားသုံးကြရ ဖတ်ကြရတော့ ကျန်းမာရေး မကောင်းနိုင်ကြတော့ပါ။

မြန်မာစာနဲ့ မြန်မာစာရေးသူ ဖတ်သူတွေ နေကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး