Cowboy Country နွားကျောင်းသား တိုင်းပြည်

ကောင်းဗွိုင်ဇာတ်ကားတွေကို ငယ်ငယ်ကလည်း ကြည့်ရတယ်။ အခုလည်းကြုံတဲ့အခါ ပြန်ကြည့်တယ်။ ငယ်တုန်းက စိတ်ဝင်စားမှုနဲ့ ကြီးတော့ မတူပါ။

ကောင်းဗွိုင်နိုင်ငံ အမေရိကန်ပြည်ထောင်စုသက်တမ်းက မြန်မာနိုင်ငံထက် အများကြီး တိုတောင်းတယ်။ ၁၄၉၂ မှာ ကိုလမ်ဘတ်စ်က စတွေ့တော့ မြန်မာပြည်မှာ အင်းဝခေတ်။ အမေရိကတိုက်ကို ဥရောပသားတွေက ကိုလိုနီပြုကြတယ်။ ၁၇၇၆ ကျမှ လွတ်လပ်ရေးရတယ်။ မြန်မာပြည်မှာ ကုန်းဘောင်ခေတ်ဦး။

ကောင်းဗွိုင်ဇာတ်ကားတွေထဲက အသုံးအဆောင်တွေကို သေချာကြည့်တယ်။ အိမ်တွေ၊ ပရိဘောဂတွေ၊ ပန်းကန် ခွက်ယောက်တွေ။ ခိုင်ခိုင်မာမာနဲ့ စနစ်တကျလုပ်ထားတာတွေ။ ကျွန်တော်တို့ရှေးလူကြီးတွေကလည်း လက်မှုပညာမှာ တကယ်ကို တော်တတ်ခဲ့ကြတယ်။ လက်ရာပြောင်မြောက်တယ်။

သူတို့နဲ့ကွာလာတာက စက်မှုတော်လှန်ရေးကနေ စတယ်။ အမေရိကားမှာ ၁၈၇၀ ကနေ ၁၉၁၆ အထိကို စက်မှုခေတ်လို့ ခေါ်တယ်။ မြန်မာပြည်မှာ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ဖြစ်ပြီးပြီ။

ကျွန်တော်တို့ရဲ့ ရွှေခေတ်က ပုဂံ။ နောက်ထပ်လည်း လက်မှုပညာသာ ထွန်းကားတယ်။ ပန်းဆယ်မျိုးမှာ အင်မတန် တော်တယ်။ ကုန်းဘောင်ခေတ်နောက်ပိုင်းမှာ ခေတ်ကိုလိုက်နိုင်အောင် ကြိုးစားမှုတွေ ရှိခဲ့တယ်။ ကံမကောင်း အကြောင်းမလှခဲ့ပါ။ မင်းတွေညံ့ဖျင်းတာက အဓိကကျတယ်။

လွတ်လပ်ရေးရပြီးစ စက်ရုံတွေ အများကြီးပေါ်လာတယ်။ အရည်အသွေးကောင်းတဲ့ မိဒ်အင်ဘာမားတွေ မနည်းပါ။ ကံမကောင်းအကြောင်းမလှပြန်ပါ။ ပြည်သူပိုင်သိမ်းပြီး မလုပ်တတ်မကိုင်တတ်သူတွေက စီမံခန့်ခွဲတယ်။ ပြည်တွင်း ထုတ်ကုန်တွေကို ဘီပီအိုင်ဆေးကလွဲရင် ပြည်တွင်းနေသူတွေက မသုံးချင်ကြ။ ဆပ်ပြာခဲနဲ့ တွဲရောင်းတယ်။ ကြံရည်ဖန်ရည်ကောင်းသူတွေက ဂျစ်ကားတစီးလုံး အတုလုပ်နိုင်စွမ်း ရှိကြတယ်။ အဲတာကို ပြည်ပပို့မရပါ။ ၁၉၈၇ မှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်တော့တယ်။

ဝိဇ္ဇာပညာမှာတော့ ကျွန်တော်တို့ တိုးတက်စည်ပင်ခဲ့ပါတယ်။ စာပေထွန်းကားတယ်။ အနုပညာလည်း တော်ခဲ့တယ်။ အဲတာလည်း တပါတီစနစ်မတိုင်ခင်အထိသာ။ ဆိုရှယ်လစ်ခေတ်မှာ တွေးခွင့် ရေးခွင့် ထုတ်ခွင့် မရ။ ပေါ်လစီသာ လိုက်ကြရတယ်။ တစတစနဲ့ ကိုယ့်စာကိုယ် တန်ဘိုးမထားတော့။ ဘာမဆို ပါတီဝင်နံပတ်စောသူ ပြောတာနောက် လိုက်ရတယ်။ ကုလားထိုင်နေရာရသူ ခိုင်းတာကသာ အမှန်တဲ့။ ယူနီဖေါင်းဝတ်ထားသူက ထိုင်ဆို ထိုင်၊ ထဆို ထတဲ့။

သူများတွေ တာဝေးပစ်ဒုံးပျံဖြစ်တော့ ကျွန်တော်တို့က ဗျောက်အိုးနဲ့ ဘတ်ဂွအဆင့်က မတက်။ စနစ်တကျ ခိုင်ခိုင်မာမာ ဆိုတာ မန္တလေးကျုံးသာ ရှိတော့တယ်။ နွားကျောင်းသားတွေက မလေးရှား၊ ကောက်စိုက်သမတွေက ထိုင်း သွားကြရတယ်။ ဇာတ်တွေ အငြိမ့်တွေ ရှားကုန်ပြီ။ ကျောင်းစာတွေ မှားကုန်ပြီ။ ပေလေးပင် ရှင်လေးပါးစာတွေကို သတ်ပုံပြင်ထုတ်ကုန်ကြပြီ။

တနေ့ကကြည့်ရတဲ့ ကောင်းဗွိုင်ဇာတ်ကားထဲမှာ သေနတ်သံတွေ ဆူလို့ညံလို။ သေတဲ့သူသေ။ အဲတာတော့ ကျွန်တော်တို့ ဆီမှာလည်း ကနေ့အထိရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး