မြန်မာစာ စုန်းပူးနေတယ်

၁။ သူတို့ယဉ်ကျေးမှုအရ ကျားမဖြစ်ပွါးနုန်းမှာ မအရေတွက် မနည်းခဲ့ပူးဆိုရင် ခုလက်ရှိကာကွယ်ရေးစနစ်မှားလားမှန်လား သုံးသပ်နိုင်လိမ့်မယ်ထင်တယ်

ကွန်တော့မေးတာ မဟုတ်လို့ ဖြေရန်မရှိပါ။ ပူးသတ်ပုံ မှားနေတာကိုသာ ထောက်ပြပါမယ်။ မနည်းခဲ့ဘူးဆိုရင်လို့ ရေးရတယ်။

၂။ Link ထဲကစာတွေက ဖတ်မရပါပူးဆရာ

ပူးလို့ရေးတာ မှားနေတယ်။ မရပါဘူးလို့ ရေးရတယ်။

ပူး
စုန်းပူး နတ်ပူး
ပူးကပ်
ပူးတွဲထားသည်
ပူးပူးကပ်ကပ်
ပူးယှက်
ပူးယှဉ်
ပူးလိုက် ခွါလိုက်
ပူးသတ္တဝါ
ပူးသတ်
ပူးပေါင်းကြံစည်
လက်ပူးလက်ကြပ်မိသည်
အမြွာပူး

ဘူး
နဘူးနွယ်ပင်
ကြားဘူးနားဝ (အငြင်း မဟုတ်)
ဘုရားဖူးဘူးသည် (အငြင်း မဟုတ်)
ဘူးကွယ်သည်
ဘူးခံ (နောက်သတ်ပုံ)
ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ)
ဘူးလုံးနားမထွင်း (နောက်သတ်ပုံ)
ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ)
ဘူးသပိတ်ပင် (နောက်သတ်ပုံ)
မကြားဘူး
မဖြစ်ဖူးဘူး (နောက်သတ်ပုံ)
မမြင်ဘူး
မလိုက်ဘူး (နောက်သတ်ပုံ)
မရောက်ဘူး
ဆေးဘူး (နောက်သတ်ပုံ)၊ ဆေးဗူး (ယခင်သတ်ပုံ)
ထောင်ဘူးဝ (နောက်သတ်ပုံ)

ဖူး
ကမ်းနဖူး
စိတ်ဖူး
ဆတ်သွားဖူး
ထိပ်ဖူး
နဖူး
ဖူးငုံ
ဖူးစာ
ဖူးဖူးမှုတ်သည်
ဖူးမြင်သည်
ဖူးတွေ့သည်
ဖူးမြော်သည်
ဖူးရောင်သည်
ဖူးရွှေလက်တင်
ဘုရားဖူး
ပြောင်းဖူး

ဗူး
ခံဗူးကုထုံး
ခံဗူးရွာ
ဗူးခါးရေ
ဗူးဆို့
ဗူးတလုံးဆောင် (ဗူးသီးတလုံးဆောင်) အိုတောင်မဆင်းရဲ
ဗူးပင်၊
ဗူးဘုရား
ဗူးမှုတ်
ဗူးလုံးနားမထွင်း
ဗူးသွင်းသည်
ဗူးသီး
ဗူးတောင်း
ဗူးလေးရာ ဖရုံဆင့်
ဆေးဗူး (ယခင်သတ်ပုံ)
ရေဗူး

အခုသတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။ ဗူးတလုံးဆောင် အိုတောင်မဆင်းရဲလို့သာရေးရတယ်။ ဘူးခံပြီး ငြင်းတာကို ပြောတာ မဟုတ်ပါ။ ဗူးခါးရေနဲ့ ကြမ်းကြားလေကို ဘယ်လိုရေးရေး အေးပါတယ်။ ဗူးဆို ဖရုံမသီးတာနေရာတိုင်းမှာတော့ မကောင်းပါ။

မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

ခုခေတ်မြန်မာစာ စုန်းပူးနေတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂၀၂၀
၂၅-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး