ဝထကလသ


အ သုံးလုံးသင်တန်းက အရေး အဖတ် အပြောလား၊ အရေးအဖတ်အတွက်လားဆရာ။

အရေး အဖတ် အတွက် (ဂဏန်း)။

ဝထကလသ သမိုင်းကြောင်းမှာ ဆရာကြီး ဦးသံဗျင်(၁၉ဝ၄-၁၉၉၇) လို့ထင်ရှားတယ်။ ပညာရေးဝန်ကြီးဌာန အထူးအရာရှိ ဖြစ်တယ်။ ၁၉၆၄ ခုနှစ် နွေရာသီ မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာမှာ စာမတတ်သူပပျောက်ရေး စမ်းသပ်လုပ်ငန်းကို ကျောင်းဆရာလေးဦးနဲ့ စတင်ဆောင်ခဲ့တယ်။ ၁၉၆၄ ကနေ ၁၉၆၈ ထိ မြို့နယ်တချို့မှာ စမ်းသပ်ပြီး တနိုင်ငံလုံး စာတတ်မြောက်ရေးလူထုလှုပ်ရှားမှုကြီး ပေါ်ပေါက် လာပါတယ်။ အသုံးလုံး စီမံချက်လို့ခေါ်တယ်။ ၁၉၈၄ အထိ၊ လုပ်အားပေး ၅သိန်းကျော်ပါဝင်ခဲ့တယ်။ ကျွန်တော် မပါခဲ့ပါ။

အသုံးလုံးလှုပ်ရှားမှုမှာ နာမည်ကြီးခဲ့တဲ့ စာသင်ချိန်တေးကဗျာကို ဦးသိန်းထွန်း (မြစ်ကြီးနားကောလိပ်) ကစပ်ဆိုပါတယ်။
ညမှာထိန်လင်း၊ လပြည့်ဝန်းလို
ရေးမယ်ဆိုက၊ ဝခေါ်သတဲ့ ဦးကြီးရဲ့
ဝကို နှစ်လုံး၊ ပူးလျက်သုံးက
ထခေါ်သဗျ အဒေါ်ရ။
ထကိုအောက်ဖျက်၊ အသံထွက်ကို
ကဆိုသတဲ့ ဦးကြီးရဲ့။
ထစာလုံးကို၊ ဘယ်မှာအောက်ဖျက်
ညာထက်ဖျက်က၊ လခေါ်သဗျ အဒေါ်ရ။
ထစာလုံးရေး၊ ဘယ်မှာဘေးဖွင့်
ညာထက်ပွင့်ကို၊ သခေါ်သတဲ့ ဦးကြီးရဲ့။
ဦးဦး ဒေါ်ဒေါ်၊ အခေါ်အဝေါ်၊ မလွဲချော်အောင်
အော်ဟစ်ခါခါ၊ ဆိုကြပါဗျ
ဝ ထ က လ သ။

၁၉၇၃ ခုနှစ်က ဒါရိုက်တာဦးသုခရိုက်ကူးတဲ့ ဘယ်သူ ပြိုင်လို့ လှပါတော့နိုင် ရုပ်ရှင်မှာ ပါတယ်။

ဝထကလသ https://www.youtube.com/watch?v=UkMerTKeBBw

ငါးတန်းမှာ အေ တခုတကောင်တယောက်လို့ အင်္ဂလိပ်စာ စသင်ရတယ်။ အသုံးလုံးခေတ်ကို မီလိုက်တယ်။ ဝထကလသ အပြင် တယောက်တလက်တအားလို့ ဆိုရှယ်လစ်တေးသံတွေလည်း ကြားခဲ့ရတယ်။ ဆေးကျောင်းရောက်နေပြီ။ ဆရာဝန် မလုပ်ရတော့ချိန်မှာ တခုတကောင်တယောက် မရှိတော့။ တယောက်တလက်တအားလည်း မရေးကြတော့ပါ။ တမှန်သမျှ တစ်ကြတဲ့။ အသုံးလုံထက် အောင်မြင်တယ်။ စာတတ်သူတိုင်းက ရိုသေကျိုးနွံစွာ လိုက်နာရေးသားကြပါတယ်။

အဲတာကို တသုံးလုံး ပပျောက်ရေးစီမံချက်လို့ ခေါ်တယ်။

ဘယ်သူပြိုင်လို့ လှပါတော့နိုင်

အသုံးလုံးစီမံကိန်းကို မသိမမီလိုက်ပေမဲ့ ငယ်ထဲက အဘိုး၊ အဒေါ်တွေရဲ့ အတွေ့အကြုံတွေ တသသ ပြောကြတာကို
မကြာခဏ ကြားမှတ်ခဲ့ဖူးပါတယ်။ ဆရာမင်းကျော်ရဲ့ စာအုပ်ကိုလဲ အရွယ်ရောက်လာတော့ ဖတ်ဖြစ်ပါတယ်။ အခု အွန်လိုင်းမှာ PDF အဖြစ် တွေ့တဲ့အခါမှာလဲ တစ်လို့ ပြင်ရိုက်ထားတာမဟုတ်ပဲ တ တွေပဲတွေ့ရပါတယ် ဆရာစတေးတပ်တွေ့ပြီး အခုပဲ ပြန်ဖတ်ကြည့်လိုက်မိလို့ပါ ကျေးဇူးပါ ဆရာ။

ဆိုရှယ်လစ်ခေတ်ကာလ မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် သက်ကြီးရွယ်အိုများ အပါအဝင် တောနေလူတန်းစားများ စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ပညာရေးဌာနနှင့်အတူ တက္ကသိုလ်၊ ကောလိပ်ကျောင်းသားကျောင်းသူများက မြန်မာပြည်အနှံ့ ကွင်းဆင်း၍ အ သုံးလုံး ပညာရေးစီမံချက်အား စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ်သင်ပေးခဲ့ကြခြင်းကို တန်ဆာဆင်ရေးဖွဲ့ထားသည့် ဆရာမင်းကျော်၏ ဘယ်သူပြိုင်လို့ လှပါတော့နိုင်။

မြန်မာနိုင်ငံစာတတ်မြောက်ရေးလှုပ်ရှားမှုသမိုင်း၏ အကြီးမားဆုံးနှင့်အအောင်မြင်ဆုံး အခန်းကဏ္ဍ။ ထိုအကျိုးဆက်ကြောင့် နောင်တွင် ကုလသမဂ္ဂ၏ ဆုချီးမြှင့်ခြင်းခံရသည့်အပြင် ကမ္ဘာကပါ အသိအမှတ်ပြုခဲ့ရသည့် အသုံးလုံး စာတတ်မြောက်ရေးစီမံချက်။

ယခုဝတ္တုတွင် တောရွာဒေသများသို့ စာပေသင်ကြားပေးရန် ကွင်းဆင်းလာကြသည့် ကောလိပ်ကျောင်းသူကျောင်းသားများနှင့် တောရွာသားတို့၏ စာသင်ကြဟန်ကို အခြေပြုရေးဖွဲ့ထားသည့် ရသစာအုပ်တအုပ်ပင်ဖြစ်သည်။ ဆရာမင်းကျော်၏ ယခုစာအုပ်ကိုပင် ဒါရိုက်တာကြီးဦးသုခမှ ရုပ်ရှင်ပိတ်ကားထက်တွင် ဇာတ်ကားကောင်းအသွင် ဖန်တီးတင်ဆက်ခဲ့ပြီး လူကြမ်းမင်းသားကြီးဦးအံကျော် အကယ်ဒမီဆုရရှိခဲ့ပါတယ်။ ဇာတ်ကားလင့်လေးရှာတွေ့လို့ တပါထဲယူလာခဲ့ပါတယ်။

ကျေးဇူး။ ကျွန်တော်က မင်းကျော်တို့ ဦးသုခတို့ ခေတ်မှာ ဆေးကျောင်းသားဖြစ်နေပြီ။ မြန်မာစာသတ်ပုံမှန်သာ ရေးကြတဲ့ခေတ်ကို ကောင်းကောင်းမီခဲ့ပါတယ်။ အခုတော့ မြန်မာစာ မလှနိုင်ရှာတော့ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး