Contraceptive pills ကိုယ်ဝန်တားဆေး

ဆရာရှင့် ကျွန်မအသက် ၂၆ နှစ်ပါ ။၂၈လုံးနေ့စဉ်သောက်ရတဲ့တားဆေးအကြောင်းသိချင်လို့ပါရှင့်။ အဲ့ဒီ့တားဆေးနောက်ဆုံးအရောင်ပါတဲ့အတန်းသောက်နေပါတယ်။ အဲ့ဒီ့နောက်ဆုံးတန်းသောက်နေတုန်း ရာသီလဲလာနေတဲ့အချိန် အတူနေမိရင်အရေးပေါ်ဆေးထပ်သောက်ဖို့ လိုအုန်းမလား သိချင်လို့ပါ။ နောက်ပြီးအရောင်ပါတဲ့ဆေးသောက်နေတုန်း ရာသီစလာပြီဆိုရင် ဆေးကဒ်အသစ်စသောက်ရတော့မလားဆိုတာ သိချင်လို့ပါရှင့်။ ဖြေကြားပေးပါအုန်းဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေးဟာ လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) ဟော်မုန်းတွေပါတယ်။ တကပ်မှာ ၂၈ လုံးပါတယ်။ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး။ ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ၂၁ လုံးပါအရောင်ဆေး စသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။ နောက်ဆုံးသောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။ သွေးဆင်းတာ နည်းမယ်။ ရက်လည်းတိုမယ်။ သွေးဆင်းရက် မှန်မယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းတယ်။ ဝက်ခြံ၊ အလုံး-အကျိတ်၊ တချို့ကင်ဆာဖြစ်နိုင်ခြေ နည်းနိုင်တယ်။

လစဉ်ထွက်နေကျ မ-မျိုးဥထွက်လာမှာကို တားဆီးပေးမယ်။ သားအိမ်ဝမှာရှိနေတဲ့ အကျိအချွဲကို စေးပျစ်စေလို့ သုက်ပိုး ဝင်လာမှာကို တားပေးတယ်။ ဖို-မ နှစ်ခု မတွေ့စေနိုင်ဘူး။ သားအိမ်အတွင်း နံရံကိုပါးလွှာစေလို့ ဖို-မ မျိုးဥတွေ တွေ့ကြအုံးတော့ လာမတွယ်စေနိုင်ဘူး။ ဆေးကို ရက်သာမက အချိန်လဲတိကျနိုင်လေကောင်းလေဖြစ်တယ်။ နာရီပိုင်းနောက်ကျရင် မကာကွယ်နိုင်တာတော့ မဟုတ်ပါ။ ဟော်မုန်းအတက်အကျဆိုတာ မှန်နေရင် ပိုကောင်းပါတယ်။ စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။

၂၈ လုံးပါတဲ့တားဆေးအမျိုးမျိုး
• Mala-D = (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg) အိန္ဒိယမှာ အသုံးများတယ်။
• Marvelon = Desogestrel 0.15 mg + Ethinyl estradiol 0.03 mg) ယူအက်စ်မှာ အသုံးများတယ်။
• Enovid = (Mestranol 0.15 mg + Norethynodrel 9.58 mg)
• Alesse = (Ethinyl estradiol 0.02 mg + Levonorgestrel 0.1 mg)
• Ortho-Novum = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Modicon = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Microgestin 1/20 = (Ethinyl estradiol 0.02 mg + Norethindrone 1 mg)
• Microgestin 1.5/30 = (Ethinyl estradiol 0.03 mg + Norethindrone 1.4 mg)

တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။ တရက်ဆေးသောက်ဘို့မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။ ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်းတခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။

ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။ ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။ တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။ တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။

ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိနေသူ၊ မျက်စိသွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်း ရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။ ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။ ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။

ဘေးထွက်ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းပဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

ကိုယ်ဝန်တားဘို့ မဟုတ်တာအတွက် အိမ်ထောင်မရှိပေမယ့် ပေးနိုင်တယ်။ ရာသီလမှန်ဘို့လဲသုံးနိုင်တယ်။ ဝက်ခြံပေါက်တာ၊ ရာသီလာချိန်မှာ နာလွန်းတာ၊ စိတ်မူပြောင်းတွေအတွက်လည်း ပေးနိုင်တယ်။ အဲလိုအမျိုးသမီးတွေကတော့ ဆေးကပ် ၃-၄ လသောက်ပြီး နားထားနိုင်တယ်။ လိုရင်ပြန်သောက်ရမယ်။

• Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး http://doctortintswe.blogspot.com/2014/11/contraceptive-pills.html
• Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://doctortintswe.blogspot.com/2014/11/birth-control-risk.html
Pills Q and A (1) တားဆေး အမေး-အဖြေ (၁) http://doctortintswe.blogspot.com/2014/12/pills-q-and-1.html
Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://doctortintswe.blogspot.com/2014/11/contraception-and-fertility.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://doctortintswe.blogspot.com/2014/11/birth-control-pill-types.html
Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး http://doctortintswe.blogspot.com/2014/11/contraceptive-pills.html
Birth Control Risks ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://doctortintswe.blogspot.com/2014/11/birth-control-risk.html
Marvelon (မာဗယ်လွန်) တားဆေး http://doctortintswe.blogspot.com/2014/11/marvelon_24.html
Exluton ကိုယ်ဝန်တား အသေးစား ဆေးပြား http://doctortintswe.blogspot.com/2014/11/birth-control-minipill.html
Marvelon တားဆေးနဲ့မတည့်သူ http://doctortintswe.blogspot.com/2015/04/marvelon.html
Different Methods of Contraception ပဋိသန္ဓေတားနည်းများ http://doctortintswe.blogspot.com/2014/11/birth-control-methouds.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး