အချိန်နှင့် စာ

ဒါလေးနဲ့ ပတ်သက်ပြီး ပို့စ်တခုလောက် ရေးပေးပါနော်

စာအုပ်တွေကို အချိန်နဲ့ ရောင်းနေတယ်။ ဗမာစကားမှာ အချိန်ဆိုတာ အလေးချိန်ရော အချိန်ကာလမှာပါ သုံးတယ်။

စာအုပ်ဟောင်း၊ သတင်းစာဟောင်း၊ စက္ကူဟောင်းတွေကို အချိန်နဲ့ ရောင်းကြ ဝယ်ကြတယ်။ ခုခေတ်မှာ ရီဆိုက်ကယ် ခေါ် ပြန်သုံးလို့ရတာမျိုးကို အဲလို ရောင်းကြဝယ်ကြတယ်။

ကျွန်တော်တို့ငယ်ငယ်က နွေရာသီ ကျောင်းပိတ်ရင် စာအုပ်ဟောင်းတွေ ရောင်းကြရတယ်။ သတင်းစာဟောင်းကိုတော့ များလာတိုင်း ရောင်းတယ်။

မဆလ ခေတ်မှာ စက္ကူအတော်ကို ရှားတယ်။ ရောင်းသူ ဝယ်သူ မရှိ။ ဝါဒဖြန့်စာအုပ်တွေကတော့ မကြိုက်လည်း ဘယ်သူကမှ အဲလိုမလုပ်ရဲ။ အလုပ်ပြုတ်မယ်။ အဖမ်းခံရမယ်။

ဆေးကျောင်းရောက်တော့ ကျောင်းသားကြီးတွေဆီကနေ ဆေးစာအုပ်ဟောင်း တောင်းကြရတယ်။ စာအုပ်ဟောင်း ဈေးတန်း ယဉ်ကျေးမှုဖြစ်ခဲ့တယ်။ တကူးတက လိုချင်တာလိုက်ရှာကြရတယ်။

အချိန်ဟောင်းကား တန်ဖိုးရှိပါကလား။

စစ်အစိုးရတက်တော့ ဝါဒဖြန့်နောက်တမျိုးတွေ ထုတ်တယ်။ အစိုးရဝန်ထမ်းတွေ၊ ကျောင်းတွေ၊ ရုံးတွေ မဝယ်မနေရ။ အာဏာကြီးပြီး အချိန်မစီးဆိုတာမျိုး။

ခုခေတ်မှာ စာအုပ်တွေ ပလူပျံအောင်ထုတ်နေသလား မသိ။ ဖတ်သူ ဝယ်သူထက် ပိုများများ ထုတ်နေသလားလည်း မသိ။ ထုတ်သမျှက ရောင်းမစွံတာလား မသိ။ မသိတာကို ဝေဘန်တာ မှားတတ်တယ်။

ကျွန်တော်က တခါတခါ စိတ်ရိုင်းဝင်တတ်တယ်။ ငါပိုက်ဆံချမ်းသာရင် အရင်က သတ်ပုံမှန်နဲ့ ရေးထားတဲ့စာအုပ်တွေကို သတ်ပုံပြင်ထုတ်တဲ့စာအုပ်တွေ အကုန်ဝယ်ပြီး မီးရှို့ချင်စိတ်ပေါက်တယ်။ ကိုယ့်စာ ကိုယ့်သတ်ပုံနဲ့ရေးတာတွေကိုတော့ ပေလျာလကန် ထားနိုင်ပါတယ်။ သူ့ပရိတ်သတ်က နည်းတာမဟုတ်။

မြန်မာစာမှာ အချိန်သစ်ဟာ တန်ဖိုး မရှိပါကလား။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး