Warts ကြွက်နို့ မေးခွန်းများ

၁။ အမျိုးသားပါဆရာ။ ကျွဲနို့ များခြေထောက်တွင်ပေါက်နေလို့ပါဆရာ။ ဖြစ်တာကတော့ ၂ နှစ်ကျော်လောက်ရှိပါပြီဆရာ။ အနာပုံကတော့ ခြေထောက်မှာမို့လို့ မပို့တော့ပါဘူးဆရာ။ ကျေးဇူးပါခင်ဗျာ။

ဘလော့မှာ ဖတ်နိုင်။ အသက် မပြောလို့ စာပို့မပေးလိုက်ပါ။ သတ်ပုံလည်း မပြင်လိုက်ပါ။ ကြွက်နို့လို့သာရေးပါတယ်။

၂။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မလက်မှာ ကြွက်နို့ လေးဒေရှိပါတယ်။ အရင်ကသေးသေးလေးဒေပါ။ နှစ်လလောက်အတွင်းကို ကြီးတာမြန်လာလို့ ခွဲစိတ်ဆရာဝန်နဲ့ပြပြီး မီးလေးနဲ့တို့ပြီးဖြတ်ထားပါတယ်ဆရာ။ လေးလလောက်နေတော့ပြန်ဖြစ်လာပြီး ပိုပြီးကြီးလာပါတယ်ဆရာ။ အရင်မခွဲစိတ်ခင်ကထက်နှစ်ဆလောက်ကို ကြီးလာတာပါဆရာ။ အခုပြန်ပြီးခွဲချင်ပါတယ်။ ပြဿနာက မီးလေးနဲ့မတို့ခင် ထုံဆေးထိုးတော့ နာတာကြောက်လို့ပါရှင့်။ လက်ငါးချောင်းရှိရင် လေးချောင်းလောက်မှာ ကြွက်နို့လေးဒေကရှိတော့ တခုကိုထုံဆေးတချက်ထိုးရင်သိပ်နာလို့ပါ။ အဲ့တော့ မနာကျင်ရဘဲနဲ့ ဘယ်လိုပျောက်အောင် လုပ်ရမလဲဆိုတာရယ်၊ ကြွက်နို့ဘာကြောင့် ဖြစ်ရလဲဆိုတာရယ်၊ မကုဘဲထားရင် ဘာဆိုးကျိုးများဖြစ်မလဲဆိုတာရယ် ဖြေပေးပါရှင့်။ ကျေးဇူးတင်လေးစားလျက်ပါဆရာ။

အသက် မသိပါ။ တွေလို့သာရေးရတယ်။ ကြွက်နို့ဆိုတာ ဗိုင်းရပ်စ်ပိုးကနေဖြစ်စေတယ်။ မျိုးပွါးလမ်းမဟုတ်ရင် သိပ်စိုးရိမ်စရာမရှိပါ။ အမျိုးသမီး ၂၆ နှစ်အထိဆိုရင် သားအိမ်ဝကင်ဆာကာကွယ်ဆေးထိုးထားသင့်တယ်။

ဟုတ် အသက် ၂၅ နှစ်၊ အပျို train nurse တယောက်ပါဆရာ။ လူနာဒေကို ထိတွေ့တာကတဆင့်ရော ကူးနိုင်ပါသလားဆရာ။ လက်ချောင်းလေးဒေ လေးချောင်းလောက်မှာဆို အစိစိလေးဒေဖြစ်နေတာဆရာ။ သမီးက လက်ကတဆင့် တခြားမျက်နှာဒေ တခြားအစိတ်အပိုင်းဒေကို ကူးသွားမှာစိုးရိမ်လို့ပါဆရာ။

ထပ်ပြောပါရစေ။ ဒေလို့ မရေးရပါ။ တွေလို့သာရေးရတယ်။ ဒေကို ဒေဝဒတ်၊ ဒေသစွဲ၊ ဒေသိယစကား၊ ဒေသန္တရဗဟုသုတ တို့မှာသုံးတယ်။

ကြွက်နို့ဆိုတာ Human papilloma virus (HPV) ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ ဒီပိုးကလဲ အမျိုးပေါင်း ၁ဝဝ ကျော် ၂ဝဝ ရှိတယ်။ တစ်ကိုယ်လုံးမှာ ကြွက်နို့ပေါက်တတ်ပါတယ်။ ကူးတတ်ပါတယ်။ အထူးသဖြင့် လိင်လမ်းကြောင်း၊ ပါးစပ်၊ ဗဂျိုင်းနား၊ စအိုတွေမှာဖြစ်တဲ့ ကြွက်နို့က ပိုပြီးကူးတတ်တယ်။ ဒါကြောင့် အကာအကွယ်မဲ့ အတူနေတာကို ရှောင်ပါ။ တချို့မှာ အပြင်ကနေမသိနိုင်တဲ့ ကြွက်နို့ရှိနေတတ်ပြီး သူများကိုကူးစက်နိုင်ပါတယ်။

တချို့ကြွက်နို့တွေက အလိုလိုပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပျောက်မှာဘဲဆိုပြီး စောင့်မနေဘဲ ကုဖို့တိုက်တွန်းပါတယ်။ ကုသနည်းကလဲ ကြွက်နို့ပေါက်တဲ့နေရာ မတူရင် မတူပြန်ပါ။ ဆေးမြီးတိုနည်းတွေကို အားမပေးလိုပါ။ အလွယ်ဝယ်ရတဲ့ ဆေးတွေဆိုတာ အာမခံချက်မရှိပါ။ အသားတွေကို စားပစ်မယ့် အက်စစ်ဓာတ် အဆများလွန်းတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ လိင်လမ်းကြောင်းမှာ ပေါက်တာမျိုးဆိုရင် ပိုဆိုးသွားပါလိမ့်မယ်။

အရေပြားအထူကုဆရာဝန်တွေက အကောင်းဆုံးကုသပေးနိုင်ပါတယ်။ မြင်တာနဲ့ ရောဂါကိုသိတယ်။ လိုအပ်ရင် Biopsy အသားစဖြတ်ပြီး စစ်ဆေးမယ်။ လိင်လမ်းကြောင်းမှာမဟုတ်ရင် ဘာမှ စိုးရိမ်စရာမလိုပါ။

1. Cantharidin ဆေးလိမ်းပေးနည်း။ အပူဖူးလေးထွက်မယ်။ တပါတ်နေရင် သေသွားတဲ့ကြွက်နို့ကို ခြစ်ထုတ်ပြစ်မယ်။ ဒီဆေးလိမ်းကာစ ဘယ်လိုမှ မခံစားရပေမယ့် ၃-၄ နာရီ ကြာလာရင် နာလာပါမယ်။ ဆေးလိမ်း ပြီးရင် တရက်ကြာ ပတ်တီးစည်းပေးထားတာ ပိုကောင်းပါတယ်။ Cantharidin နဲ့ ရောထားတဲ့ ဆေးမျိုး ဆိုရင် ၂ နာရီကြာရင် ပတ်တီး ဖြည်ပေးရပါမယ်။

2. Liquid nitrogen ဆိုတာ ကြွက်နို့ကို အေးခဲသွားစေတဲ့ ဆေးကုနည်း Cryotherapy ဖြစ်ပါတယ်။ ၂ ကြိမ်ကနေ ၄ ကြိမ် ရက်ခြားပြီး လုပ်ပေးရပါတယ်။ ၁ ပါတ်ကနေ ၃ ပါတ်ပဲ ကြာမှာပါ။

3. Electrosurgery and curettage လျှပ်စစ်နည်း။ ခြေထောက်မှာဖြစ်တာကို သုံးလေ့ရှိတယ်။ ပြီးတဲ့နောက် ခြစ်ပြစ်ပေးမယ်။

4. Excision ခွဲစိတ်ဓါးနဲ့ ခွဲထုတ်နည်း။

5. Laser လေဆာနည်းနဲ့ Chemical peels ဓါတုအခွံခွါနည်းတွေကို ခက်ခဲတဲ့ကြွက်နို့တွေအတွက် သုံးနိုင်တယ်။

6. Salicylic acid အပြင်းစား + Tretinoin + Glycolic acid တွေသုံးတယ်။ ခြေ-လက်တွေမှာ ပေါက်တာမျိုးကို လိမ်းပေးရင်ရပါတယ်။ နေ့တိုင်း ရက်ကြာကြာ လိမ်းရပါမယ်။ ရေချိုးပြီးနောက် အရေပြားက ခပ်စိုစိုလေး ရှိနေတုံး ဆေးလိမ်းတာ ပိုထိရောက်ပါတယ်။ နောက်ထပ် ရေတခါ မချိုးခင် ကျောက်တုံးကြမ်းလေးနဲ့ ပွတ်တိုက်ပြီး သေနေတဲ့ အရေပြားလွှာကို ရှင်းထုတ် ပစ်ရပါဦးမယ်။

7. Bleomycin ဆေးထိုးနည်း။ ကင်ဆာကိုကုတဲ့ဆေးဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတော့ရှိမယ်။ ဥပမာ ခြေသည်း လက်သည်း ပျက်စီးနိုင်တယ်။

8. Immunotherapy ခုခံအားဆေးနည်း။ Diphencyprone (DCP) ဆေးသုံးတယ်။ Interferon အင်တာဖရွန် ထိုးဆေးလဲ သုံးတယ်။

အလားအလာ
ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ မသေပါ။ ပြန်ဖြစ်နိုင်တယ်။ တနေရာမှာ အသစ်ပေါ်မယ်။ ကြွက်နို့ကို တနည်းနဲ့ မရရင် နောက်တနည်းသုံးပြီး ကုရတတ်ပါတယ်။ အပြီးတိုင်ပျောက်သွားတာရှိသလို ပြန်လဲဖြစ်တတ်တယ်။ လိင်လမ်းကြွက်နို့က ပိုပြီးပြန်ဖြစ်တတ်ပါတယ်။ သပ်သပ်ရေးထားပါတယ်။

1. Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/cervarix.html
2. Condyloma acuminate လိင်လမ်းကြွက်နို့ ကုသနည်းများ http://doctortintswe.blogspot.com/2016/11/condyloma-acuminate.html
3. Gardasil vaccine သားအိမ်အဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/gardasil-vaccine.html
4. Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့ http://doctortintswe.blogspot.com/2014/11/genital-warts-in-women.html
5. Genital warts လိင်လမ်းကြွက်နို့ https://doctortintswe.blogspot.com/2017/05/genital-warts.html
6. HPV vaccine and Marriage သားအိမ်ကင်ဆာ ကာကွယ်ဆေးနှင့် လက်ထပ်ခြင်း http://doctortintswe.blogspot.com/2014/12/hpv-vaccine-and-marriage.html
7. HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေး https://doctortintswe.blogspot.com/2014/10/hpv-vaccine-for-ca-cx.html
8. Plantar Warts Treatment ခြေဖဝါး အသားမာ ကုသနည်း http://doctortintswe.blogspot.com/2014/11/plantar-warts-treatment_22.html
9. Warts ကြွက်နို့ မေးခွန်းများ http://doctortintswe.blogspot.com/2014/11/warts.html
10. Warts ကြွက်နို့နှင့် အိမ်ထောင်ရေး https://doctortintswe.blogspot.com/2017/11/warts.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး