Progesterone and Pregnancy ပရိုဂျက်စတီရုန်း နှင့် ကိုယ်ဝန်

(ကန်တော့)

၁။ ဆရာရှင့်ကျွန်မအသက်၂၄ နှစ်ပါရှင့်။ အိမ်ထောင်ကျတာ ၅ နှစ်ရှိပါပြီ။ ရေအိတ်တည်လို့ဗိုက်ခွဲပြီးကတည်းက ကလေး မရခဲ့တာပါ။ အခုလရာသီလာရမယ့်ရက်ထက် ၅ရက်ကျော်လို့ ဆီးစစ်ကြည့်တော့ နစ်ကြောင်းထင်ပါတယ်ဆရာ။ သားဦးလေးလည်းဖြစ်တော့ စိုးရိမ်လို့ပါဆရာ။ သားအိမ်ခိုင်ဆေးထိုးဖို့လိုလားလို့ပါဆရာ။ သား
အိမ်ခိုင်ဆေးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးလေးသိချင်လို့ပါဆရာ။ စာထဲမှာအမှားပါရင် ခွှင့်လွှတ်ပေးပါဆရာ။

အိုဂျီက လိုရင်ညွှန်ပါမယ်။ ကိုယ်တိုင်မလုပ်သင့်။ ဆရာကလည်း မမြင်ရ မစမ်းရသူကို မညွှန်သင့်။

၂။ မင်္ဂလာပါဆရာ ကျွန်မအသက် ၃၉ နှစ်၊ အိမ်ထောင်ရှိပါတယ်။ အခု့ နိုင်ငံမှာ ရောက်ရှိနေပြီး ကလေးမရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂ လပိုင်းက ဆရာဝန်နဲ့ သွားပြတော့ က ရာသီလာပြီး ၅ ရက်မြောက်နေ့ကစပြီး clomiphene citrate 50mgကို တနေ့ ၂ လုံး ၅ ရက် သောက်ခိုင်းပါတယ်။ ဆေးသောက်ပြီး ၃ ရက်မြောက်နေ့မှာ ခင်ပွန်းဖြစ်သူနဲ့ အတူနေဖြစ်ပါတယ်။ ၃ လပိုင်း ရာသီလာရမယ့်အချိန်မှာမလာပါဘူး။ ကိုယ်ဝန်ရှိမရှိ ဆီးစစ်တာ တကြောင်းတည်းပေါ်ပါတယ်။ တပတ်နေပြီး ထပ်စစ်ကြည့်တော့လည်း တစ်ကြောင်းတည်းပေါ်ပါတယ်။ ၂ လပိုင်း ၂၉ ရက်နေ့က ရာသီလာခဲ့ပြီး ၄ လပိုင်း ၂၅ ရက်နေ့မှာမှ ရာသီပြန်လာပါတယ်။ ဗိုက်တွေအရမ်းနာလို့ ဆေးဆိုင်ကပေးတဲ့ အကိုက်အခဲပျောက်ဆေးသောက်ရပါတယ်။ ဆေးတွေအားလုံးလိုလို့ လိုရေးထားတော့ အသေချာမသိပါဘူး။ ရာသီလာတာက ပုံမှန် ၆-၇ ရက်လာလေ့ရှိပေမယ့် ဒီတစ်ကြိမ် ၃ ရက်လာပြီး ပြီးသွားပါတယ်။ ၂ ရက်ကြာတဲ့နောက် ညိုပုတ်ပုတ် မဲညစ်ညစ်တွေ နည်းနည်းလာတော့ ဆေးရုံကိုသွားပြပါတယ်။ သားအိမ်က ကိုယ်ဝန် ၇ ပတ်အရွယ်လောက်ကြီးနေပြီး ခုလာတာတွေက ရာသီမဟုတ်ဘူးလို့ ပြောပါတယ်။ သွေးလည်းစစ်ပါတယ်။ duphaston 10 mg ကို မနက်တစ်လုံး ညတစ်လုံးနဲ့ ငါးရက်စာပေးပြီး သောက်ခိုင်းပါတယ်။ ၅ ရက်မြောက်နေ့မှာ Multivitamin & Minerals 600mgကို တနေ့နှစ်လုံး သောက်ဖို့ပေးပြီး တလနေရင် သွေးအားနည်းရောဂါရှိမရှိစစ်ဖို့နဲ့ အိမ်မှာ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ဖို့ပြောပါတယ်။ ပြီးတော့ ကြာလာရင် ကလေးရဖို့ ခက်ခဲတယ်လို့လည်းပြောပါတယ်။ ဆေးစစ်ချက် ဆေးစာရွက် ဘာတခုမှမပေးပါဘူး။ ဆရာဝန်ပြောတဲ့ ရောဂါအခေါ်အပြောတွေကို အားလုံးလည်းနားမလည်တော့ ကိုယ်ဘာဖြစ်နေတယ်ဆိုတာ မသိနိုင်တဲ့အတွက် ဆရာ့ကို အားကိုးတကြီးမေးပါရစေ။ ကိုယ်ဝန်မရှိဘူးလည်းပြောတယ်။ ရာသီလာတာ မဟုတ်ဘူးလည်းပြောတယ်။ အဲဒီတော့ ကျွန်မမှာ ကင်ဆာတွေ ဘာတွေဖြစ်နိုင်ပါလား။ ပြီးတော့ သားအိမ်ကရော ဘာလို့ ကြီးလာတာပါလဲ။ သူတို့ ဘာရောဂါကို ကုသနေကြတာလဲဆိုတာ သိချင်လို့ပါ။

Duphaston tablets 10mg က ပရိုဂျက်စတီရုန်းဟော်မုန်းဆေးဖြစ်တယ်။ ရာသီမလာသူ၊ ရာသီလာလို့ အလွန်နာသူ၊ ရာသီမလာခင်ခံစားရတာများသူ၊ ပုံမှန်မဟုတ်သွေးဆင်းသူတွေကို ပေးတယ်။ endometriosis သားအိမ်ရောဂါ၊ ကလေး မရနိုင်သေးသူ၊ ကိုယ်ဝန်ပျက်သူ၊ သွေးဆုံးလို့ ဟော်မုန်း အစားထိုးပေးရသူတွေကိုလည်း ပေးတယ်။ သားအိမ်အရွယ် ကြီးနေတာက မျိုထွက်ဆေးကြောင့်လာ စဉ်းစားရတယ်။ မျိုးဥဟာ အများစုက လလယ်ရက်မှာ ထွက်လို့ အဲဒီရက်တွေမှာ အတူနေသင့်တယ်။ ဒါပေမယ့် အဲဒီရက်မှာသာနေပါလို့ပြောတာမဟုတ်။ မနေပဲ မနေပါနဲ့လို့ ပြောတာဖြစ်တယ်။ သားအိမ်ကင်ဆာကို Pap smear test နည်းနဲ့သာသိမယ်။

Utrogestan ဆေးရော Susten ဆေးဟာ ပရိုဂျက်စတီရုန်းဆေးတွေဖြစ်တယ်။ အမျိုးသမီးဟော်မုန်း တမျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ခေါ်နိုင်တယ်။ မရှိလို့မဖြစ်ပါ။ နည်းရင် များရင် မကောင်းပါ။ (IVF) လို့ ကိုယ်ဝန် အောင်မြင်စေအောင် အထောက်အကူပေးနည်းတွေမှာသုံးတယ်။ တနေ့ ၁ ခါ တင်ပါးမှာထိုးတယ်။ အဆီနဲ့ လုပ်ထားတယ်။ အပ်ရှည်သုံးတာကောင်းတယ်။ ရာသီမလာသူတွေကို Progesterone 5-10 mg ကို ၆-၈ ရက်ဆက် ထိုးပေးတယ်။ မျိုးဥအိမ်ကဆေးကို တုန့်ပြန်မှု ရှိသူတွေမှာ ဆေးထိုးပြီး ၂-၃ ရက်နေရင် သွေးဆင်းမယ်။ နောက်လတွေမှာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။

(က) ကိုယ်ဝန်မဆောင်မီသုံးခြင်း
လလယ်ရက်မှာ မျိုးဥထွက်ပြီးတာနဲ့ ပရိုဂျက်စတီရုန်းထွက်လာရမယ်။ မျိုးဥအိမ်ကနေ သဘာဝအတိုင်း ထုတ်ပေးနေတဲ့ ဟော်မုန်း နည်းနေရင်။ ဒါမှမဟုတ် လုံးဝထုတ်မပေးရင်လဲ ပရိုဂျက်စတီရုန်းကိုပေးရတယ်။ သူရှိမှသာ သားအိမ် အတွင်းဆုံးလွှာက ကောင်းမယ်။

ပရိုဂျက်စတီရုန်းအမျိုးမျိုး
၁။ Vaginal gel ဗဂျိုင်းနားထည့်ရတဲ့ ဂျဲလ်ကို တနေ့ ၁ ခါထည့်ရတယ်။ မျိုးဥအလှူခံတဲ့နည်းကိုယ်ဝန်နဲ့ အေးခဲထားတဲ့ သန္ခေကို ပြောင်းပို့တာမျိုးအတွက် ကိုယ်ဝန် ၁၂ ပါတ်အထိ ထည့်စေတယ်။

၂။ Vaginal suppositories ဗဂျိုင်းနားထဲထည့်ဆေး
တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၃။ Vaginal inserts ဗဂျိုင်းနားထဲထည့်ဆေး
အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေကိုသုံးတာများတယ်။ တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၎။ Progesterone oral capsules သောက်ဆေး
FDA ကတော့ အသိအမှတ်မပြုပါ။ ထည့်ဆေးအဖြစ်သုံးရင် ဘေးထွက်ဆိုးကျိုးနည်းတယ်။ စားဆေးတောင့်ကို တနေ့မှာ ဗဂျိုင်းနားထဲကို ၃ ခါထည့်နိုင်တယ်။

၅။ Injections ထိုးဆေး
တနေ့၁ ကြိမ်၊ အသားဆေးထိုးတယ်။ နာတယ်။

ဘေးထွက်ဆိုးကျိုးများ = သွေးဆင်းတာ အမျိုးမျိုး (ကြားရက်ဆင်းတာ၊ အစက်ကလေးသာဆင်းတာ၊ အရင်ကနဲ့ မတူတာ)၊ ကိုယ်အလေးချိန်ပိန်တာ၊ ဝတာ၊ ကိုယ်ရောင်တာ၊ သားအိမ်ဝကအဖြူဆင်းတာ၊ အသားဝါ၊ ရင်သား တင်းနာတာ၊ ဆေးထိုးတဲ့နေရာ နာတာ-ယားတာ၊ ဝက်ခြံထွက်တာ၊ အမွှေးထူတာ၊ စိတ်ကျတာ၊ ကိုယ်ပူတာ၊ အိပ်မပျော်တာ၊ ပျို့တာတွေဖြစ်နိုင်တယ်။

ဘယ်လိုအမျိုးသမီးတွေကို ဒီဆေးမပေးသင့်သလဲ
သွေးပြန်ကြောရောင်သူ၊ အသည်းမကောင်းသူ၊ ရင်သားနဲ့ မျိုးပွါးလမ်း ကင်ဆာရှိသူ၊ မွေးလမ်းကြောင်းကနေ အကြောင်းမှန် မသိရဘဲ သွေးဆင်းနေသူ၊ ကိုယ်ဝန်ပျက်သူ။

အမျိုးသမီးရဲ့ မျိုးဥအိမ်က (ဖေါ်လီကယ်) ကနေ မျိုးဥထွက်ပြီးတဲ့ကျန်တာကို (ကောပတ်စ် လူတီယမ်) ခေါ်တယ်။ သူကနေ ပရိုဂျက်စတီရုန်းဟော်မုန်း ၁၂-၁၆ ရက်ကြာ ထုတ်ပေးတယ်။ သားအိမ်ကို သန္ဓေဖြစ်လာရင် လာပြီး တွယ်ကပ်စေဘို့ ပြင်ဆင်ပေးတာဖြစ်တယ်။ မျိုးဥနဲ့ သုက်ပိုးတွေ့ဆုံပေါင်းစပ်မှုဖြစ်ပြီးကြရင်လဲ အဲဒီကနေ ပရိုဂျက်စတီရုန်းဟော်မုန်းကို ကိုယ်ဝန် ၁ဝ ပါတ်အထိ ဆက်ထုတ်ပေးနေအုံးမယ်။

(ခ) ကိုယ်ဝန်ဆောင်ချိန်သုံးခြင်း
ပရိုဂျက်စတီရုန်းကနေ သန္ခေသားဖွံ့ထွားစေဘို့ကူညီတယ်။ သန္ခေသားက သားအိမ်အတွင်းလွှာမှာ လာကပ်ပြီးတာနဲ့ ဆက်ပြီးတည်မြဲနေစေဘို့ လိုအပ်တယ်။ ကိုယ်ဝန် ၈-၁ဝ ပါတ်နောက်မှာ အချင်းဖြစ်လာပြီး ပရိုဂျက်စတီရုန်းထုတ်ပေးဘို့ တာဝန်ယူလာတယ်။ ပရိုဂျက်စတီရုန်းဟာကိုယ်ဝန်အတွက် အလွန်အရေးကြီးပါတယ်။ (ကောပတ်စ် လူတီယမ်) ကနေ လုံလောက်အောင် ထုတ်မပေးနိုင်ရင် ကိုယ်ဝန်မမြဲပါ။ သူကနေ ခုခံမှုစနစ်ကို တားပေးမယ်၊ (ပရိုစတက်ဂလင်ဒင်) နည်းစေမယ်၊ သားအိမ် အချိန်မတန်ဘဲ ညှစ်မှာကို တားထားမယ်။ ကိုယ်ဝန်ရှိ-မရှိစမ်းတဲ့ hCG အချင်းဟော်မုန်းနဲ့အတူ ပရိုဂျက်စတီရုန်းဟော်မုန်းတို့ဟာ ပုံမှန်ကိုယ်ဝန်ဟုတ်-မဟုတ်ကို တိုင်းတာစရာတွေတယ်။

ပရိုဂျက်စတီရုန်းက ၂-၃ ရက်မှာ 1-3 mg/ml တိုးတိုးလာရမယ်။
• ရာသီရက် ၁-၁၄ ရက် = >1 to 1.5ng/ml
• ရာသီရက် ၁၅-၂၈ ရက် = 2-28 mg/ml (5 to 20 mg/mL)
• ကိုယ်ဝန် နုကာစမှာ 10 mg/ml အနည်းဆုံးရှိနေသင့်တယ်။
• ကိုယ်ဝန် ၅-၆ ပါတ်မှာ 12-20 mg/ml ရှိနေသင့်တယ်။
• ကိုယ်ဝန် ပဌမ ၃ လ = 9-47 mg/ml (11.2-90.0 mg/mL)
• ကိုယ်ဝန် ဒုတိယ ၃ လ = 17-147 mg/ml (25.6-89.4 mg/mL)
• ကိုယ်ဝန် တတိယ ၃ လ = 55-200 mg/ml (49-300 mg/ml)

ပရိုဂျက်စတီရုန်းကို မျိုးဥအိမ်၊ ကျောက်ကပ်အထက်မှာအဖုံးလိုကပ်နေတဲ့ အဒရီနယ်ဂလင်းနဲ့ ဦးနှောက်အောက်နားက အိတ်ကလေးတွေကနေ အလိုလိုထုတ်ပေးနေတာဖြစ်တယ်။ ကိုယ်ဝန် ၈ ပါတ်ကစပြီး အချင်းကနေထုတ်ပေးတယ်။ သူ့ကြောင့်လည်း ဆီးပိုသွားစေတယ်။ စိတ်မကျအောင်လည်းလုပ်ပေးတယ်။ လိင်စိတ်ပိုစေတယ်။ စိုးရိမ်စိတ် နည်းစေတယ်။ Feel good hormone နေလို့ထိုင်လို့ကောင်းစေတဲ့ဟော်မုန်းလို့လည်းခေါ်ကြတယ်။

1. Cervical incompetence သားအိမ်အဝမလုံခြင်း
2. Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ်လည်ပင်းအရှည်
3. Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://doctortintswe.blogspot.com/2014/12/miscarriage-prevention.html
4. Miscarriage ကိုယ်ဝန်ပျက်ခြင်းတမျိုး
5. Progesterone (ပရိုဂျက်စတီရုန်း) http://doctortintswe.blogspot.com/2014/11/progesterone.html
6. Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်း
7. Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး http://doctortintswe.blogspot.com/2014/11/susten-100.html

ဒေါက်တာတင့်ဆွေ
၉-၅-၂ဝ၁၆
၁၆-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး