Fertility and Weight ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်သေးခြင်း

၁။ မင်္ဂလာပါဆရာ ကျွန်မ အသက် ၃၀ ပြည့်ပြီးပါပြီ။ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ကျတာ တစ်နှစ်နဲ့ ၇ လရှိပါပြီ။ အိမ်ထောင်ကျကျချင်းမှာတော့ ကလေးမယူသေးဘူးဆိုပြီး ရက်ရှောင်တဲ့ နည်းနဲ့ တားပါတယ် တခြားတားဆေးတွေ တစ်ခုမှ မသောက် မထိုး မထည့်ထားပါဘူး။ အခု ကိုယ်ဝန်ရဖို့ ကြိုးစားနေတာ ၃ လရှိပါပြီ။ ရာသီပုံမှန်လာပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်များပါတယ်။ ကျွန်မက ၇၉ ကီလိုရှိပါတယ်။ အလေးချိန်ချဖို့ကြိုးစားသော်ငြား မကျနိုင်ဘဲရှိပါတယ်ရှင့်။ ကိုယ်ဝန်မရနိုင်တာ ဘာအကြောင်းဖြစ်နိုင်တယ်ဆိုတာ ဗဟုသုတသိလိုပါတယ်ရှင့်။ ကိုယ်အလေးချိန်များလို့ထင်မိပါတယ်။ ဒါပေမဲ့ တခြားကိုယ်အလေးချိန်များတဲ့ သူငယ်ချင်းတွေလည်း ကလေးရတော့ စိတ်ထဲသံသယတွေ ၀င်မိပါတယ်ဆရာ။

၂။ မင်္ဂလာပါဆရာ။ သမီးအသက် ၂၅ နှစ်ပါ။ ပေါင်၂၂ဝ၊ အရပ် ၅ ပေ ၆ လက်မပါ။ ၂၂ နှစ်မှာအိမ်ထောင်ကျပါတယ်။ ပထမတနှစ်ကလေးမယူဘူးဆိုပြီး သဘာဝနည်းနဲ့ ရက်ရှောင်ပါတယ်။ ရက်မရှောင်ဖြစ်လို့ ec2 နှစ်ခါသောက်ဖူးပါတယ်။ သမီးကဝပါတယ်။ ၂ဝ၁၅ ၄ လပိုင်းမှာတခါ ၂ဝ၁၆ ခုနှစ် ၅ လပိုင်းမှာ ၁ ခါသားအိမ်ခြစ်ရပါတယ်။ ရာသီ တနှစ်လုံး မရပ်လို့ပါ။ ရာသီရပ်သွားပါပြီ။ သမီးကလေးအရမ်းလိုချင်နေပါတယ်ဆရာ။ folic acid သောက်နေတာ၂ ပတ်တော့ရှိပါပြီ။ သမီးတို့ ၂ ယောက်လုံးစစ်တာကျန်းမာပါတယ်။ ဆရာသမီးကိုကူညီပါဦးရှင်။ ကျေးဇူးတင်ပါတယ်။

၃။ ကျွန်တော်အိမ်ထောင်ကျတာ (၄) နှစ်ရှိပါပြီ။ ကျွန်တော့်မိန်းမက ငယ်ငယ်ထဲက ဝတာပါ။ သူက အဝလွန်နေလို့လား။ ကျွန်တော်တို့အိမ်ထောင်စကျတုန်း သူက အီးဇီးတူးဆိုတဲ့ အရေးပေါ် တားဆေးတွေ ပဲသောက်မိလို့လား။ သူအဲလိုတွေဖြစ်နေပါတယ်။ အဓိက ကတော့ ကျွန်တ်ာတို့ ကလေးမရတာကို သူစိတ်တွေကအဲလိုထင်နေတယ်ဆရာ။ ကျွန်တော်အမျိုးရော သူ့အမျိုးရောမှာ ကလေးမရတဲ့မျိုးရိုး မရှိပါဘူးဆရာ။ အီးဇီးတူးကို သူတနှစ်လောက်တော့ စွဲသောက်တယ်ဆရာ။ ခုဘယ်သူမှာ အပြစ်ရှိနေလဲမသိဘူးဆရာ။ သူကသူ့ ဝတာအပြစ်ရှိတယ်လို့ထင်နေတယ် သူ့ကိုလည်းသနားတယ်။ ကျွန်တ်ာတို့ နှစ်ယောက်တအားကို ကလေးလိုချင်နေလို့ပါဆရာ။

၎။ အဝလွန်ရင် ကလေးမရဘူးလို့ ပြောကြပါတယ်။ သမီးအရပ်က ၅ ပေ ၁ လက်မကို ကိုယ်ကလေးချိန်က ၁၂၈ နဲ့ ၁၃ဝ ကြားမှာ ရှိပါတယ်။ သမီးအနေနဲ့ ကလေးမရမှာ စိုးရိမ်တဲ့ထဲမှာ သမီး ဝတာလဲပါပါတယ်။ အခုတော့ ကျန်းမာရေး အနေနဲ့ တပတ်ကို အနဲ့ဆုံး ၆ နာရီလောက်ကို အားကစားလုပ်ဖြစ်ပါတယ်။ အဝလွန်ပြီး ကလေးမရနိုင်လောက်တဲ့ အထဲမှာ ပါ-မပါ သိချင်ပါတယ်ဆရာ။

ကိုယ်အလေးချိန် များတိုင်းတော့ ကလေးမရတာ မဖြစ်စေပါ။ ဝတဲ့သူတွေမှာ ကလေးမရတာ ပိုများတာတော့ မှန်ပါတယ်။ လူတွေ ဝတယ်၊ မဝဘူးဆိုတာကို BMI (Body Mass Index) နဲ့တိုင်းတာ သတ်မှတ်တယ်။ 18.5 ကနေ 24.9 အထိဆိုရင် ပုံမှန် ဖြစ်တယ်။ 30 ကျော်ရင် ဝတယ်။ 29 ကျော်သူတွေ BMI 1 နည်းတိုင်း ကလေးရဘို့ 4% လျော့နည်းစေတယ်။ သိပ်ဝတယ်လို့ ပြောရမဲ့ BMI 35 ကနေ 40 ရှိသူတွေဟာ 23% ကနေ 43% အထိ ကလေးရဘို့ အခွင့်အလမ်းနည်းတယ်။ ဒီကိန်းဂဏန်းတွေရှိပေမဲ့ လူဝတာနဲ့ ကလေးမရတာဆက်စပ်မှု လက်တွေ့သက်သေမပြနိုင်ပါ။

ဝလွန်းသူများ နှလုံး-သွေးကြောရောဂါ၊ ဆီးချို နဲ့ သွေးတိုး ဒီ ၃ မျိုးအပြင် ကလေးမရတာဆက်စပ်မှု ရှိတယ်လို့ သုတေသနတိုင်းက လက်ခံတယ်။ ငယ်ကတည်းက ဝတဲ့မိန်းကလေးတွေ အပျိုဖြစ်စောတယ်၊ ရာသီထိန်တာ ဖြစ်တတ်တယ်။ ဝတယ်လို့ ဘယ်လို ဆုံးဖြတ်မလဲ။ အရပ်နဲ့ ကိုယ်အလေးချိန် တွက်တာအပြင် ကိုယ်ထုထည်ဆိုတာ နဲ့လဲ တိကျအောင် တွက်သေးတယ်။ သူ့အလေးချိန်ရဲ့ ၃ဝ% က အဆီဖြစ်နေရင် ဝတယ်လို့ သတ်မှတ်တယ်။ ၅ ပေ ၁ လက္မ အမျိုးသမီးဆိုရင် ၁ဝ၅ ပေါင်နည်းတယ်၊ ၁၂၂ သင့်တယ်၊ ၁၄ဝ ပေါင်များတယ်။ အမှန်က ဝရင် အီစထိုဂျင် များနေတယ်။ သူများနေရင် ဘဲလင့်စ်ပျက်တော့ မျိုးဥအိမ်ကနေ မျိုးဥ ထွက်တာကို အဟန့်အတား ဖြစ်စေတာမို့ ကလေးရမှာကို သက်ရောက်စေတယ်။ ကိုယ်ဝန်ရပြီး မွေးတဲ့အခါလဲ သူများထက် ခက်သေးပြန်တယ်။

လူကဝနေလို့ အလေးချိန်ချတာ တခုတည်းနဲ့တော့ ကလေးရမှာ မသေချာသေးပါ။ PCOS ခေါ်တဲ့ ရောဂါပါ ရှိနေ-မနေ ဆေးစစ်ရပါမယ်။ ဒီရောဂါဟာ ကလေးမရတာရဲ့ ပင်မအကြောင်းတွေထဲမှာပါတယ်။ LPD ဆိုတာလဲရှိသေးတယ်။ မျိုးဥထွက်ပြီး နောက်ပိုင်းမှာ ပြဿနာရှိတာကိုခေါ်တယ်။ PCOS ရှိနေသူမှာ ကလေးမရတာ၊ ခေါင်းက ဆံပင်ပါးပြီး၊ တခြားနေရာက အမွှေးထူနေမယ်။ ဗိုက်ခေါက် ထူနေမယ်။ သကြားဓါတ် လျော့စေတဲ့ အင်စူလင်ဟော်မုန်းကို ခံနိုင်နေပြီး၊ လူက အလေးချိန်တိုးနေမယ်။ မျိုးဥအိမ်က မျိုးဥဟာ ရင့်မှည့်ပေမဲ့ အပြင်ထွက်မလာလို့ မျိုးဥအိမ်အိတ် ဖြစ်တတ်တယ်။ အဲလို အိတ်တွေများနေရင် တသက်လုံး ကလေးရတော့မှာ မဟုတ်ပါ။ PCOS ရှိနေသူတွေမှာ သားအိမ်ကင်ဆာလဲ ဖြစ်လာနိုင်တယ်။ ကလေးပိုပျက်တတ်တယ်။

ဝတဲ့သူမှာ အဆီများတယ်။ အဆီကနေ အီစထိုဂျင်ထုတ်တယ်။ ဒီဟော်မုန်းများနေရင် ကိုယ်ဝန်တားဆေး သောက်သလို သဘောဖြစ်လာတယ်။ မျိုးဥထွက်မှာကို တားဆီးတော့တယ်။ ဝတဲ့သူတွေ ကိုယ်ဝန်ရှိရင် PET ကိုယ်ဝန်သွေးဆိပ်တက်တာ အဖြစ်များတယ်။ ဆီးချိုလဲ ပိုဖြစ်တယ်။ လူက ဝနေတိုင်း အဲဒါတွေ ဆက်ဖြစ်တော့မှာပဲတော့ မထင်ပါနဲ့။ လူဝရင် ကလေးမရတာ ၁ဝ% သာ သက်ရောက်တာ တွေ့ရတယ်။ မျိုးဥထွက်ဘို့သာ အရေးကြီးတယ်။ ဒါ့ကြောင့် လူကလဲဝ၊ ကလေးလဲမရ၊ PCOS ကပါ ရှိမနေအောင် ဆေးစစ်ပါ။ ဝိတ်ချပါ။ ရှိရင်ကုသမှုခံယူပါ။

ဆေးစစ်ရင် Day 3 FSH, Day 3 E2, Day 3 LH, Day 3 Prolactin, Day 10 FSH, Day 12-14 E2, Surge Day LH, Day 21 Progesterone, TSH, Free T3, Free Thyroxine (T4), Total Testosterone, Free Testosterone, HEAS နဲ့ Androstenedione တွေ စစ်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး